February 13, 2012
ပီတာအောင်
မြန်မာ့ပညာ ရေးနဲ့ကျန်းမာရေး ပိုမို တိုးတက်ကောင်းမွန်ဖို့ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ပညာရှင်တွေက နိုင်ငံတကာ ညီလာခံတခု နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
ပညာရေးနဲ့ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒီဆွေးနွေးပွဲကို နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း စင်တာ (MICC) မှာ ဖေဖော်ဝါရီ ၁၃ ရက် ကနေ ၁၅ ရက်ထိ ၃ ရက်ကြာ ကျင်းပနေတာပါ။
ဆွေးနွေး ပွဲကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ကျန်းမာရေးဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာ နိုင်ငံအခြေစိုက် ကုလသမဂ္ဂရုံးခွဲတို့ ပူးပေါင်း စီစဉ်တာဖြစ်ပြီး ဥရောပသမဂ္ဂ (အီးယူ) တို့က ပံ့ပိုး ကူညီတယ်လို့သိရပါတယ်။
ဒါဟာ မြန်မာနိုင်ငံပညာရေးနဲ့ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။
“ကုလသမဂ္ဂအ နေနဲ့ရော ကုလသမဂ္ဂနဲ့ တွဲလုပ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ရော တပြေးညီ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ အပြောင်းအလဲတွေမှာ တပြေးညီ ပူးပေါင်း လုပ်သွားနိုင်ဖို့ပေါ့။ မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍ အခြေအနေတွေကို အစည်းအဝေးထဲမှာ သေချာပြန်ပြီး သုံးသပ်ဆွေးနွေးပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ဘယ်လိုဆက်ပြီး ပြုပြင် ဆောင်ရွက်သွားမယ်ဆိုတာ ဆွေးနွေးရင်းနဲ့ အဖြေရှာသွားကြဖို့ပါပဲ။”
ညီလာခံဖွင့် ပွဲမှာ မြန်မာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယားနဲ့ ဥရောပသမဂ္ဂ (အီးယူ) ဖွံ့ဖြိုးရေး ကော်မရှင်အကြီးအကဲ မစ္စတာ အန်ဒရစ် ပီရာဘဂ် စသူတို့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ညီလာခံ ပထမနေ့မှာ စီးပွာရေးနဲ့ လူ့အရင်းအမြစ်ဖွံ့ဖြိုးမှု မြှင့်တင်ရေးတွေအတွက် အဓိက မူဝါဒ အပြောင်းအလဲတွေနဲ့ အဖွဲ့အစည်းဆိုင် ရာ အပြောင်းအလဲတွေကို ဆွေးနွေးနေပါတယ်။ ဒုတိယနေ့မှာတော့ ပညာရေးမူဝါဒတွေ ဆွေးနွေးဖို့ရှိပြီး နောက်ဆုံးနေ့မှာ ကျန်းမာရေးဆိုင်ရာ မူဝါဒကိစ္စတွေ ဦးစားပေး ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒီဆွေးနွေး ပွဲမှာ စီးပွားရေးနိုဘယ်လ်ဆုရှင် ပါမောက္ခ ဂျိုးဇက်စတစ်လစ်၊ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးတဲ့ ကိုလံဘီယာတက္ကသိုလ် ပါမော က္ခ ရော်နယ်လ် ဖင်းဒလေး၊ မြန်မာစီးပွားရေးပညာရှင် ဦးလှမြင့် စသူတို့ အပါအဝင် ပြည်တွင်းပြည်ပက ပညာရှင်ပေါင်း ၄၀ လောက် နိုင်ငံတကာ အတွေ့အကြုံတွေကို ဆွေနွေး ဖလှယ်ကြမှာ ဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Tuesday, February 14, 2012
ပညာရေးနှင့် ကျန်းမာရေး မူဝါဒဆိုင်ရာ နိုင်ငံတကာညီလာခံ ကျင်းပ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment