Wednesday, December 17, 2008

ဗိုလ်ချုပ်များ ရာထူးတက်ပြန်ပြီ

Tuesday, 16 December 2008

မြန်မာစစ်အစိုးရ စစ်တပ်၏ အဆင့်မြင့် အရာရှိများအတွင်း ရာထူးတိုးမြှင့်ပေးခြင်းများ ပြုလုပ်နေမှုသည် လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေးအရ ပြင်ဆင်မှု ပြုလုပ်နေခြင်းဖြစ်ကြောင်း လေ့လာသူ များက ပြောသည်။

ပြည်တွင်းပြည်ပ အခြေစိုက် စစ်ရေးလေ့လာသူများက ယင်းသို့ ဒုဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးမြှင့်လိုက်သူ အနည်းဆုံးဗိုလ်ချုပ် ၃ ဦး ရှိသည်ဟု ဆိုသည်။

ယခင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ရှိန်ကို အသစ်ဖွဲ့စည်းထားသည့် ဌာနဖြစ်သော တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ) ရာထူးအသစ်သို့ တိုးမြှင့်ပေးအပ်လိုက်သည် ဟု စစ်ရေးလေ့လာသူများက ပြောသည်။

ထို့အပြင် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဗိုလ်ချုပ်ခင်ဇော်၊ အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဗိုလ်ချုပ်သာအေးနှင့် စစ်ရေးချုပ် ဗိုလ်ချုပ်သူရမြင့်အောင်တို့ကို ဒု ဗိုလ်ချုပ်ကြီး များအဆင့်သို့ ရာထူးတိုးမြှင့် ပေးအပ်လိုက်ကြောင်းလည်း သိရသည်။

“သူတို့ တပ်တွေမှာ ရာထူးတွေ ခန့်အပ်တယ်ဆိုတာက ထိုက်တန်လျှော်ညီတဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုတာ ရှိထားပြီးသား၊ အခုက ဒုဗိုလ်ချုပ်ကြီးတွေ ခန့်တာ များလာပြီဆိုတော့ ဌာနတွေကို တိုးချဲ့ပေးထားတဲ့ သဘောမျိုးရှိလို့ ဒီလို ခန့်တာလို့ ကျနော်ထင်တယ်၊ ဖွဲ့စည်းပုံတွေ တိုးချဲ့လာတဲ့ သဘောပေါ့”ဟု ပြည်ပ အခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်ကလည်း ပြောသည်။

အဆိုပါ ကစထမှူး ဌာနမှာ ၅ ခုရှိပြီး ၄ ခုသည် ၂၀၀၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ကစထမှူး များ၏ လုပ်ငန်းတာဝန်သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးများနှင့် သက်ဆိုင်သည်များကို ကြီးကြပ်ရန်ဖြစ်ကြောင်း သိရသည်။

လေ့လာသူများကမူ ထိုသို့ ကစထမှူးများ ထားရှိခြင်းသည် စစ်တပ်အတွင်း ရှုပ်ထွေးဖွယ်ရာ ဖြစ်ကြောင်း သုံး သပ်ကြသည်။

အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ရန်ကုန်တိုင်းနေရာကို ၂၀၀၆ ခုနှစ်မှ စတင်၍ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ၏ လူယုံဟုဆိုသော ယခင် ရန်ကုန်တိုင်း တိုင်းမှူး ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေက ကွပ်ကဲနေ ကြောင်း သတင်းများအရ သိရသည်။

တချိန်တည်းတွင်ပင် ဒီဇင်ဘာ ၁၂ ရက်နေ့က မေမြို့ စစ်တက္ကသိုလ် အမှတ်စဉ် (၅၁) ဗိုလ်လောင်းသင်တန်း ဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ဗိုလ်လောင်းများအနေနှင့် စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်များကို လေ့လာဆည်းပူးကြရန် ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြား သည်။

“နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားမယ့် မူဝါဒ လမ်းစဉ် (၇) ရပ်ရဲ့ စတုတ္ထအဆင့်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ၂၀၀၈ ခုနှစ် မေလမှာ ပြည်သူလူထု တရပ်လုံးက တခဲနက် ထောက်ခံ အတည်ပြုပေးခဲ့ပြီး ဖြစ် တယ်၊ ဆက်လက်ပြီး ပဉ္စမအဆင့်ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကိုလည်း ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပပေးပြီး နိုင်ငံတော် အာဏာလွှဲပြောင်းရေးကို ဆက်လက် ဆောင်ရွက်နိုင်တော့မှာ ဖြစ် ကြောင်း ပြောကြားလိုတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဆိုထားသည်ကို ဒီဇင်ဘာ ၁၃ ရက် နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၈၈ ခုနှစ်က အာဏာသိမ်း စစ်အစိုးရအဖွဲ့ဖြစ်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) တွင် စတင်ပါဝင်ခဲ့သူ ဖြစ်ပြီး ၁၉၉၇ ခုနှစ်၌ န၀တကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ် ပြောင်းလဲ၍ နိုင်ငံ့အာဏာကို ဆက် လက် ချုပ်ကိုင်ထားသူ ဖြစ်သည်။


ကိုစိုး
REF: ဧရာဝတီ

0 comments:

အပေါ်သို့