အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် ဖွဲ့စည်းပုံ စည်းမျဉ်းမရှိဘဲ ၄၁ နှစ်ကြာ ရပ်တည်ခဲ့ သည်။ ယခုအခါ အာဆီယံ၏ ရည်မှန်းချက်များ၊ စည်းမျဉ်းများ ပါဝင်သည့် ဖွဲ့စည်းပုံ ပဋိညာဉ်စာတမ်း (အာဆီယံချာတာ) ကို ပထမဆုံးအကြိမ် သဘောတူ ပြဌာန်းလိုက်သည်။
လက်ရှိကျင်းပနေသည့် အာဆီယံနိုင်ငံများ၏ ၀န်ကြီးအဆင့်ဆွေးနွေးပွဲကာလတွင် ထုတ်ပြန်လိုက်သည့် အဆိုပါ ပဋိညာဉ်စာတမ်းတွင် ဒေသတွင်း လွတ်လပ်သည့်ကုန်သွယ်မှုဇုန်တည်ထောင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နျူကလီးယားလက်နက် ကင်းစင်ရေး စသည့်အချက်များလည်း ပါဝင်သည်။
ဤဖွဲ့စည်းပုံ ပဋိညာဉ်စာတမ်းကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်အဟုန်မြင့် အားသွန် ခွန်စိုက် လုပ်ကိုင်နိုင်မည်ဟု အင်ဒိုနီးရှား သမ္မတ ဆူစီလိုဘန်ဘန်း ယူဒိုယိုနိုက အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။
“အင်အားလျော့ရဲသည့် အာဆီယံအဖွဲ့မှ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု နယ်ပယ်များတွင် ပူးပေါင်း ဆောင် ရွက်မည့် အာဆီယံအဖွဲ့ကြီးအဖြစ် အသွင်ပြောင်းလဲရေးအတွက် အသုံးပြုနိုင်မည့် ပဋိညာဉ်စာတမ်းဖြစ်သည်” ဟု ၎င်းကဆိုသည်။
မြန်မာစစ်အစိုးရကလည်း ဤပဋိညာဉ်စာတမ်းကို ကြိုက်နှစ်သက်ကြောင်း ၀မ်းသာအားရ ပြောခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်က အေပီသတင်းဌာနနှင့် ဆက်သွယ်မေးမြန်းခန်းတခုတွင် စစ်အစိုးရ၏ အဆင့်မြင့် သံအရာရှိ တဦးဖြစ်သူ ဦးအောင်ဘွားက “အင်မတန်ကောင်းမွန်တဲ့ ပဋိညာဉ်စာတမ်းတခု ကျနော်တို့မှာ ရှိနေပြီ။ ကျနော် ထင်ပါတယ်၊ အားလုံး ကျေနပ်အားရကြပါလိမ့်မယ်။ အင်မတန်ကို မျှမျှတတ ရေးထားတဲ့ ပဋိညာဉ်စာတမ်း တခုဖြစ်ပါတယ်”ဟု ဆိုသည်။
လူဦးရေ သန်း ၅၀၀ နေထိုင်သော အာဆီယံဒေသကြီးအတွက် ပဋိညာဉ်စာတမ်းရေးဆွဲသူများမှာ အစိုးရများ ဖြစ်သည်။ အာဆီယံနိုင်ငံအစိုးရများ ရေးဆွဲလိုက်သော ပြဌာန်းချက်များကို အာဆီယံအစိုးရခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက လှိုက်လှိုက်လှဲလှဲ ထောက်ခံနေကြသည်။ သို့သော်လည်း ပညာရှင်များ၊ အကဲခတ် သမားများ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များက အဆိုပါ ပဋိညာဉ်စာတမ်းကို စက္ကူစုတ်သာသာ မြင်နေကြ သည်။
ပြီးခဲ့သည့်နှစ်က အဆိုပါပဋိညာဉ်စာတမ်းကို ရေးဆွဲနေကြစဉ် စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှရေးရာ တက္ကသိုလ်မှ သုတေသနပညာရှင် ဒေါက်တာတင်မောင်မောင်သန်းက “အထိအခိုက်မခံသော ကိစ္စရပ်များ နှင့် ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရများက လိုသလိုအဓိပ္ပာယ်ဖွင့်နိုင်မည့်ေ၀၀ါးပြီး ယေဘုယျကျသော အချက်အလက်များလည်း ပါဝင်ကောင်းပါဝင်နိုင်ပါသည်” ဟု ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။
“အာဏာရှင်နိုင်ငံများဖြစ်ကြသည့် CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်) နိုင်ငံများက ၎င်းတို့ အစိုးရများ၏ လုံခြုံရေးကို ထိခိုက်စေနိုင်သောကိစ္စများနှင့် ရေရှည်အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင် သည့် ကိစ္စရပ်များကို လက်ခံနိုင်ရန် ခဲယဉ်းပါလိမ့်မည်။”ဟု ဧရာဝတီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် “အာဆီယံ ချာတာ သို့မဟုတ် စီးပွားဖက်များ ပေါင်းစည်းမိကြခြင်းလော၊ သေဖော်ညှိခြင်းလော” သုံးသပ်ချက်ဆောင်းပါး တွင် ဒေါက်တာတင်မောင်မောင်သန်းက ထည့်သွင်းရေးသားခဲ့သည်။
အခြားပညာရှင်များကလည်း အဆိုပါ ပဋိညာဉ်စာတမ်းကို ‘ကိုက်စရာသွားမပါတဲ့ခွေးတကောင်’၊ ‘လိုအပ်ချက် များ ပါဝင်ခြင်းမရှိသည့် သဘောတူညီချက်’ စသဖြင့် မှတ်ချက်ပြုခဲ့ကြသည်။
အာဆီယံအဖွဲ့ကြီးကို ကွန်မြူနစ်ဆန့်ကျင်ရေး ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့စစ်အေးကာလအတွင်း တည်ထောင်ခဲ့ သည်။ ၁၉၆၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း စသည့် ငါးနိုင်ငံဖြင့် အစပြုခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားတို့ဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။
မကြာသေးမီက အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံတွင် လူမှုရေး၊ နိုင်ငံရေး၊ စာနယ်ဇင်း လုပ်ငန်း လုပ်ကိုင်သူ ၂၀၀ ကျော်ကို အကျဉ်းချခဲ့သည်။ အချို့မှာ ထောင်ဒဏ် ၆၅ နှစ်အထိ ချမှတ်ခြင်းခံရသည်။ အခြားသော လူ့အခွင့် အရေးချိုးဖောက်မှု၊ အနိုင်ကျင့်မှုမျိုးစုံလည်း အဆက်မပြတ် ဖြစ်ပွားနေသည်။
မြန်မာနိုင်ငံကဲ့သို့ အာဏာရှင်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ၏ ဖွဲ့စည်းပုံပဋိညာဉ်စာတမ်းတွင် ဒေသတွင်း လူ့အခွင့်အရေးအခြေအနေများကို မြှင့်တင်ပေးမည်ဟု ထည့်သွင်းရေးဆွဲထားသည်။
သံတမန်ဟောင်း ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်သူ သခင်ချန်ထွန်းကမူ “(အာဆီယံ ပဋိညာဉ်စာတမ်းထဲ မှာ) စည်းကမ်းဖောက်ဖျက်ရင် ဘယ်လိုအရေးယူမယ်ဆိုတာ ဘာမှမပါဘူး။ ဒီတော့ အာဏာရှင်နိုင်ငံတွေက တော့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်သွားမှာပဲလို့ ဒီလိုပဲ မြင်ပါတယ်” ဟု ဧရာဝတီသို့ ရှင်းပြခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းမပြုရေးမူကို စွဲကိုင်ထားသော အာဆီယံ၏ ပဋိညာဉ်စာတမ်းမှာ လူကြိုက်နည်းလှသည်။ အာဆီယံ၏ ဤခြေလှမ်းသစ်တွင် ၂၀၁၅ ခုနှစ် လွတ်လပ်သည့် ကုန်သွယ်မှုဇုန်တည်ထောင်ရေးဟူသည့် အချက်လည်းပါဝင်သည်။
“ကျနော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို လုပ်လို့မရဘူး” ဟု ထိုင်းနိုင်ငံ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ အထွေထွေအတွင်း ရေးမှူး ဆုမ်ချိုင်းဟုမ်လာက ဧရာဝတီသို့ ပြောပြသည်။ “ဒါပေမယ့် အနာဂတ်ကာလ အာဆီယံနိုင်ငံတွေမှာ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ ဘယ်လောက်အားရှိမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အားကောင်း မယ် ဆိုရင်တော့ ပဋိညာဉ်စာတမ်းချိုးဖောက်သူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူဖို့ အစိုးရတွေကို တိုက်တွန်း နိုင်မှာဖြစ်ပါတယ်” ဟု ဆိုသည်။
ဇာနည်ဝင်း
REF: ဧရာဝတီ
0 comments:
Post a Comment