မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် အရက်စက်အကြမ်းကြုတ်ဆုံး စစ်အစိုးရတခုက အုပ်ချုပ်ထားသည်။ ၎င်းအစိုးရ သည် ဒီမိုကရေစီ ကို ချိုးနှိမ်ထားရုံသာမကဘဲ ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာရေး အကျပ်အတည်းကို ဖန်တီးပေါ်ပေါက်စေသည့် ပြစ်မှုပါ ကျူးလွန်ထားသည်။ ဤဖြစ်ရပ်ကိုတုံ့ပြန်ရာ၌ အိုင်စီဂျီသည် မူလ နောက်ခံဇာတ်ကြောင်းကို မေ့လျော့သွေဖီသွားခဲ့လေသည်။
ယခုနှစ်အစောပိုင်းက နာဂစ်ဆိုင်ကလုံးမုန်တိုင်း မြန်မာပြည်ကို တိုက်ခတ်ခဲ့သည်။ သဘာဝကပ်ဘေးကို တုံ့ပြန်ရာတွင် အခြား မည်သည့်အစိုးရနှင့်မှမတူဘဲ မြန်မာစစ်အုပ်စုသည် နိုင်ငံတကာမှ ကူညီရေး ကြိုးပမ်း ချက်များကို အစပထမ၌ ငြင်းပယ်ခဲ့သည်၊ ထို့နောက်တွင် အကန့်အသတ်ဖြင့်ခွင့်ပြုခဲ့ပြီး လမ်းလွှဲအလွဲသုံးစား လုပ်ပစ်ခဲ့သည်။ စစ်အစိုးရသည် အကူအညီများကို ခိုးယူခဲ့သည်။ အကူအညီဖြန့်ဝေပေးရန် ကြိုးစားခဲ့သော မြန်မာပြည်သူများကို ဖမ်းဆီးခဲ့သည်။ တရားဝင်ဖြန့်ဖြူးသည့် အကူအညီ အနည်းအကျဉ်းမှာလည်း ဝါဒဖြန့်ချီ ရေးအတွက်သာဖြစ်ပြီး ဓာတ်ပုံနှင့်ဗွီဒီယိုများ ရိုက်ကူးပြီးပါက ပြန်သိမ်းယူသွားသည်။ စစ်အစိုးရ၏ တမင် တကာ ဥပေက္ခာပြုမှုနောက်ကွယ်တွင် အနည်းဆုံး လူ ၁၄ဝ,ဝဝဝ သေဆုံးပြီး လူနှစ်သန်းခွဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရသည်။
မုန်တိုင်းပြီးသည့်အခါ နောက်ထပ်လူသားချင်းစာနာရေး အကျပ်အတည်းတခု ပေါ်ထွက်လာပြန်ပါသည်။ ယခုတကြိမ်မှာ မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်တွင်ဖြစ်ပြီး သဘာဝအလျောက် နှစ် ၅ဝ တကြိမ် ဝါးသုဉ်း မှုကြောင့် ကြွက်ထရာမှ အငတ်ဘေး ဆိုက်ခြင်းဖြစ်သည်။ ထုံးစံအတိုင်း စစ်အစိုးရသည် မျှော်လင့်တွက်ဆ ထားကြသည့် အငတ်ဘေးအတွက် ဘာတခုမှကြိုတင် ပြင်ဆင်ခြင်းမရှိဘဲ၊ ကူညီကယ်ဆယ်ရေးကြိုးပမ်းချက် များကို အင်တိုက်အားတိုက် ပိတ်ဆို့ဟန့်တားခဲ့သည်။ စစ်အစိုးရတာဝန်ရှိသူများက ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP ကို နေရာလွှဲ ခေါ်ပြခဲ့ပြီး အငတ်ဘေးမရှိကြောင်း ကြေညာစေခဲ့သည်။ ထိုနောက်ပိုင်း တွင် ကုလရိက္ခာအဖွဲ့က မိမိတို့ရပ်တည်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့သော်လည်း အငတ်ဘေးဆိုက် ချင်း ပြည်သူများအား ကူညီပေးရေးကြိုးပမ်းချက်များကို စစ်အစိုးရက ဆက်လက်ဟန့်တားနေသည်။
မြန်မာစစ်တပ်က နိုင်ငံ့အရှေ့ပိုင်းတွင် တိုင်းရင်းသားလူမျိုးများအပေါ် ထိုးစစ်ဆက်လက်ဆင်နွှဲနေရာ နောက် ထပ် လူသားချင်းစာနာရေး ဘေးဒုက္ခများ ပေါ်ပေါက်နေစေသည်။ ၁၉၉၆ ခုနောက်ပိုင်းတွင် ကျေးရွာပေါင်း ၃၂ဝဝ မက ဖျက်ဆီးခံခဲ့ရပြီး လူတသန်း အိုးအိမ်စွန့်ခွာခဲ့ရသည်။ အရပ်သားများကို အနီးကပ် တည့်တည့် ချိန်ပစ်သတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အဓမ္မလုပ်အားပေးခိုင်းခြင်း၊ လူသားမိုင်းရှင်းကရိယာများအဖြစ် အသုံးပြု ခြင်းများ ကျူးလွန်နေသည်။ ကလေးသူငယ်များကို လမ်းပေါ်မှ ဖမ်းဆီးခေါ်သွားပြီး မြန်မာစစ်တပ်ထဲ အတင်း အကြပ်သွတ်သွင်း စစ်မှုထမ်းခိုင်းနေသည်။ ဗမာ့တပ်မတော်မှာ ကမ္ဘာပေါ်တွင် ကလေးစစ်သား အများဆုံး ဖြစ်နေသည်။ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော် အကျဉ်းထောင်များအတွင်း ပင်ပန်းဆင်းရဲစွာ ဒုက္ခခံနေရ ရာ ယခင်နှစ်ကထက် အရေအတွက်နှစ်ဆရှိနေပြီး ကြောက်လန့်တုန်လှုပ်ဖွယ် နှိပ်စက်ညှဉ်းပန်းမှုကို ခံကြရ သည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံခဲ့ရသည်မှာ လည်း ၁၃ နှစ်ပြည့်သွားပြီ ဖြစ်သည်။
နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ကမူ ဤအရာအားလုံး ကျနော်တို့အပြစ်ဖြစ်သည်ဟု ဆိုနေပါသည်။ ယခု အချိန်မတိုင်မီအထိ အများလေးစားခံရပြီး ဂုဏ်သိက္ခာရှိခဲ့သော အိုင်စီဂျီအဖွဲ့ကြီးက ထူးဆန်းအံ့သြဖွယ် အကောင်းဆုံး အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ရာတွင် စစ်အုပ်စုကို မသိမသာဖြင့် သိမ်မွေ့စွာ ကာကွယ် ပေးထားပြီး 'နိုင်ငံရေးတိုက်ပွဲ'ကို အလွန်အကျူး အလေးပေးရကောင်းလားဟု နိုင်ငံတကာအသိုင်းအဝိုင်းကို အပြစ်ဆိုထားပါသည်။ စစ်အစိုးရသည် 'ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည်ဟု ပြောလာသူတိုင်းကို လုံးဝအဟန့်အတားမရှိခွင့်ပြုဖို့ တွန့်ဆုတ်ခြင်း'ကို နားလည်ပေးနိုင်သည်၊ အဘယ့်ကြောင့်ဆိုသော် အနောက် နိုင်ငံများက စစ်အုပ်စုအပေါ် မိမိပြည်သူများကို သတ်ဖြတ်ခြင်းရပ်စဲဖို့ အလွန်အမင်းဖိအားပေး နေခဲ့ခြင်း ကြောင့်ဖြစ်သည်ဟု အိုင်စီဂျီက ဆင်ခြေပေးထားသည်။ အိုင်စီဂျီအဆိုအရ အနောက်တိုင်းမီဒီယာများမှာ လည်း အပြစ်မကင်းဟုဆိုသည်၊ အကြောင်းမူ စစ်အစိုးရတာဝန်ရှိသူများ မြစ်ချောင်းထဲပစ်ချထားသည့် အလောင်းကောင်တို့ဓာတ်ပုံများကို ဖော်ပြပေးသောကြောင့် သနားစရာ ဗိုလ်ချုပ်များ 'အလွန်တရာ နေရ ထိုင်ရခက်' ဖြစ်စေခဲ့သည်ဟုဆို၏။
အကျပ်အတည်း၏ အကြောင်းရင်းခံမှာ နိုင်ငံရေးဖြစ်သည်ဟု အိုင်စီဂျီက စိတ်မပါလက်မပါနှင့် ဝန်ခံထား သော်လည်း ယင်းအကျိုးဆက်အရ ဖြေရှင်းချက်များမှာလည်း နိုင်ငံရေးပင်ဖြစ်သည်ဟူသော အယူအဆကိုမူ အိုင်စီဂျီက ငြင်းဆိုထားပုံရသည်။ အိုင်စီဂျီအစီရင်ခံစာက မြန်မာနိုင်ငံသို့ အကူအညီပိုပေးရေး၊ အရပ်ဖက် လူထုအသင်းအဖွဲ့ စီမံချက်များကို ထောက်ခံအားပေးရေးတို့ကိုမူ မှန်ကန်သင့်လျော်စွာ တောင်းဆိုထားပြီး မြန်မာပြည်တွင် လူသားချင်းစာနာရေး မဟာအကျပ်အတည်းကြီး ဆိုက်လုနီးနေပြီဟု သတိပေးထားသည်။ ဤသည်တို့ကို ကျနော် သဘောတူထောက်ခံပါသည်။ ဖြစ်ရပ်များနှင့် ကိန်းဂဏန်းများကလည်း အတိအလင်း ပြဆိုနေပြီဖြစ်ပါသည်။ သို့ရာတွင် အိုင်စီဂျီက ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများသည် အကူအညီ ပေးရေးကို ဆန့်ကျင်နေသည်ဟူသော မုသားစကားကိုဖြန့်ချိဖို့ လုပ်ဆောင်နေသည်။ အမှန်အားဖြင့်ဆိုရလျှင် အကူအညီပိုပေးရေးကို တောင်းဆိုခဲ့ကြသည်မှာ ကမ်ပိန်းအဖွဲ့များပင် ဖြစ်လေသည်။
ဥပမာအားဖြင့် ဗြိတိန်အစိုးရမှ မြန်မာနိုင်ငံသို့ အကူအညီပိုပေးရေးကို ယမန်နှစ်က ဗြိတိန်နိုင်ငံတွင် အောင်မြင်စွာ ဦးဆောင်လုံးပမ်းခဲ့သူများမှာ ဗြိတိန်နိုင်ငံ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ BCUK နှင့် ကမ္ဘာလုံး ဆိုင်ရာ ခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့ CSW တို့ဖြစ်သည်။ ယင်းအဖွဲ့များသည် အရပ်ဖက် လူမှု အသင်းအဖွဲ့များနှင့် ဒီမိုကရေစီအဖွဲ့များကို ရန်ပုံငွေပိုပေးရေး၊ နယ်စပ်ကျော် လူသားချင်းစာနာရေး ကယ် ဆယ်မှု ပိုမိုပြုလုပ်ရေးနှင့် ကုလသမဂ္ဂမှ ပိုမိုထိတွေ့ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြသည်၊ တောင်းဆိုနေကြဆဲဖြစ်သည်။ ယင်းအဖွဲ့များသည် ဗိုလ်ချုပ်ကြီးများကို ကုလသမဂ္ဂ၊ ဒီမိုကရေစီလှုပ်ရှားမှုနှင့် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် အချိန်များစွာအကုန်ခံ တွန်းဆော်ပေးနေခဲ့ကြသည်။ ယင်းအဖွဲ့ များက ဆန့်ကျင်ခဲ့ကြသည်မှာ စစ်အစိုးရအိတ်ထောင်များထဲသို့ ပိုက်ဆံထည့်ပေးရန် အိုင်စီဂျီ၏ တောင်းဆိုမှု ကိုသာဖြစ်သည်။ ဤသို့ ဆန့်ကျင်ရခြင်းမှာ စစ်အုပ်စုသည် ၎င်းတို့၏ စစ်တပ်တိုးချဲ့ရေး၊ လက်နက်များ ပိုမို ဝယ်ယူနိုင်ရေးနှင့် ပြည်သူလူထုကို ပိုမိုသတ်ဖြတ်နိုင်ရေးအတွက် အဆိုပါ ဘဏ္ဍာငွေကို အသုံးချလိမ့်မည် ဟူသည့် ရိုးရိုးစင်းစင်း အကြောင်းတရားကြောင့်သာ ဖြစ်ပါသည်။
ကျနော်တို့ထင်ခဲ့သည်မှာ အိုင်စီဂျီသည် ပဋိပက္ခတားဆီးဖြေရှင်းရေးနှင့် သက်ဆိုင်သည်ဟု ထင်မိခဲ့သည်။ သို့ရာတွင် ယခုမူ ၎င်းတို့သည် စစ်အစိုးရအား ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်ပုံရနေပါသည်။
ဘဲနဒစ်ရောဂျား
(ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့)
ဂါးဒီးယန်းသတင်းစာ အောက်တိုဘာ ၂၇၊ ၂ဝဝ၈ ခုနှစ် ဂါမဏိ ဘာသာပြန်သည်။
REF: နေ့သစ်
0 comments:
Post a Comment