Friday, May 15, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်

ကြာသပတေးနေ့၊ မေလ 14 2009

နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ဖြင့် မြန်မာစစ်အစိုးရက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ တရားစွဲဆိုသည့်အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကန့်ကွက်ကြောင်း ထုတ်ပြန်သည့် ကြေညာချက်ကို တင်ပြလိုက်ပါသည်။

ကြေညာချက်ကို ဦးအုန်းကြိုင် (ဗဟို သုတေသနအဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) က ဖတ်ကြားပြခဲ့ခြင်း ဖြစ်ပါသည်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ကြေညာချက်။ ၈/၀၅/၀၉

ရက်စွဲ - ၁၄၊ မေ၊ ၂ဝဝ၉ ခုနှစ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပါသည်။ ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မူလကနဦး စတင် ကြိုးပမ်းခဲ့သူဖြစ်ပြီး၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာရေးကို အစဉ်တစိုက် ကြိုးပမ်းနေသူ ဖြစ်ပါသည်။ နိုင်ငံရေးအရ အပေးအယူ ပြုလုပ်သည့် ပြုပြင် ပြောင်းလဲနိုင်စွမ်း ရှိသူ ဖြစ်ပါသည်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများ အားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် တွေ့ဆုံဆွေးနွေးရေးမှတဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရန်အတွက် တိုက်တွန်းနှိုးဆော်လျက် ရှိပါသည်။

သို့ပါလျက် အာဏာပိုင်တို့က နေအိမ်အတွင်း ထိန်းသိမ်းထားခြင်းမှ အပြီးအပြတ် လွတ်ရက် စေ့ခါနီးနေသော ဒေါ်အောင်ဆန်းစုကြည်အား မည်သည့် ပြစ်မှုကိုမျှ ကျူးလွန်ရခြင်း မရှိပါဘဲ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ နောက်ဆုံး အင်းစိန် ထောင်အတွင်းရှိ လုံးချင်း အိမ်တအိမ်၌ ထားရှိသည်ဟု ကြားသိရပါသည်။

ယင်းအမှုကို ၂ဝဝ၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ပါသည်။

ထို့ကဲ့သို့ တရားစွဲဆိုခြင်းမှာ မလုပ်သင့်၊ မလုပ်ထိုက်သောကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာလိုက်သည်။

၁၄ ရက်၊ မေလ ၂ဝဝ၉ ခုနှစ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ -

(ဗဟိုအလုပ်အမှုဆောင်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့