Wednesday, May 13, 2009

ကစထ မှူး (၃) နေရာအား အပြောင်းအလဲပြုလုပ်

၂ဝဝ၉ ခုနှစ် မေလ ၁၃ ရက်

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) (၃) ဦးအား နေရာလဲလှယ် ပြောင်းရွှေ့လိုက်ကြောင်း စစ်ဖက် သတင်းများအရ သိရသည်။

လဲလှယ် ပြောင်းရွှေခဲ့သည့် ကစထမှူး နေရာ (၃) နေရာတွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရပ်တည် လှုပ်ရှားနေသည့် ပြည်နယ်၊ တိုင်းများကို ကိုင်တွယ် ကွပ်ကဲရသည့် ကစထ မှူးများ ပါဝင်သည်။ အပစ်ရပ် အဖွဲ့များ၏ လက်နက်ကိုင် တပ်ဖွဲ့များကို အသွင် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာ စစ်အစိုးရက အဆိုပြု ပြောဆိုနေချိန်နှင့် တပြိုင်နက် ကစထ မှူးများကို လဲလှယ် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ယခင် အမှတ် (၄) ကစထမှူး ဒု ဗိုလ်ချုပ်ကြီး သာအေးကို ကချင် အပစ်ရပ် အဖွဲ့များကို ကိုင်တွယ် ကွပ်ကဲရမည့် အမှတ် (၁) ကစထမှူး အဖြစ် ပြောင်းရွှေ့ခဲ့သည်။ ယခင် အမှတ် (၆) ကစထမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ကို ကရင်၊ မွန် အပစ်ရပ် အဖွဲ့များကို ကိုင်တွယ် ကွပ်ကဲရမည့် အမှတ် (၄) ကစထ မှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ယခင် အမှတ် (၁) ကစထ မှူး ဗိုလ်ချုပ် အုန်းမြင့်ကို အမှတ်
(၆) ကစထ မှူး အဖြစ် လဲလှယ် ပြောင်းရွှေ့ခဲ့သည်။

၂ဝဝ၆ ခုနှစ်မှစတင်၍ ကစထမှူး (၄) ဦးအား (၆) ဦးအထိ တိုးချဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၂ဝဝ၁ ခုနှစ် နိုဝင်ဘာလ တွင် “စစ်ဆင်ရေး အထူး အဖွဲ့မှူးများအား ပေးအပ်ထားသည့် စစ်ဆင်ရေး တာဝန်အပြင် ၄င်းတို့အမည် နှင့် ယှဉ်တွဲ ဖေါ်ပြထားသော ဒေသ အသီးသီးတွင် နယ်ဘက် တာဝန်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းများကို အစိုးရအဖွဲ့ ကိုယ်စား လှည့်လည် ကြီးကြပ် ကွပ်ကဲ ဆောင်ရွက်ရန် ဖြစ်သည်” ဟု အမိန့်ကြေငြာစာ အမှတ် ၄၂/၂ဝဝ၁ ဖြင့် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အမှတ် (၁) ကစထမှူး ဒု ဗိုလ်ချုပ်ကြီး သာအေးသည် ကချင်ပြည်နယ်/ စစ်ကိုင်းတိုင်း/ မန္တလေးတိုင်း၊ အမှတ် (၂) ကစထမှူး ဗိုလ်ချုပ် မင်းအောင်လှိုင်သည် ကယားပြည်နယ်/ ရှမ်းပြည်နယ်၊ အမှတ် (၃) ကစထမှူး ဗိုလ်ချုပ် ကိုကိုသည် ဧရာဝတီတိုင်း/ ပဲခူးတိုင်း၊ အမှတ် (၄) ကစထမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်သည် ကရင်ပြည်နယ်/ မွန်ပြည်နယ်/ တနင်္သာရီတိုင်း၊ အမှတ် (၅) ကစထမှူး ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ရန်ကုန်တိုင်း၊ အမှတ် (၆) ကစထမှူး ဗိုလ်ချုပ် အုန်းမြင့်သည် ရခိုင်ပြည်နယ်/ မကွေးတိုင်း/ ချင်းပြည်နယ် တို့ကို ကိုင်တွယ် ကွပ်ကဲမည်ဟု သိရသည်။

ကစထမှူးများသည် နအဖ စစ်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြပြီး အပစ်ရပ် အဖွဲ့များ၏ လက်နက်ကိုင် တပ်များ အသွင် ပြောင်းရေးအတွက် “အသွင်ကူးပြောင်းရေး မူဝါဒ ကော်မတီ” အဖွဲ့ဝင်များ ဖြစ်သည်ဟု သိရသည်။

အပစ်ရပ်အဖွဲ့များ၏ လက်နက်ကိုင်တပ်များ အသွင်ပြောင်းရေးတွင် အသွင် ကူးပြောင်းရေး မူဝါဒ ကော်မတီ၊ အသွင် ကူးပြောင်းရေး လုပ်ငန်းကော်မတီ၊ အသွင် ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်းကော်မတီ အဖြစ် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

အသွင်ကူးပြောင်းရေး မူဝါဒကော်မတီ တွင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဥက္ကဌ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ အဖွဲ့ဝင်များအဖြစ် စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်ပြီး အတွင်းရေးမှူး အဖြစ် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၊ တွဲဖက် အတွင်းရေးမှူး အဖြစ် ပြည်သူ့စစ်နှင့် နယ်ခြား တပ်များ ညွန်ကြားရေးမှူး ဗိုလ်ချုပ် သန်းမောင် ဖြစ်သည်ဟု သိရသည်။ အသွင် ကူးပြောင်းရေး လုပ်ငန်း ကော်မတီတွင် ဥက္ကဌ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အဖွဲ့ဝင်အဖြစ် တိုင်းမှူးများနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဦး/ရေး/ထောက် ဆိုင်ရာ တပ်မတော် အရာရှိကြီးများ ပါဝင်ပြီး အတွင်းရေးမှူး အဖြစ် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွန်ကြားရေးမှူး ဗိုလ်ချုပ် သန်းမောင်၊ တွဲဖက် အတွင်းရေးမှူး အဖြစ် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး စစ်ဦးစီးမှူး (ပထမတန်း) ဒု ဗိုလ်မှူးကြီး မျိုးမြင့် ဖြစ်သည်ဟု သိရသည်။ အသွင် ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်း ကော်မတီတွင် ဥက္ကဌ များသည် တိုင်းမှူးများဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ဒု တိုင်းမှူး၊ ဗျုဟာမှူး၊ တိုင်းအဆင့် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးဌာန စစ်ဦးစီးမှူး (ပထမတန်း) များနှင့် ဦး/ရေး/ထောက် ဆိုင်ရာ စစ်ဦးစီးမှူး (ပထမတန်း) များ ပါဝင်သည်ဟု သိရသည်။

0 comments:

အပေါ်သို့