Wednesday, May 13, 2009

၂ဝ၁ဝ၊ အရာရှိငယ်နဲ့ အသိဂလိုဘယ်

ဂါမဏိ

ရွေးကောက်ပွဲလုပ်မယ်လို့ နအဖ ကြေညာထားတဲ့ ၂ဝ၁ဝ ပြည့်နှစ် ထဲဝင်ဖို့ (၈) လပဲလိုပါတော့တယ်။ ဒါပေမယ့် စစ်အစိုးရဟာ ရွေးကောက်ပွဲဥပဒေ၊ ပါတီ မှတ်ပုံတင် ဥပဒေတွေ ဘာတခုမှ မထုတ်ပြန်သေး သလို ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့တာလည်း မရှိသေးပါဘူး။ ၁၉၉ဝ မေလ ရွေးကောက်ပွဲ အတွက် ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေကို ၁၉၈၈ စက်တင်ဘာမှာ ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ ဥပဒေကို ၁၉၈၉ မေလမှာ ထုတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ရက်ကို (၇) လအလို ၁၉၈၉ နိုဝင်ဘာမှာ ကြေညာပြီး စည်းရုံး မဲဆွယ်ခွင့်ကိုတော့ (၃) လအလို ၁၉၉ဝ ဖေဖော်ဝါရီလ ကျမှ ပေးခဲ့ပါတယ်။ ဒါပေမယ့် ၈လေးလုံး အရေးတော်ပုံ ကြီးရဲ့အရှိန်နဲ့ နိုင်ငံရေး ပါတီတွေ ရပ်တည် လှုပ်ရှားခွင့် အတော်အတန် ရထားတဲ့အတွက် ၉ဝ ဖေဖော်ဝါရီ မတိုင်ခင်ကတည်းက စည်းရုံးထားနိုင်လို့ ရွေးကောက်ပွဲကျတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလည်း နအဖဟာ ရွေးကောက်ပွဲရက်နဲ့ အတူ ရွေးကောက်ပွဲဥပဒေ၊ ပါတီဥပဒေတွေကို (၄-၅) လအလိုမှာ ကြေညာ၊ မဲဆွယ်ခွင့်ကို တလ နှစ်လလောက်ပဲ ပေးမယ့် လက္ခဏာ တွေ့နေရပါတယ်။ တဖက်မှာတော့ ကြံ့ဖွံ့နဲ့ လက်ကိုင်တုတ် သို့မဟုတ် နောက်လိုက် ခွေးအဖွဲ့တွေ ကတော့ ခုကတည်းက စည်းရုံး လှုပ်ရှားခွင့် ရနေပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲ၊ (၁၄) နှစ်ကြာ အမျိုးသားညီလာခံနဲ့ ၂ဝဝ၈ ဆန္ဒခံယူပွဲ အတွေ့အကြုံတွေ ရထားတဲ့ စစ်အုပ်စု ဟာ ၂ဝ၁ဝ ပွဲမှာတော့ အတိုက်အခံတွေ ဘယ်လိုမှ နေရာမရအောင် လုပ်ဖို့ စီစဉ်ပြင်ဆင်ထားမှာ မြေကြီးလက်ခတ် မလွဲပါဘဲ။ နောင်မှာ ယောင်းမ မြင်းစီးထွက်လို့ ပွဲပျက်နိုင်တဲ့ ရူးကြောင်မူးကြောင် လက်ကိုင်တုတ် တွေကိုတောင် နေရာပေးမယ့် အလားအလာ မရှိပါဘူး။ အချိန်တခု အသုံးချ လူမိုက်မွေးတာလောက်ပဲ လုပ်ပြီး ဘုရားပြီး ငြမ်းဖျက်ခံရမှာ မြင်ယောင်ပါသေးတယ်။

စစ်အုပ်စုဆိုတာ ကိုယ့်လူရင်း ကိုယ့်စက်ရုပ်ကလွဲပြီး တခြားဘယ်သူ့ကို မဆို ဦး ၄* စာရင်းထဲထည့်တဲ့ အစွန်းရောက် စစ်အာဏာ မူရင်းစွဲဝါဒီ Military Fundamentalist ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ ဗိုလ်လက်ျာ၊ ဗိုလ်တင်ထွဋ်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်စမစ်ဒွန်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ကြည်မောင်၊ ဗိုလ်စောမြင့်၊ ဗိုလ်တင်ဖေ၊ ဗိုလ်စိန်မြ၊ ဗိုလ်မောင်ရွှေ၊ ဗိုလ်တင်ဦး (ယခု အန်အယ်လ်ဒီ)၊ ဗိုလ်ထွန်းလင်းနဲ့ မဆလ အတွင်းရေးမှူး အဖွဲ့၊ ဗိုလ်တင်ဦး (မျက်မှန်)၊ ဗိုလ်စောမောင်၊ ဗိုလ်ထွန်းကြည် - ဗိုလ်ကျော်ဘနဲ့ နဝတ တိုင်းမှူး တပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်တင်ဦး (တွင်း-၂)၊ ဗိုလ်နေဝင်းနဲ့ မဆလ-တစည တပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်ခင်ညွန့် စသဖြင့် အထင်အရှား ရှိပါတယ်။

အခု ၂ဝ၁ဝ အတွက် ပြဿနာက အတိုက်အခံအဖြစ် ပြည်တွင်းပြည်ပက သိထားကြတဲ့ အန်အယ်လ်ဒီတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ မဟုတ်ပါဘူး။ ဒါတွေကို ဗိုလ်သန်းရွှေရဲ့ကိုယ်ပိုင် အထူးသီးသန့် ကြပ်ပြေး မြို့တော်သစ်ကြီးက မဟာလွှတ်တော် သစ်ကြီးမှာ စတိသဘောတောင် ခြေချခွင့် မပေးဖို့ အငြိုးတကြီးနဲ့ ပြတ်ပြတ် သားသား ဆုံးဖြတ် စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုတော့ ဒီ့ထက်ဆိုးတဲ့ ပြဿနာကို ဗိုလ်သန်းရွှေ တယောက် မရှောင်နိုင်မလွှဲနိုင် ရင်ဆိုင်နေရပါပြီ။

အဲဒါကတော့ တမတ်သားပြဿနာ သို့မဟုတ် (၂၅) ရာခိုင်နှုန်း ကိစ္စဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်မှာ ထည့်ရမယ့် စစ်သား ကိုယ်စားလှယ် အရေအတွက်က (၁၆၆) ယောက် (၅၆ + ၁၁ဝ)၊ ဒေသကြီး-ပြည်နယ် လွှတ်တော် (၁၄) ခုနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေဦးစီးအဖွဲ့ (၆) ခုတို့မှာ ထည့်ရမယ့် စစ်သား ကိုယ်စားလှယ် အရေအတွက် ကလည်း အနည်းဆုံး (၃ဝဝ) လောက်၊ ဗဟို အစိုးရအဖွဲ့ထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေက (၃) နေရာ၊ ဒေသကြီး-ပြည်နယ်အစိုးရ (၁၄) ခုနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ ဦးစီးအဖွဲ့ (၆) ခုတို့မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး (၂) နေရာစီက အယောက် (၄ဝ) ဆိုတော့ စစ်သားအလုပ် မဟုတ်တဲ့ အရပ်သား အလုပ်ကို ယူနီဖောင်း မချွတ်ဘဲ ဝင်လုပ်ရမယ့် စစ်ဗိုလ်တွေက အနည်းဆုံး (၅ဝဝ) လောက်ရှိနေပါတယ်။ နအဖဟာ ဒီလိုနေရာ တွေကို အခြားအဆင့်ဖြစ်တဲ့ တပ်သားတွေ အကြပ်တွေကို တာဝန်ပေးမှာ မဟုတ်ဘဲ အရာရှိတွေကိုသာ ထားမှာလည်း ဖြစ်ပါတယ်။ အခြား အဆင့်တွေကတော့ ထုံးစံအတိုင်း ဖက်တိတ်** နဲ့ လုပ်အားပေးပဲ ရွေးစရာရှိပါတယ်။

ဒါ့အပြင် ကြံ့ဖွံ့ပါတီ သို့မဟုတ် တခြားနအဖပါတီ တခုခုထဲပါပြီး ဗဟိုအစိုးရဝန်ကြီး၊ ပြည်နယ်-ဒေသကြီး အစိုးရ ဝန်ကြီး၊ ပြည်နယ်-ဒေသကြီး ဝန်ကြီးချုပ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ ဦးစီးဥက္ကဋ္ဌ စသဖြင့်လုပ်ဖို့ ယူနီဖောင်းချွတ်ရ မယ့် စစ်ဗိုလ်တွေလည်း လိုပါသေးတယ်။

မဆလခေတ်က ပြည်သူ့လွှတ်တော်တွေမှာလည်း တိုင်းမှူး၊ တပ်မမှူး စသဖြင့် တပ်ဖက်က အရာရှိကြီးတွေ ပါဝင်ခဲ့ ကြဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ဗြောင်အတိအလင်း တပါတီ အာဏာရှင်စနစ် ကျင့်သုံးတဲ့ အချိန်ဆိုတော့ လွှတ်တော်ဆိုတာ တနှစ်လုံးမှ နှစ်ခါပဲထိုင်ပြီး တခါထိုင်ရင်လည်း အလွန်ဆုံး တပတ်လောက်ပဲ ကြာတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ဗိုလ်တွေဟာ မူလတပ်တာဝန်ကို မစွန့်လွှတ်ဘဲ လွှတ်တော်မှာ ပါလို့ရခဲ့ပါတယ်။ အခုတော့ အများအမြင် မှာ ပါတီစုံ ဒီမိုကရေစီ လွှတ်တော်အဖြစ် ပြရမှာဆိုတော့ တနှစ်ကို နှစ်ခါလောက် (၄-၅) ရက် စတိသဘောထိုင်ပြလို့ မဖြစ်တော့ပါဘူး။ ဒီမိုကရေစီနိုင်ငံက လွှတ်တော်တွေလို အချိန်ပြည့် အလုပ်လုပ်ပြရမှာ ဖြစ်ပါတယ်။

လူဦးရေ သန်း (၂ဝဝ) ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက အရင်ဆူဟာတို အာဏာရှင်ခေတ် လွှတ်တော်မှာ ရွေးကောက်မခံရ တဲ့ စစ်ဗိုလ် အများဆုံး (၁ဝဝ) ပဲပါလို့ စစ်ယူနီဖောင်း မချွတ်ဘဲ တပ်ကထုတ် အမတ်လုပ်ရတဲ့ အရေအတွက်က ဗိုလ်သန်းရွှေ မျှော်မှန်းထားတဲ့ ဗမာပြည်နဲ့ယှဉ်ရင် မပြောပလောက် ပါဘူး။

လွှတ်တော်တွေ၊ အစိုးရတွေထဲမှာ ကိုယ့်အတွက် အပိုင်ဖြစ်အောင် စိတ်ချရတဲ့ တပ်မတော် အရာရှိကြီးတွေ၊ အရာရှိလတ်တွေ ထည့်မှဖြစ်မှာဆိုတော့ တပ်တွင်း အရေးကြီး နေရာတွေကို အောက်ဆင့်က အရာရှိငယ်တွေ တင်ရတော့မှာ ဖြစ်ပါတယ်။ အဲသလို မလုပ်ရင်လည်း အရာရှိငယ်တွေကို လွှတ်တော်တွေနဲ့ အစိုးရတွေထဲ ထည့်ရပါလိမ့်မယ်။ စိတ်ချရတဲ့ တပ်မတော် အရာရှိကြီးတွေ၊ အရာရှိလတ်တွေ ဆိုတာက ဗိုလ်သန်းရွှေ ကောင်းကောင်း သိထားတဲ့လူတွေ၊ ကိုယ် ရင်းမှူးဖြစ်ချိန်မှာ အနိမ့်ဆုံး တပ်စိတ်မှူးလောက် ဖြစ်ခဲ့ဖူးလို့ သစ္စာရှိနိုင် မရှိနိုင် တစုံတရာ အဆင့်အထိ အနီးကပ် တွက်ချက် အကဲခတ် နိုင်သူတွေ ဖြစ်ပါတယ်။

ဒါကြောင့် အရေးကြီးစစ်ဘက်ရာထူးတွေကို ကိုယ်နဲ့ တပ်တွင်းမှာ မဆုံဖူးသူတွေ၊ အပတ်စဉ်ချင်း တအားကွာတဲ့ အရာရှိတွေ၊ သစ္စာရှိမှုကို ကြားအဆင့်တွေ အများကြီးခံပြီးမှ အကဲဖြတ်နိုင်သူတွေကို ပေးရတော့မယ့် အခြေအနေ ဆိုက်နေပါပြီ။ အဲဒီတော့ ဒီအရာရှိငယ်တွေမှာ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ၏ တပ်မတော်အတွက်” ဆိုပြီး “အထက်မှ ပေးအပ်သော အမိန့်နှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်” ဖို့ “သစ္စာကို စောင့်သိရိုသေ” မယ့် သစ္စာလေးချက် ခံယူမှုဟာ ဗိုလ်သန်းရွှေရဲ့ အနီးကပ် အရာရှိကြီးတွေနဲ့ တထပ်တည်း ကျနိုင်ပါ့မလား။ ဒါဟာ ဒီကနေ့ ၂ဝ၁ဝ အကြိုမှာ ဗိုလ်သန်းရွှေအတွက် အကြီးအကျယ် ခေါင်းခဲစရာ ဧရာမ ပြဿနာကြီး ဖြစ်နေပါပြီ။

ဒီနေရာမှာ ကနေ့တပ်မတော်တွင်းက အရာရှိငယ်တွေရဲ့ အသိအမြင်ကို အတိုင်းအတာ တခုအထိ ရိုက်ခတ် သြဇာ သက်ရောက်နေတဲ့ အတွေးအခေါ် သို့မဟုတ် အသိအမြင်တခုကို အလေးထားဖို့ လိုလာပါတယ်။ အဲဒါကတော့ ဂလိုဘယ်လိုက်ဇေးရှင်း အသိအမြင်ပါပဲ။ ဗိုလ်သန်းရွှေနဲ့ ထိပ်သီး ဗိုလ်ချုပ်တွေက ၂၁ ရာစု ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ပြီး ဈေးကွက်စီးပွားရေး နာမည်ခံ ဈေးဖျက် စီးပွားရေးနဲ့ တံခါးဖွင့် စီးပွားရေးနာမည်ခံ ကိုယ့်အိမ်တံခါးဖွင့် ကိုယ်ကျိုးရှာ စီးပွားရေး စနစ်တွေ ကျင့်သုံးနေချိန်မှာ သူပုန် လူထွက် စာရေးဆရာ တဦးရဲ့ ကျွမ်းကျွမ်းကျင်ကျင် ဝါဒဖြန့် ပညာပေးမှုကြောင့် အရာရှိငယ်တွေ မှာတော့ ဒီနေ့ကမ္ဘာမှာ တိုင်းပြည် စီးပွားရေးကို တိုးတက်စေတဲ့ ဂလိုဘယ် လိုက်ဇေးရှင်းနဲ့ လစ်ဘရယ် လိုက်ဇေးရှင်း စီးပွားရေး ဘဝတွေကို ယုံကြည်စိတ် အားကျစိတ်တွေ တဖွားဖွား ပေါ်ပေါက်နေတာကို တွေ့နေရပါတယ်။

အဲဒီစာရေးဆရာဟာ နိုင်ငံခြားတက္ကသိုလ် တခုသွားရင်း စာတမ်းတင်ရာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲမှ တပါး အခြား မရှိလို့ အာဘော် အယူအဆ လွှင့်ပြခဲ့ပေမယ့် သူရေးတဲ့ စာအုပ်တွေ ဆောင်းပါးတွေ ဖတ်မိတဲ့ တပ်မတော် အရာရှိငယ် တွေသာမက အလယ်အလတ်ဆင့် တပ်မှူးတွေထဲမှာပါ ဗိုလ်သန်းရွှေရဲ့ နအဖ စစ်အာဏာရှင် ပုံစံဟောင်းနဲ့ ၂ဝ၁ဝ ပုံစံသစ်အောက်မှာ တိုင်းပြည် တိုးတက်စေမယ့် ဂလိုဘယ်လိုက်ဇေးရှင်း လမ်းစ ဘယ်လိုမှ မရှိနိုင်တာကို ကောင်းကောင်း သဘောပေါက်၊ အာဏာရှင်ချင်းတူတူ တရုတ်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားတို့က တိုင်းပြည်စီးပွားနဲ့ လူထုလူနေမှု ဘဝ မြင့်တက်နေတာကို အားကျစိတ်နဲ့ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြပါတယ်။ လက်ရွေးစင် ရွေးလွှတ်လိုက်တဲ့ ရုရှား ပညာတော်သင်တွေတောင် နိုင်ငံတကာ အသိအမြင်တွေအပြင် တပါတီ အာဏာရှင်စနစ် မဟုတ်တော့တဲ့ ရုရှားနိုင်ငံ ပူတင်ခေတ်မှာ တိုးတက်လာပြီး အမေရိကန်ကို ပခုံးချင်း ပြန်ယှဉ်လာနိုင်တဲ့ အကြောင်းတရားတွေကို အသိကြွယ်နေပြီ မဟုတ်ပါလား။

နဝတ-နအဖစစ်အုပ်စုကို တလျှောက်လုံး ထောက်ခံ အားပေးခဲ့တဲ့ သြဇာကြီးလှတဲ့ ဝါရင့် နိုင်ငံခေါင်းဆောင် စင်ကာပူ ဝန်ကြီးချုပ် လီကွမ်ယူ ကိုယ်တိုင် စိတ်ပျက် နှာခေါင်းရှုံ့ပြီး စင်ကာပူ စီးပွားရေးသမားတွေ၊ စင်ကာပူ ကုမ္ပဏီတွေကို ဗမာပြည်သွား စီးပွားရေးမလုပ်ဖို့ တိုက်တွန်းရတော့တဲ့ အခြေအနေက စာအုပ်တွေမှာဖတ်ရတဲ့ ခေတ်မီတိုးတက်သော အပြားကမ္ဘာကြီးနဲ့ သန်းရွှေခေတ် မြန်မာပြည်တို့ ဓမ္မာသောက အင်းဝရာဇာ ဖြစ်နေတာကို ပြနေပြီး တပ်မတော်အရာ ရှိငယ်တွေရဲ့ ခံစားချက်အပေါ် ဂယက်ကြီးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးတို့ခေတ်တုန်းက အထက်က ရိုက်သွင်းသမျှကိုသာ လက်ခံ ယုံကြည်ခဲ့ရပြီး မျိုးချစ်စိတ်တို့၊ တိုင်းချစ် ပြည်ချစ်စိတ်တို့ဆိုတဲ့ တွင်းနက်ကြီးထဲမှာ ခုနစ်ဆွေးရှစ်ဆွေး တဝဲလည်လည် နေခဲ့ရလို့ ဘိန်းစားချင်းတူတူ တမူးပိုရှူနိုင်တဲ့ ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်သန်းရွှေ တို့ကို ကျန်တဲ့ လူတွေက သစ္စာစောင့်ခဲ့ ရပါတယ်။ အခု ၂ဝ၁ဝ ကာလမှာတော့ ဂလိုဘယ်လိုက်ဇေးရှင်း မိတ်ဆက် ပညာပေး စာအုပ်တွေနဲ့ နိုင်ငံခြားခရီး အပေါက်အရောက် များလာကြလို့ တိုင်းပြည်နဲ့ လူမျိုးအတွက် မျိုးချစ်စိတ် ဆိုတာထက် ပိုအလုပ်ဖြစ်မယ့် အတွေးအခေါ်အသိအမြင်တွေ အရာရှိငယ်တွေကြား ပျံ့နှံ့ အားကောင်းနေတဲ့ အတွက် ဗိုလ်ချုပ်မှူးကြီးတို့ ငယ်ငယ်တုန်းကလို သစ္စာရှိပုံချင်း တူနိုင်ပါတော့မလား။

တိုင်းပြည်တကယ်တိုးတက်စေတဲ့ လစ်ဘရယ်လိုက်ဇေးရှင်း လူမှု-စီးပွားအသိကို ကျောက်ခေတ်မှာ ကျောက်ချ နေမယ့် နိုင်တီးဂွမ်တီးက မျိုးချစ်စိတ်တို့ သစ္စာရှိမှုတို့က ရေရှည် လွှမ်းမိုးနိုင်ပါ့မလား။ ကြိုက်သလိုသာ လုပ်ပါ ဦးသန်းရွှေ၊ ဘယ်လမ်းမှ အာလူးဘူးသီးကြီး***အတွက် မချောင်ပါဘူး။

အောက်ခြေမှတ်စု။
*ဦး ၄ = တပ်မတော် စစ်ဦးစီးရေးရာဖိုင်တွဲအမျိုးအစား ခွဲခြားမှုမှာ ရန်ဘက် အင်အားစုများ သတင်း
**ဖက်တိတ် = Fatigue အောက်ခြေရဲဘော်များအတွက် တပ်တွင်း အလုပ်ကြမ်း လုပ်အားပေး
***အာလူးဘူးသီးကြီး = အဘကြီး (ဗိုလ်သန်းရွှေကို တပ်တွင်းမှ ခေါ်ရသည့်နာမည်)

ဂါမဏိ

0 comments:

အပေါ်သို့