Tuesday, May 12, 2009

စစ်အစိုးရ၏တောင်းဆိုချက် ၀ ဆွေးနွေးပွဲမှ ရာနှုန်းပြည့်နီးပါးကန့်ကွက်

တနင်္လာနေ့၊ 11 မေလ 2009

ဧပြီလနှောင်းပိုင်းက ၀ ထိပ်ပိုင်းခေါင်းဆောင် ရှောဝ်းမင်လျှံ အဖွဲ့ - သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့၌ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံပြီး ဌာနချုပ်အပြန် အစုအဖွဲ့လိုက် ဆက်တိုက် စည်းဝေးပွဲ ပြုလုပ်ခဲ့ရာ စစ်အစိုးရ၏ တောင်းဆိုချက် အပေါ် ၀ ပါတီနှင့် စစ်တပ် အစည်းအဝေးမှ ဆန္ဒ ခံယူခဲ့ရာမှာ ရာနှုန်းပြည့်နီးပါး ကန့်ကွက်ကြောင်း - ၀ ဌာနချုပ် နီးစပ်သော အသိုင်း အ၀ိုင်းက ဆိုသည်။

စစ်အစိုးရတောင်းဆိုထားသည့် အချက်အပေါ် ၀ ပြည် နိုင်ငံရေးပါတီနှင့် စစ်တပ်အတွင်း၏ အမြင် သဘောထားကို အမည်မဖေါ်လိုသည့် ၀အရာရှိနှင့် နီးစပ်သူ တဦးအား သျှမ်းသံတော်ဆင့်က မေးမြန်းရာ-

“ (၁) အသွင်ပြောင်းမည့် ၀ တပ်မတော်အတွက် ဆန် စားနပ်ရိက္ခာ လက်နက်ခဲယမ်း နှင့် အထွေထွေ အသုံးစရိတ်များ အားလုံး စစ်အစိုးရမှ တာဝန်ယူပေးမည်။ (၂) ၀ တပ်အင်အား ၃၀၀၀ အထိ လျှော့ချ၍ ခေတ်မှီ တပ်မတော် ဖြစ်ဖို့အရေး စစ်အစိုးရမှ လူအင်အား ၃၀ ၀င်ရောက် အားဖြည့်မည်။ (၃) စစ်ပညာနှင့် အခြား ကျွမ်းကျင်မှု ဆိုင်ရာ ဖွံ့ဖြိုးမှု ဆိုင်ရာများကို စစ်အစိုးရက တာဝန်ယူမည်” ဟု ဆိုထားပါတယ်။

“အခုကျနော်တို့အခြေအနေက ဗမာစစ်တပ် စားနပ်ရိက္ခာ နေရာထိုင်ခင်း မစီစဉ်ပေးလဲ ကိုယ့်ဟာကိုယ် လည်ပတ်နိုင်နေ တာဘဲ၊ ပညာတတ် လူ ၃၀ က ကျနော်တို့ တပ်အဖွဲ့အကြား လာဖြည့်ပြီး အဖွဲ့အစည်း မြှင့်တင်ပေးမယ် ဆိုတာက ကျနော်တို့ တတွေ ဗမာစကားမှ မတတ်တာ။ အဲဒါကြောင့် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဒီတော့ကျနော်တို့ အစုအဖွဲ့လိုက်ခွဲပြီး အစည်းအဝေး ထိုင်ကြတယ်။ ၃ ရက် တကြိမ် အထက်ကို ပြန်တင်ပြတယ်။ အစည်းအဝေးက မပြီးပြတ်သေးဘူး။ ဒါပေမယ့် စစ်အစိုးရ၏ တောင်းဆိုချက်အပေါ် ပါတီတွင်း စစ်တပ်အတွင်း သဘောထား ကောက်ယူရာမှာ ၉၈ ရာနှုန်းက လုံးဝ မထောက်ခံဘူး၊ ကန့်ကွက်တယ်၊ ကျန် ၂ ရာခိုင်နှုန်းက ဘာမှ မပြောဘူး”

လက်ရှိ ၀အစိုးရနှင့် ၀ ပြည်သူများက အခက်အခဲ အန္တရာယ် အမျိုးမျိုးကြားမှ ၀ ဒေသကို အသက်နှင့်ရင်းပြီး ကာကွယ်လာ ခဲ့ကြောင်း၊ စစ်အစိုးရက ၀ စစ်တပ် အတွက် တာဝန်ယူမည် ဟူသည့် အချက်မှာလည်း ဗမာ့ တပ်မတော်ကိုယ်ပင် ကိုယ်ထူ ကိုယ်ထ စနစ် ထားနေရသဖြင့် လက်ခံနိုင်ရန် မဖြစ်နိုင်ကြောင်း ဆိုပါသည်။

မိုင်းလားအဖွဲ့က ၂၀၀၉ နှစ် ဂျွန်လ ၃၀ ရက်နောက်ဆုံးထား၍ လူသူ လက်နက်အင်အား စာရင်း၊ ပင်စင်ယူမည့် သက်ကြီးပိုင်း စာရင်းများပေးပို့ရန် စစ်အစိုးရ ရာဇသံ ပေးထားသော်လည်း၊ ရသည့် အချိန်၌ ပါတီအတွင်း စစ်တပ်အတွင်း အစည်းအဝေး ပွဲလုပ်ပြီးလျှင် ပြည်သူ့ဆန္ဒ ဆင်းကောက်မည် ဟုလည်း ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူ အရာရှိက ပြောပါသည်။

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်သည် စစ်အစိုးရ တပ်ဖွဲ့ပြီးလျှင် တပ်အင်အား အတောင့်တင်းဆုံး အဖွဲ့အစည်း ဖြစ်သည့် အားလျော်စွာ ငြိမ်းအဖွဲ့များ၏ အနာဂတ် သည်လည်း ၀ အဖွဲ့အပေါ် အများကြီး တည်မှီနေကြောင်း၊ ကျန်အပစ်ရပ် ငြိမ်းအဖွဲ့များက ၀ တို့၏ ဆုံးဖြတ်ချက်ကို မျှော်လင့် စောင့်ကြည့်နေကြကြောင်း မိုင်းလားအပါအ၀င် အပစ်ရပ် အသိုင်းအ၀ိုင်း များ ပြောဆိုချက်အရ သိရပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့