Tuesday, June 16, 2009

မြန်မာ့လေကြောင်းနဲ့ လေယာဉ်စီးသူများ ဒုက္ခ

16၊ 6၊ 09

ပြည်တွင်း ခရီးတခုကို အစိုးရပိုင် မြန်မာ့လေကြောင်းနဲ့ သွားဖို့ရာမှာ လက်မှတ်ဝယ်ယူ ရရှိဖို့အတွက် ဒေသ အာဏာပိုင်တွေနဲ့ ရင်းနှီးမှ မဲနှိုက်လို့ ပေါက်မှ၊ အဲလိုမှ မဟုတ်ခဲ့ရင်တော့ မှောင်ခိုဈေးပေးပြီး ၀ယ်မှပဲ လေယာဉ်လက်မှတ် ရတာပါ။ အဲဒီလို လက်မှတ်တစောင်ကို ရဖို့ခက်ခက်ခဲခဲ ကြိုးစားရပြီးနောက်မှာ မိမိရဲ့ အသက်ကို သက်တမ်းရှည်ကြာလှပြီ ဖြစ်တဲ့ လေယာဉ်အိုများနဲ့ စံချိန်စံညွှန်း မမှီတဲ့ လေယာဉ်ကွင်းများရဲ့ လက်ထဲ အပ်ထားရပါတယ်။



ပြည်တွင်း ပြေးဆွဲနေတဲ့ တနာရီသာသာ ခရီးစဉ်တွေမှာ မတော်တဆ ဖြစ်မှုတွေကို မကြာခဏ ကြားသိရပါတယ်။ တော်ရုံတန်ရုံ အန္တရာယ်လိုမျိုးကို တွေး မကြောက်တတ်တဲ့ မြန်မာလူမျိုးတွေတောင်မှ မြန်မာ့လေကြောင်း စီးရမယ်ဆို စိုးရိမ်မှုပေါ်လာလေ့ ရှိတယ်လို့ ကြားသိ နေရပါတယ်။



မြစ်ကြီးနား၊ ကော့သောင်း၊ မြိတ်၊ တာချီလိတ်၊ စစ်တွေတို့လို မြို့တွေမှာ နေထိုင်သူတွေဟာ မြန်မြန်ဆန်ဆန်နဲ့ ခရီးရောက်နိုင်တဲ့ လေယာဉ်ခရီးကို မလွှဲမရှောင်သာပဲ သုံးနေရပေမယ့် မြန်မာ့ လေကြောင်းရဲ့ အန္တရာယ်ကင်းရှင်းမှု ကိုတော့ စိတ်ချယုံကြည်ခြင်း မရှိကြပါဘူး။



နအဖ ခေါင်းဆောင်လုပ်သူတွေကတော့ ဟောင်းအို စိတ်မချရတဲ့ လေယာဉ်တွေကို ဘယ်တော့မှ စီးနင်းလေ့ မရှိပဲ၊ ပြည်တွင်း ပြည်ပ ခရီးစဉ်တွေမှာ ပိုမိုသစ်လွင် စိတ်ချရတဲ့ အဲပုဂံရဲ့ လေယာဉ်ကို ငှားစီးလေ့ရှိတယ်လို့ ကြားသိရပါတယ်။



မြန်မာစစ်အစိုးရအတွက် မကြာမီ သီတင်းပတ်တွေ အတွင်း ဘုရားကပြို၊ လေယာဉ်က လမ်းချော်နဲ့ ကောင်းမွန်တဲ့ သတင်း၊ အတိတ်နိမိတ် တခုမှ မတွေ့ရပါဘူး။ အစိုးရရဲ့ သတင်းစာတွေမှာ နေ့စဉ် စာမျက်နှာ ၁မျက်နှာ သီးသန့်ပေးပြီး နိုင်ငံတကာက လေယာဉ်ပျက်၊ ရေကြီး၊ ကားမှောက်၊ ဗုံးကွဲ ဆိုတာမျိုးတွေ ဓါတ်ပုံနှင့်တကွ ပြသလေ့ရှိတာ ကမ္ဘာကြီးဟာ နေ့စဉ် ဒုက္ခဆင်းရဲနဲ့ ကြုံတွေ့နေရပြီး မြန်မာပြည်ကတော့ အေးဆေး တည်ငြိမ်နေတယ်ဆိုတဲ့ သဘောမျိုးကို ဆိုလိုချင်ပုံ ရပါတယ်။



ဒါပေမယ့် လူဦးရေ သန်း ၆၊ ၇ထောင် ကျော်ရှိတဲ့ ကမ္ဘာပေါ်မှာ သန်း၅၀မျှသာရှိတဲ့ မြန်မာပြည်က မတော်တဆ ဖြစ်တာတွေ သီတင်းပတ် မခြား ဖြစ်ပျက်နေတာ ဘာကြောင့်လဲ။ တိုင်းပြည် အုပ်ချုပ်သူတွေက မဟုတ်တာတွေ လုပ်နေလို့လား။ အဲဒီလို မဟုတ်ရင်တော့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသီးသီး တာဝန်ရှိသူတွေက အလုပ် မလုပ်ကြလို့ပဲ ဆိုတဲ့ကောက်ချက်သာ ချရတော့မှာပါ။

0 comments:

အပေါ်သို့