Thursday, June 18, 2009

စစ်အစိုးရက နယ်စပ်ထိုးစစ်ဖြင့် ထိုင်းကို စိန်ခေါ်

ရဲနည်
Wednesday, 17 June 2009

ကရင်ဒုက္ခသည် ၄,၀၀၀ ခန့် မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ သူတို့၏ နေရပ်ရင်းကို စွန့်ခွာ၍ ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေး ခိုလှုံလာ ကြသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် နိုင်ငံတကာမှ ဖိအားများ တိုးတက် များပြားလာနေသည့် အချိန်တွင် ဤသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် အပတ်မှစ၍ မြန်မာစစ်တပ်နှင့် ၎င်းတို့၏ မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ တပ်မဟာ (၇) ဌာနချုပ်နှင့် ၂ မိုင်ခန့် အကွာအဝေးတွင် ရှိနေသည့် ပြည်တွင်းရွှေ့ပြောင်း ထွက်ပြေး နေကြရသော ဒုက္ခသည်များ ခိုလှုံနေရာ လာပါဟား စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြသည်။

စခန်းကိုစွန့်ခွာ၍ ဒုက္ခသည်များက သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ပြီးခဲ့သည့် သောကြာနေ့တွင် ထိုင်းနိုင်ငံတွင်းသို့ ခိုလှုံ လာခဲ့ကြသည်။ ကရင်သတင်း ဌာနများ၏ အဆိုအရ ထိုင်းအစိုးရက ယခုအသစ် ခိုလှုံလာကြသူများကို အတည်တကျ ဖြစ်နေပြီး ဖြစ်သည့် ဒုက္ခသည် စခန်းများတွင်း လက်ခံရန် တွန့်ဆုတ်နေကြဆဲဟု သိရသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့ နှင့် ၆၂ မိုင် (ကီလို ၁၀၀) အကွာ အဝေးရှိ ထဆောင်ယန်း ခရိုင်ရှိ ဘုန်းတော်ကြီး ကျောင်းများအတွင်း၌သာ ယာယီလက်ခံ ထားခဲ့သည်။

ပုံမှန်အားဖြင့် ခြောက်သွေ့ရာသီတွင်သာ ထိုးစစ်ဆင်လေ့ရှိသော မြန်မာစစ်တပ်၏ ယခု မိုးရာသီ ထိုးစစ်မှာ ပုံမှန် မဟုတ်ပါ။ ထိုင်းအစိုးရက ပစ်တင် ဝေဖန်မှုများကို တုံ့ပြန်မှု အဖြစ် ပြုခဲ့ပုံရသည်။

လက်ရှိ အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေရသူ ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်း စုကြည် အပေါ် ခုံရုံးတင် တရားစွဲဆို စစ်ဆေးနေမှုနှင့် ပတ်သက်၍ မေလ ၁၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့ရာ မြန်မာစစ်အစိုးရ အတွက် အမျက်ထွက်စရာ ဖြစ်စေခဲ့သည်။ မြန်မာ စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် တုံ့ပြန် ရေးသားခဲ့ရာ၌ ထိုင်းနိုင်ငံကို ပစ်တင် ဝေဖန်ခဲ့ပြီး ယခု ထုတ်ပြန် ကြေညာချက်သည် "ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ရာ ရောက်စေ သည်"ဟု ဖော်ပြခဲ့သည်။

မြန်မာစစ်အစိုးရ၏ အဆင့်မြင့် သံအရာရှိများကလည်း တဖြည်းဖြည်း မြင့်မား လာနေသည့် နိုင်ငံတကာ ဖိအားအပေါ် တန်ပြန် သံတမန်ရေး ထိုးစစ်များ ပြုလာခဲ့သည်။ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ ၎င်း၏ လက်ထောက် ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်၊ ဒု ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်အေးမြင့်တို့က ဒေသအတွင်းရှိ မတူကွဲပြားသည့် အစည်းအဝေးများတွင် တက်ရောက်ရင်း သူတို့ စစ်အစိုးရ၏ "ပြည်တွင်းရေး" ကို ၀င်ရောက် မစွက်ဖက်ကြပါရန် ပြောကြားခဲ့ကြသည်။

နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများမှ ဖိအားများ လျော့ပါးသွားမည့်ဟန် မရှိသည်ကို သိရှိကြသည့် အတွက် ကြောင့်လည်း စစ်အစိုးရက ထိုင်းနိုင်ငံရှိ ဒီမိုကရက်တစ် ပါတီ ဦးဆောင်သည့် အစိုးရအား သတိပေးမှု အနေဖြင့် ကရင်ဒုက္ခသည်များကို ထိုးစစ်ဆင်ပြခြင်း ဖြစ်ဟန်တူသည်။

ထိုင်းနိုင်ငံရှိ လက်ရှိ ဒီမိုကရက်တစ်ပါတီဦးဆောင်သည့် ညွန့်ပေါင်းအစိုးရက မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကို ထောက်ခံကြောင်း သိထားသည့် အလျောက် မြန်မာ စစ်အစိုးရက လက်ရှိ ထိုင်းအစိုးရနှင့် ပတ်သက်၍ ကသိကအောင့် ဖြစ်နေရပါသည်။ ဒီမိုကရက်တစ်ပါတီ၏ မြန်မာပြည်ရေးရာ မူဝါဒကိုလည်း မကျေလည်လှပါ။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးအသစ် ကဆစ် ပီရုမ်း(Kasit Piromya) ကလည်း လွန်ခဲ့သည့်နှစ်က "ဘယ်လို လူမျိုးမဆိုရဲ့ စီးပွားရေး သဘောတူညီချက်တွေ ရှိထားတာကြောင့် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် သက်ရောက်မှု ရှိစေမှာ မဟုတ်ဘူး၊ ကျနော်တို့ အစိုးရက စီးပွားရေးနဲ့ နိုင်ငံရေးကို ရောထွေးပစ်မှာ မဟုတ်ဘူး"ဟု ပြောခဲ့ဖူးသည်။

နေပြည်တော်ရှိ မြန်မာစစ်အစိုးရက ထိုင်းနိုင်ငံရေးခေါင်းဆောင် ယခင် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာ (Taksin Shinawatra) လက်ထက်က ရှိခဲ့ဖူးသည့် နွေးထွေးသော ဆက်ဆံရေးမျိုး လိုလားနေကြပါသည်။ သန်းကြွယ် သူဋ္ဌေး ဖြစ်သူ ၀န်ကြီးချုပ်ဟောင်းက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး မြှင့်တင်ပေးရေး၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးများ ဖြစ်ပေါ်လာ စေရေးထက် စာလျှင် စီးပွားရေး အခွင့်အလမ်းများ ရှာဖွေရေးကိုသာ အလေးထားခဲ့သူ ဖြစ်သည်။

သို့သော်လည်း လက်ရှိ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့(အာဆီယံ) ၏ အခြားအဖွဲ့ဝင် နိုင်ငံများက ထိုင်းနိုင်ငံ၏ ယခု မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ ရပ်တည်ချက်အသစ်ကို သဘောကျ ရပ်တည် ပေးကြပါသည်။ ပြီးခဲ့သည့်လက ဖနွမ်းပင်မြို့တွင် နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး ကျင်းပရာ၌ စင်္ကာပူနိုင်ငံ အပါအ၀င် အဖွဲ့၏ အခြားနိုင်ငံများက ဒေါ်အောင်ဆန်း စု ကြည်ကိစ္စ နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို သဘောတူ ရပ်တည်ကြောင်း ဖော်ပြခဲ့ကြပါသည်။

စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုထားသည့် နိုင်ငံတနိုင်ငံ ဖြစ်ပြီး မြန်မာ စစ်အစိုးရနှင့် နီးစပ်သော ဆက်ဆံရေး ရှိနေသည့် နိုင်ငံလည်း ဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ်များ ကလည်း ချမ်းသာကြွယ်ဝသည့် ကျွန်းနိုင်ငံတွင် ဆေး ကုသမှု ခံယူလေ့ ရှိကြသည်။

လက်ရှိ အာဆီယံအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က ထိုင်းနိုင်ငံမှ ဒီမို ကရက်တစ် ပါတီဝင် တဦးဖြစ်နေသည့် အလျောက် သူက မြန်မာနိုင်ငံသွားလျှင် ယခုအခြေအနေတွင် အောင်မြင်ဖွယ် မမြင်သည့် အတွက်ကြောင့်လည်း စင်္ကာပူနိုင်ငံမှ ၀ါရင့်ဝန်ကြီး ဂိုချုပ်တောင်ကို မြန်မာနိုင်ငံသို့ သွားရောက်စေပြီး ဗိုလ်ချုပ်မှူး ကြီး သန်းရွှေနှင့် တွေ့ဆုံစေခြင်း ဖြစ်ပေလိမ့်မည်။ မြန်မာပြည်၏ နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ အာဆီယံအဖွဲ့၏ အမြင်ကိုလည်း နားချ ဆွေးနွေးနိုင်ကြမည်ဟု မျှော်လင့် ခဲ့ကြပုံရပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ပြဿနာသာမက၊ ယခု ဖြစ်ပေါ်နေသည့် ကရင် ဒုက္ခ သည်များ ပြဿနာ၊ နာမည်ပျက်ခဲ့ ရသည့် ရိုဟင်ဂျာ ဒုက္ခသည်များပြဿနာ စသည့်ဆင့်ကဲ ပြဿနာများကြောင့် ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံများသို့ ရိုက်ခတ် သက်ရောက်နေရပြီ ဖြစ်သည်။ ဤဆင့်ကဲ ပြဿနာများကြောင့်လည်း အာဆီယံအဖွဲ့က တင်းမာလာခဲ့ပုံလည်း ရပါသည်။

မြန်မာနိုင်ငံတွင် ဆိုးရွားစွာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းကြောင့်လည်း၊ ဒေသဆိုင်ရာ အဖွဲ့ အစည်း၏ ကျရှုံးမှုကို ဖော်ပြသကဲ့သို့ ဖြစ်နေစေပါသည်။ မြန်မာ စစ်ဗိုလ်ချုပ်များကို မည်သို့မည်ပုံ ကိုင်တွယ်မည်ကို စနစ် တကျ မူဝါဒချမှတ် ချဉ်းကပ်နိုင်ခြင်း မရှိသရွေ့ မြန်မာနိုင်ငံသည် “ဗြဟ္မာ့ ဦးခေါင်း” ဖြစ်နေဦးမည်သာ ဖြစ်သည်။ အာဆီယံ အဖွဲ့၏ ညီညွတ်ရေးကို ထိခိုက် စေရုံမျှ မက အသစ်ချမှတ်ခဲ့သည့် အာဆီယံဒေသ ပဋိညာဉ် စာတန်းပါ ဒေသ၏ တန်ဖိုးထား ချက်များကိုလည်း သရော် ခြိမ်းခြောက်နေသည့် အလား ဖြစ်နေပါတော့သည်။

ရဲနည်ရေးသားသည့် Burma Challenges Thailand with its Border Offensive ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့