Tuesday, January 6, 2009

၂၀၀၈ ခုနှစ်၏ အရေးပါသူများ (၁)

၂၀၀၈ ခုနှစ်တွင် အထင်ကရ အဖြစ်အပျက် များစွာ ဖြစ်ခဲ့သည်။ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း၊ အလိမ်အညာ အခြေခံဥပဒေ ဆန္ဒခံယူပွဲ၊ ၂၀၀၇ ခုနှစ် သြဂုတ်လ / စက်တင်ဘာလအပြီး နောက်ဆက်တွဲ အကျိုးဆက်များ နှင့် နိုင်ငံရေး သဘောထားကွဲလွဲသူ အတိုက်အခံခေါင်းဆောင်များအပေါ် ပြစ်ဒဏ်ချမှတ်ခဲ့သော တရားမဲ့ ခုံရုံးများ စသည့်အဖြစ်အပျက်များက လူတဦးချင်းအရသော်လည်းကောင်း၊ အဖွဲ့အစည်းအရသော်လည်း ကောင်း သူတို့၏ အမည်များနှင့် ဖြစ်ရပ်များ၊ လှုပ်ရှားမှုများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာကြသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အပြောင်းအလဲများ တိုးတက်လာစေရန်နှင့် ဆိုင်ကလုန်းဒဏ်ခံခဲ့ရသူ ပြည်သူ များအတွက် အထောက်အပံ့ပစ္စည်းများ ကူညီပေးကြရာတွင် ကိုယ်ကျိုးမဲ့ဆောင်ရွက်ခဲ့ကြသောကြောင့် လူ ပုဂ္ဂိုလ် အတော်များများလည်း သတင်းများတွင် ထည့်သွင်းဖော်ပြခံကြရသည်။ သို့သော် မကောင်းသတင်း ဖြင့် ကျော်စောသူတဦးတော့ ရှိခဲ့သည်။ ၂၀၀၈ ခုနှစ် အတွက် အမည်စာရင်းတွင် ထည့်သွင်းရန် သူသည် လည်း အရည်အချင်း ပြည့်မီသည်ဟု ဆိုရမည်။ ထိုသူမှာ ဆိုင်ကလုန်းမုန်တိုင်းသင့်၍ ဒုက္ခကြုံနေရသော ပြည်သူများထံသို့ အကူအညီများ ပိတ်ပင်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ၊ ဆန္ဒခံယူပွဲကို ခေါင်းမာ မာဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သူ၊ အငြင်းပွားဖွယ်ရှိနေသော ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန် တွင် အတိုက်အခံအားလုံးကို ရက်ရက်စက်စက် အပြုတ်တိုက်နေသူ စစ်အစိုးရထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပင်ဖြစ်သည်။

၂၀၀၈ ခုနှစ်၏ အမည်စာရင်းသည် မြန်မာနိုင်ငံသားများ အတွက်သာ ကန့်သတ်ထားခြင်းမဟုတ်။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဘားနာ့ဒ် ကုချနာ၊ အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ်နှင့် သူ၏ ဇနီး လော်ရာဘုရှ် အပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ်နှစ်ဦးသည်လည်း မြန်မာပြည်၏ အဖိနှိပ်ခံ ပြည်သူများကိုယ်စား ၎င်းတို့၏ ဆောင်ရွက်ချက်များကြောင့် အမည်စာရင်းတွင် ထည့်သွင်းထိုက်သူများဖြစ် သည်။

ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏ စစ်အုပ်စုက အကူအညီ သေရေးရှင်ရေး လိုအပ်နေသော ပြည်သူများကို မသိဟန် ပြုနေချိန်တွင် မုန်တိုင်းသင့် ပြည်သူများကို မဖြစ်မနေ ကူညီရမည်ဟူသော Save the Children၊ နယ်စည်း မခြားဆရာဝန်များ MSF (Médecins sans Frontières) နှင့် မာလင်း (Merlin) ကဲ့သို့သော အဖွဲ့အစည်းတို့၏ ခိုင်ကျည်သော ကြိုးပမ်းမှုများကိုလည်း အသိအမှတ်ပြု ထည့်သွင်းဖော်ပြရမည် ဖြစ်ပါသည်။


သတင်းခေါင်းစည်းကို ဖန်တီးသူများ

ဦးဝင်းတင်

အကျဉ်းထောင်ထဲတွင် ယခုအချိန်ထိရှိနေသေးသော နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ခန့်၏ ကံကြမ္မာက မရေ မရာ ဖြစ်နေရဆဲ၊ စိုးရိမ်နေရဆဲအခြေအနေတွင် နှစ်ရှည်လများထောင်ကျခဲ့သော အတိုက်အခံ နိုင်ငံရေး သမားတဦး ၂၀၀၈ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။ ထိုသူမှာ အသက် ၇၉ နှစ်အရွယ် သတင်းစာဆရာ ကြီး ဦးဝင်းတင် ဖြစ်သည်။ ရန်ကုန်မြို့မှ နာမည်ကျော် အင်းစိန်ထောင်တွင် ၁၉ နှစ်ကြာ အကျဉ်းချခံနေရရာမှ စက်တင်ဘာလတွင် ဦးဝင်းတင် ပြန်လွတ်လာခြင်းဖြစ်သည်။

စစ်အစိုးရက ၁၉ နှစ်ကျော် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး
၂၀၀၈ စင်တင်ဘာတွင် ပြန်လွတ်လာသော
သတင်းစာဆရာကြီး ဦးဝင်းတင် (ဓာတ်ပုံ - အေပီ)

၁၉၈၉ ခုနှစ် အကျဉ်းမကျခင်က ဦးဝင်းတင်သည် ထင်ရှားသော အတိုက်အခံ နိုင်ငံရေးသမားတဦး ဖြစ်ပြီး၊ အထိန်းသိမ်းခံ ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အရေးပါသည့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။ ဦးဝင်းတင်သည် အဖွဲ့ချုပ်၏ တတ်သိပညာရှင်များကို ဦးဆောင်၍ အနုပညာလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်များကို အရေးဆိုခဲ့သူ တဦးဖြစ်သောကြောင့်လည်း မျိုးဆက်သစ်လူငယ်များအကြားတွင် "ဆရာ" ဟူသော ဂုဏ်ထူးဝိသေသတခု ကို ပိုင်ဆိုင်ခဲ့သူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်ကို "သတ္တိရှိ၍ တည်ကြည်ဖြောင့်မတ်သူ" ဟု ညွှန်းခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် အဓိက အခရာကျသူတဦး ဖြစ်သည်ဟု အသိအမှတ်ပြုခဲ့သည်။ ဦးဝင်းတင်က လည်း ဒေါ်စုကို "စစ်မှန်သောခေါင်းဆောင်" တဦးဟု ပုံဖေါ်ခဲ့သည်။ “မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်း ကို ကျော်လွှားဖို့ ဒေါ်စုရဲ့အခန်းကဏ္ဍ ရှိသေးသလား” ဟူသည့် ပြောဆိုချက်များနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာတွင် ဦးဝင်းတင်က "ဒေါ်စုရဲ့ ကိုယ်ကျင့်သိက္ခာ၊ အသိပညာ၊ ခေါင်းဆောင်မှု အရည်အချင်းတို့နဲ့ ပတ်သက်လို့ ကျနော့်မှာ သံသယ မရှိပါဘူး၊ ကျနော် ဒေါ်ဆောင်ဆန်းစုကြည်ကို ယုံတယ်" ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်၊ တကမ္ဘာလုံးတွင် တဦးတည်းသော အကျဉ်းကျခံ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်သည် ယခုနှစ်တွင်လည်း ခြောက်နှစ်ဆက်တိုက် တရားမ၀င် အကျယ်ချုပ် ကျခံနေရသည်။ သူ၏ ရှေ့နေက ဤသို့ဖမ်းဆီးထားမှုသည် ဥပဒေကြောင်းနှင့်မညီဟု ဆိုသည်။ နေပြည်တော်ရှိ အာဏာပိုင်များက အကျယ်ချုပ် သက်တမ်းတိုးမှုနှင့် ပတ်သက်သည့် ရှေ့နေ၏အယူခံလွှာကို မသိကျိုးကျွန် ပြုနေဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့၊ အင်းလျားကန်စောင်းရှိ နေအိမ်တွင် အကျယ်ချုပ်သက်တမ်း စုစု ပေါင်း ၁၃ နှစ် ကျခံခဲ့ပြီး ဖြစ်သည်။

နေအိမ်အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

အသက် ၆၃ နှစ် ရှိပြီဖြစ်သော ဒီမိုကရေစီခေါင်းဆောင်က အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးပွဲလုပ်ရန် စစ် အစိုးရ၏ ဆက်လက်ငြင်းပယ်နေမှုကို စိတ်မရှည်တော့သည့်ဟန် ပြသခဲ့သည်။ သြဂုတ်လအတွင်း ကမ္ဘာ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်ခဲ့စဉ် က လက်ခံတွေ့ဆုံရန် ငြင်းပယ်သည့်နည်းဖြင့် သူ၏ သဘောထားကို ဖော်ပြလိုက်သည်။ မစ္စတာ ဂန်ဘာရီ သည်လည်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်မရဘဲ နယူးယောက်သို့ ပြန်သွားရ သည်။ သူ၏ ခရီးစဉ်သည် ပဋိပက္ခဖြစ်နေသည့် ဘက်နှစ်ဘက် ပြန်လည်သင့်မြတ်ရန်၊ နိုင်ငံရေး အပြောင်း အလဲများ ဖြစ်ပေါ်လာရန် မဆောင်ရွက်နိုင်ခဲ့ဘဲ အရှုံးနှင့် အဆုံးသတ်ခဲ့ရသည်ဟူသော စွပ်စွဲချက်များ ပေါ် ထွက်ခဲ့သည်။

ဂန်ဘာရီ၏ အကြီးအကဲ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းသည်လည်း ကုလသမဂ္ဂက တာဝန်အပ်နှင်းထားသည့် ရည်မှန်းချက်များ အထမြောက် အောင်မြင်စေရေးအတွက် သိသာထင်ရှားသော တိုးတက်မှု တစုံတရာ မဆောင်ရွက်နိုင်ဘဲ အရှုံးပြနေသည်ဟု ဆိုကြပြန်သည်။ ထို့အပြင် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့သွားရောက်မည့် သူ၏ ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးဟူသည် မြန်မာနိုင်ငံ၏ နိုင်ငံ ရေး တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် မရှိမဖြစ် လိုအပ်သော ပထမအဆင့်ဖြစ်သည်ဟု ထပ်တလဲလဲ ဖော်ပြခဲ့သည်။ ဒေါ်စုကလည်း "တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် အောင်မြင်ဖို့အတွက်ဆိုရင် ကျမက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့် ရှိပါတယ်" ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ဦးပညာဝံသ

မလေးရှားနိုင်ငံ၊ ပီနန်မြို့ ဓမ္မိကာရာမကျောင်းတိုက်တွင် သီတင်းသုံးနေသော ဦးပညာဝံသသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုအုံကြွမှုနှင့် ဆိုင်ကလုန်း နာဂစ်မုန်တိုင်းကြောင့် ထင်ရှားလာသည်။ လူသားချင်း စာနာမှု ဆိုင်ရာ ကူညီရေးလုပ်ငန်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ကမ္ဘာအနှံ့ တည်ဆောက်ခြင်း လုပ်ငန်းများကြောင့်လည်း မူလကပင် ထင်ရှားသော သံဃာတော်တပါးဖြစ်သည်။

နာဂစ် ဆိုင်ကလုန်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအတွက်
ဒေါ်လာ သန်းနှင့် ချီ၍ ဦးစီးထောက်ပံ့ ခဲ့သော
ပီနန် ဆရာတော်ကြီး ဦးပညာဝံသ (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

ဆရာတော်သည် သက်တော် ၈၄ နှစ်ရှိပြီ ဖြစ်ပြီး မြန်မာ့နိုင်ငံရေး ဆွေးနွေးမှုများတွင် မပါဝင်ဘဲ ခပ်ရှောင် ရှောင် နေလာခဲ့သည်။ သို့သော်လည်း အမိနိုင်ငံအတွင်း သံဃာတော်များဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်က မတရား ဖြိုခွင်းခဲ့မှုကြောင့် မခံရပ်နိုင်တော့သည့်အဆုံး စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဝေဖန်ပြောဆိုလေသည်။

ဆရာတော်က ဗုဒ္ဓဘာသာ မြန်မာသံဃာများ၏ နိုင်ငံတကာအဖွဲ့အစည်းတခုကိုလည်း ဦးဆောင် တည် ထောင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (၀ါ) သာသနမောဠိဟု လူသိများသော အဖွဲ့အစည်းပင် ဖြစ်သည်။ ဆရာတော်သည် ထိုအဖွဲ့ကြီး၏ ပထမဦးဆုံးသော ဥက္ကဋ္ဌ ဆရာတော်တပါးလည်း ဖြစ်သည်။

မေလတွင် မြန်မာနိုင်ငံ၌ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်လိုက်သောအခါ ဆရာတော်က အမေရိကန် ပြည် ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ အဖွဲ့ပေါင်း ၂၇ ဖွဲ့ကို ခေါ်၍ ရန်ပုံငွေရှာဖွေရေး အစည်းအဝေး တရပ်ကို ဦးစီးကျင်းပခဲ့သည်။ သဘာဝဘေးဒဏ်သင့် ပြည်သူများထံ ကူညီပေးနိုင်ရေးအတွက် ရန်ပုံငွေ အနည်းဆုံး ဒေါ်လာ ၂ သန်းခန့် ကောက်ခံနိုင်ခဲ့သည်။

သြဂုတ်လတွင် ဒိန်းမတ်နိုင်ငံ၌ ဗုဒ္ဓရံသီဟု အမည်ရသော ပထမဦးဆုံးသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ဆရာတော်၏ နှစ်ပေါင်း ၅၀ ကျော် ကမ္ဘာတ၀န်း တည်ထောင်ခဲ့သော ဘုန်းတော်ကြီးကျောင်းများအနက်မှ နောက်ဆုံးတည်ထောင်ခဲ့သည့် ကျောင်းတကျောင်းလည်း ဖြစ်သည်။

ဆရာတော်ဦးပညာဝံသကို ၁၉၂၄ ခုနှစ် ဇန်န၀ါရီလ၌ ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့တွင် မီးရှုးသန့်စင် ဖွားမြင်ခဲ့ သည်။ ၀ါးခယ်မ၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ပါဠိဘာသာနှင့် ဗုဒ္ဓဘာသာကို လေ့လာဆည်းပူးခဲ့သည်။

၁၉၅၄ ခုနှစ်၌ သီရီလင်္ကာ၊ အက်ဒမန်ကျွန်းစုများ နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်း တို့တွင် သာသနာပြန့်ပွားရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားများ

၂၀၀၇ ခုနှစ် သြဂုတ်လ၊ စက်တင်ဘာလ စီတန်းချီတက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများနှင့်အတူ "၈၈ မျိုး ဆက်ကျောင်းသားများ"ဟု ထင်ရှားသည့် အတိုက်အခံများသည် ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခံရနေရ သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အပြောင်းအလဲများကို တောင်းဆိုသော လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့ကြသောကြောင့် ဖြစ်သည်။

ဤအဖွဲ့တွင် လူသိများထင်ရှားသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ မနီလာသိန်း၊ မမီးမီးအပါအ၀င် အခြားသော အဖွဲ့ဝင် ၂၂ ဦး သည် မကြာသေးမီက ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံခဲ့ရသည်။ ၎င်းတို့အားလုံး အသက် ၃၀ ကျော် ၄၀ အရွယ်များ ဖြစ်ကြသည်။ ဖိနှိပ်သူ စစ် အစိုးရလက်အောက်တွင် ထောင်သက်တမ်းပြည့် နေရမည်ဆိုပါက သူတို့၏ ဘ၀တသက်တာလုံး အကျဉ်းထောင်ထဲတွင်သာ ပြီးဆုံးသွားဖို့ ရှိနေသည်။

လောင်စာဆီကျဆင်းရေး ဆန္ဒပြသည့်အတွက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့်
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သော
မနီလာသိန်း၊ မမီးမီး၊ ကိုမြအေး၊ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ တို့ကို အတူ တွေ့ရစဉ်

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် နိုင်ငံရေးပါတီတခု မဟုတ်ပေ။ ၁၉၈၈ ဒီမိုကရေစီအရေး လူထု အုံကြွမှုကြီး ဖြစ်ပေါ်သောအချိန်တွင် ပါဝင်ခဲ့ကြသော ကျောင်းသားလူငယ်များကို စုစည်းထားသည့် လှုပ်ရှား မှု အစုအဖွဲ့တခုသာ ဖြစ်သည်။ စစ်တပ်က ထိုအုံကြွမှုကြီးကို ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူများကို နိုင်ငံတော် ဆန့်ကျင်ရေး ပုဒ်မမျိုးစုံတပ်ကာ ထောင်သွင်း အကျဉ်းချခဲ့သည်။ အများစုကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ် ခဲ့သည်။ ၁၉၉၀ နောက်ပိုင်းတွင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့သည်။

တသက်တာလုံး ထောင်ထဲတွင် နေသွားရမည့်အရေး သို့မဟုတ် အသက်ဆုံးရှုံး သွားနိုင်သည့်အရေး ရှိနေ သော်လည်း ၎င်းတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။

ထောင်ဒဏ်ချမှတ်အပြီးတွင် ခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းဇေယျာက ပြစ်ဒဏ်ချမှတ်သူ တရားသူကြီးကို "၆၅ နှစ်ပဲလားကွ.." ဟု မထီမဲ့မြင် ပြန်၍ အော်ဟစ် ပြောဆိုခဲ့သည်ဟုလည်း သတင်းများ ကြားသိခဲ့ရသည်။

ဝမ်းနည်းဖွယ်ကောင်းသော အချက်တခုမှာ သတ္တိပြောင်သော အန်တုမှုတခုတည်းဖြင့် ဒီမိုကရေစီ လှုပ်ရှားမှု ၏ ရည်မှန်းချက်များကို မရနိုင်ကြောင်း နှစ်ပေါင်း ၂၀နှစ်ဆယ်ကြာ တော်လှန်ရေး၏ သမိုင်းက သက်သေပြခဲ့ ပြီး ဖြစ်သည်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) နှင့် မျိုးဆက်သစ်လူငယ်များ အစည်း အရုံး (Generation Wave) ကဲ့သို့ အင်အားကောင်းသော လှုပ်ရှားတက်ကြွသူ အစုအဖွဲ့များ အပါအ၀င် အတိုက်အခံအုပ်စု အားလုံးကို စစ်အစိုးရက ပစ်မှတ်ထား၍ ချေမှုန်းနေသည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ တွင် အတိုက်အခံ အင်အားစုတခုလုံး တုပ်တုပ်မျှ မလှုပ်နိုင်အောင် လုပ်ထားမည့်သဘောကို တွေ့နေရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

မြန်မာနိုင်ငံ၏ ထိပ်သီးစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံ၏ အရေးပေါ် အခြေအနေနှစ်ခု ဖြစ်သော ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုလှုပ်ရှားမှုနှင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဖျက်ဆီးမှုများမှ မပွန်းမရှ ရှင်ကျန်ရစ်သူ၊ ဘေးမသီ ရန်မခ ကျန်ရစ်နေသူ ဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလုပ်ရန် ငြင်းဆန် နေသော သူ၏ ခေါင်းမာသည့်ဝသီကို ဖြိုလှဲနိုင်ရန် ပြင်ပကမ္ဘာမှ ကြိုးပမ်းအားထုတ်နေမှု အားလုံးကိုလည်း ဆက်လက်စိန်ခေါ်နေဆဲ ဖြစ်သည်။

နာဂစ် ဆိုင်ကလုန်း လေဘေးကို လျစ်လျူရှုပြီး
အာဏာတည်မြဲရေးအတွက်ကိုသာ အလေးထားသော
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဖိအားများက မြန်မာနိုင်ငံ၏ ပြင်ပမှသာ လာနေခြင်းမဟုတ်။ သတင်းများအရ အလယ်အလတ် တပ်မတော် အရာရှိများသည်လည်း ဗိုလ်ချုပ်သန်းရွှေ၏ ခေါင်းဆောင်မှုအပေါ် မကျေနပ်မှုများ တစစတိုးပွားလာနေသည် ဟူသော ပြောဆိုချက်များ ရှိနေသည်။ သို့ပင်ငြား ၎င်းတို့၏ မကျေနပ်ချက်များကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုရန်အတွက်မူ ချီတုံချတုံ ဖြစ်နေကြသေးသည်။

လူကြိုက်နည်းလာသော အခြေအနေကို လုံးဝသိနေသည့် ဗိုလ်ချုပ်သန်းရွှေက သူ၏ တကိုယ်တော်ဘ၀ကို ယုံကြည်ရသော လူနည်းစု နောက်လိုက်များ၊ ဗေဒင်ဆရာများ ခြံရံ၍ လူသူမနီး မြို့တော် နေပြည်တော်တွင် စံမြန်းနေသည်။ သူ့မိသားစုက ဗေဒင်ဆရာများ၏ ယုတ္တိမတန်သော အကြံဉာဏ်များ၊ အကြံပေးချက်များကို သာ နှစ်နှစ်ခြိုက်ခြိုက် အားကိုးလိုက်နာ၍ ပြဿနာဖြေရှင်းနိုင်ရေး လုံးပမ်းနေကြသည်။

မြန်မာနိုင်ငံ၏ လက်တွေ့ အဖြစ်အပျက်များကို မျက်ကွယ်ပြုနေသော ဗိုလ်ချုပ်သန်းရွှေသည် ပကတိ အခြေ အနေကို သိမြင်လာစေရေး ကြိုးပမ်းအားထုတ်မှုအားလုံးကိုလည်း ပစ်ပစ်ခါခါ ငြင်းပယ်နေပြန်သည်။ မစ္စတာ အီဗရာဟင် ဂန်ဘာရီကဲ့သို့သော ကုလသမဂ္ဂကိုယ်စားလှယ်များကိုလည်း အဖက်မတန်သလို ဆက်ဆံခဲ့ သည်။ လာရောက်တွေ့ဆုံလည်ပတ်သော သံတမန်များကိုလည်း "စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ" စနစ် သို့ ဦးတည်သွားနေသော စစ်အစိုးရ၏ တိုးတက်လုပ်ဆောင်မှုများအကြောင်း ဆက်လက် သြ၀ါဒခြွေနေ သည်။

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် စသော တောင်းဆိုချက်များကို လျစ်လျူရှုထားဆဲ ဖြစ်သည်။ မေလတွင် တိုင်းပြည်အတွင်းရှိ နေရာအများအပြားကို နာဂစ်သဘာဝဘေးဆိုးက ဖျက်ဆီးပစ်ခဲ့သောအခါ မုန်တိုင်းဒဏ်ခံ ပြည်သူများထံသို့ အရေးပေါ် အထောက်အပံ့များ ပေးခွင့်ပြုရန် နိုင်ငံတကာ၏ မေတ္တာရပ်ခံချက်ကိုလည်း ဗိုလ်ချုပ်သန်းရွှေက မကြားဟန် ပြုခဲ့ပြန်သည်။

အသက် ၇၆ နှစ် ပြည့်တော့မည့် ဗိုလ်ချုပ်သန်းရွှေသည် နိုင်ငံရေးဇာတ်ခုံမှ ဆောလျှင်စွာ ဆင်းပေးမည့်ဟန် မပြသေးသည့်အပြင် စီစဉ်ထားသော ၂၀၁၀ ရွေးကောက်ပွဲအထိ ဆက်ရှိနေဦးမည်ဟု မျှော်လင့်ရသည်။ ၎င်း ရည်မှန်းချက် အောင်မြင်ရေးအတွက် မည်သည့်အတားအဆီးကိုမှ လက်မခံနိုင်သော ပိုင်းဖြတ်ချက်က သူ၏ ရူးသွပ်ခေါင်းမာစိတ်နှင့် ရက်စက်ကြမ်းကြုတ်မှုကို ပြသနေသည်။

ဉာဏ်များသောခေါင်းဆောင်ကြီးက နိုင်ငံတကာမှဝေဖန်သူများ ရှုပ်ထွေးသွားရန် မရေရာသော သတင်း အချက်အလက်များ မကြာခဏ ဖြန့်ပေးခြင်းဖြင့် အချိန်ကို ဆွဲဆန့်နေသေးသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟူသော ရွေးကောက်ပွဲအကြို လုပ်ဟန်တခုကိုပင် ပြောဆိုသံများ ကြားနေရပြန်သည်။ သို့သော်လည်း ဤသတင်းစကားကို မည်သူတဦးကမျှ အယုံအကြည် မရှိကြပေ။

ဦးအောင်သောင်း

ဦးအောင်သောင်းဟူသော အမည်ကို အမှတ်ရနေဖို့လိုသည်။ သူက လောလောဆယ်တွင် လူစိတ်ဝင်စားခြင်း မရှိသော အမှတ် (၁) စက်မှုဝန်ကြီးရာထူးကို ယူထားသည်။ သို့သော်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် အရပ်သားအစိုးရကို ဦးဆောင်မည့်သူတဦးဟု အများက ယူဆနေကြသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် ပေါ်ပေါက်လာမည့် အရပ်သား အစိုးရတွင် ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးခံနေရသော စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

ဦးအောင်သောင်း၏ အမည်က လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်ခဲ့သော ဖြစ်ရပ်တခုမှ အစပြုပြီး ပေါ်ထွက်လာ သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော မော်တော်ကားတန်းကို စစ်ကိုင်း တိုင်း၊ ဒီပဲယင်းမြို့အနီး ခြုံခိုတိုက်ခိုက်မှုတွင် သူနှင့် ကွယ်လွန်သူ ၀န်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်းတို့ ပါဝင် ပတ်သက်ခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူအများအပြားလည်း ၎င်းလုပ်ကြံမှုတွင် သေဆုံးခဲ့ကြရသည်။ ဒေါ်စု ကိုယ်တိုင် အသက်ဘေးမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သော်လည်း အဖမ်းခံရပြီး ဤဖြစ်ရပ်နောက်ပိုင်းမှ လက်ရှိအချိန်တိုင် အိမ်အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည်။

ဦးအောင်သောင်းက ဗိုလ်ချုပ်သန်းရွှေ၏ ရုံးခန်းနှင့် မိသားစုနေအိမ်သို့ တံခါးမရှိဓားမရှိ ၀င်ထွက်နိုင်သူတဦး ဖြစ်သည်နှင့်အညီ သူ၏တက်လမ်းသြဇာ ကြီးထွားခဲ့ရသည်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ သမီးနှင့် သူ၏သား လက်ထပ်ထားသောကြောင့်လည်း စစ်အစိုးရအတွင်း သူ၏ သြဇာ ပိုမိုတောင့်တင်းလာသည်။

သူက ဗိုလ်ချုပ်မောင်အေးနှင့်လည်း အလွမ်းသင့်သည်။ ဦးအောင်သောင်းမိသားစုက မြန်မာနိုင်ငံ၏ အချမ်းသာဆုံး မိသားစုများအနက်မှ တခုဖြစ်သည်ဟု ဆိုနိုင်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် အခြားသစ်တောထွက်ပစ္စည်းများ ကူးသန်းရောင်းဝယ်သော အောင်ရီဖြိုး၊ ကွင်းစတား၊ IGE စသည့် ကုမ္ပဏီ ၃ ခု ကိုလည်း ပိုင်ဆိုင်ထားသည်။ ၎င်းကုမ္ပဏီများက ကွန်ပျူတာနှင့် အခြားလျှပ်စစ်ပစ္စည်းများကိုလည်း တင်သွင်းရောင်းချနေကြသည်။

မြန်မာ့စီးပွားရေးလာကတွင် ထိုကဲ့သို့သော လုပ်ပိုင်ခွင့်ရထားသူများသည်လည်း တခါတရံတွင် ဗိုလ်ချုပ် သန်းရွှေ၏ ကွပ်ညှပ်မှုကို ခံရသည်။ သို့သော် ခန့်မှန်းရခက်သော ဗိုလ်ချုပ်သန်းရွှေက ဦးအောင်သောင်း မိသားစု၏ စီးပွားရေးလုပ်ငန်းများကို မသိကျိုးကျွန် ပြုထားလေသည်။ ဗိုလ်ချုပ်သန်းရွှေ၏ လက်သုံးတော် ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၏ အင်ပါယာနှင့် ယှဉ်ပြိုင်ရသည့်အခါတွင်ပင် မသိကျိုးကျွန်ပြု၍ လွှတ်ထားပေးခဲ့ သည်။



REF: ဧရာဝတီ

Read More...

၂၀၀၈ ခုနှစ်၏ အရေးပါသူများ (၂)

မောင်စူးစမ်းနှင့် သခင်တင်မြ

နိုင်ငံရေးဆိုင်ရာ အယူအဆကွဲပြားမှု၊ တိုက်ပွဲ ပြင်းထန်သော ကာလများတွင် တဘ၀စာ နှစ်မြုပ် ဖြတ်သန်း ခဲ့မှုတို့က မောင်စူးစမ်းနှင့် သခင်တင်မြကို လက်တွေ့ဆန်သူများအဖြစ်သို့ တွန်းပို့ပေးခဲ့ဟန်ရှိသည်။ အသက် ၈၀ ကျော်ကြပြီဖြစ်သော်လည်း နှစ်ဦးလုံးက လတ်တလော ဖြစ်ထွန်းမှုများအပေါ် ထက်ထက်သန်သန် လေ့ လာနေကြဆဲ ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် နှစ်ပေါင်းများစွာအတွင်း နိုင်ငံရေးအရောင် တခုပြီးတခု ပြောင်းလဲခဲ့သူများဖြစ်ကြသည်။ လာမည့် ၂၀၁၀ ရွေးကောက်ပွဲသို့ ဦးတည်နေသော စစ်အစိုးရ၏ လမ်းပြ မြေပုံသာလျှင် လက်တွေ့ကျသော နည်းလမ်းတခုအဖြစ် ရှုမြင်ကာ ပူးပေါင်းပါဝင်သင့်သည်ဟု ကောက်ချက် ချထားကြသူများလည်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရေးသည် အဆင်တန်ဆာဖြစ်ပြီး အနှစ်သာရမဟုတ်ဟု ပြောဆိုသော
စာရေးဆရာ မောင်စူးစမ်း (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

ရန်ကုန်ထုတ် အပတ်စဉ်ဂျာနယ်များပါ သုံးသပ်ချက်ဆောင်းပါးများတွင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ရှေ့ဆက်လှမ်းရန်အတွက် လက်တွေ့ကျသော တခုတည်းသော နည်းလမ်းဖြစ်သည်ဟု မောင်စူးစမ်းက ပြော ခဲ့သည်။ လူထုအကြားတွင် အခြားအစားထိုးနည်းလမ်းများ ချပြနေခြင်းသည် အချိန်ကုန် လူပင်ပန်းသာ ဖြစ် မည်ဟု သူက အကြံပြု တိုက်တွန်းခဲ့သည်။ "တွေ့ဆုံဆွေးနွေးရေးသည် တန်ဆာဆင်မှုသာ ဖြစ်သည်။ အနှစ် သာရမဟုတ်" ဟု သူက ရေးသားခဲ့သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု ပြီး ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူတဦးက စစ် အစိုးရကို ဗြောင်ကျကျ ထောက်ခံလိုက်သည့်အတွက် အံ့အားသင့်ကြရသည်။ အင်တာနက် ဘလော့ စာမျက်နှာများတွင် မောင်စူးစမ်းကို တိုက်ခိုက်ဝေဖန်မှုများ ပေါ်ထွက်လာသည်။ မောင်စူးစမ်း နာနာကျင်ကျင် ဖြစ်သွားပြီး " ဘလော့ဂါ၏ ဗီဇစိတ်"ဟု ပြန်လည်ရေးသား ချေပခဲ့သည်။

သုံးသပ်ချက်ဆောင်းပါးများရေးနေသူ ၀ါရင့်စာရေးဆရာမောင်စူးစမ်းက သူ့အပေါ် ဝေဖန်သူများကို မရိုး မသား စကားလုံးများ၊ အခြေအမြစ်မဲ့ စွပ်စွဲချက်များ၊ အလောတကြီး ကောက်ချက်ချခြင်းများ၊ ခြိမ်းခြောက် ခြင်းများ ပြုနေမည့်အစား "ပညာရှင်ဆန်ဆန် ဆွေးနွေးငြင်းခုန်ရန်" စိန်ခေါ်ခဲ့သည်။

မောင်စူးစမ်းဘ၀တလျှောက်တွင် ကြမ်းတမ်းသော၊ ကစဥ့်ကလျား နိုင်ငံရေးဘ၀များကို ဖြတ်သန်းခဲ့ဖူးပြီး ဖြစ် သည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကို ဆန့်ကျင်သော ၁၉၃၈ အထွေထွေသပိတ်တွင် ကျောင်းသားငယ်တဦး အဖြစ် ပါဝင်ခဲ့သည်။နောက်ပိုင်းတွင် ကွန်မြူနစ်ပါတီသို့ တောခိုကာ လက်နက်ကိုင်တော်လှန်ရေးကို ထောက် ခံခဲ့သည်။

၁၉၅၇ ခုနှစ်တွင် မောင်စူစမ်းက အာဏာပိုင်များထံ လက်နက်ချခဲ့သည်။ ၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံ အပြီးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့ပြီး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အဖြစ် တာဝန်ပေးခံခဲ့ရသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အောင်မြင်စွာ အရွေးချယ်ခံခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၁၀ ရွေးကောက်ပွဲထက် ပိုကောင်းသည့် အစီအစဉ် မရှိဟု ဆိုသော
နိုင်ငံရေးသမားဟောင်းနှင့် စာရေးဆရာ သခင်တင်မြ (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

သခင်တင်မြ၏ လက်တွေ့ကျကျ အမြင်သည်လည်း သူ၏ ဘ၀တသက်တာ အငြင်းပွားဖွယ် နိုင်ငံရေး ဖြတ်သန်းမှုများမှ ဖြစ်ထွန်းပေါ်ထွက်လာခြင်း ဖြစ်တန်ရာသည်။ အသက် ၈၄ နှစ်ရှိပြီဖြစ်သော သခင်တင်မြ သည် နိုင်ငံရေးဘက်အမျိုးမျိုး၊ အရောင်အမျိုးမျိုးဖြင့် ဖြတ်သန်းခဲ့ဖူးသည်။ ဒုတိယကမ္ဘာ စစ်ကြီးအတွင်း ကွန်မြူနစ်ပါတီ၏ အဖွဲ့ဝင်တဦး ဖြစ်ခဲ့သည်။ ၁၉၄၆ ပါတီ နှစ်ခြမ်းကွဲသောအခါတွင် အလံနီပါတီဘက်သို့ ရပ် တည်ခဲ့သည်။ နှစ်အနည်းငယ်ကြာသောအခါတွင် အလံဖြူအုပ်စုဘက်သို့ ပြောင်းခဲ့ပြန်သည်။ သခင်တင်မြ သည် ၁၉၆၀ ပြည့်နှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်လှုပ်ရှားမှုကို ရန်ကုန်မြို့၌ တာဝန်ခံ လုပ် ဆောင်နေစဉ် စစ်ထောက်လှမ်းရေးအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းယူသော ၁၉၆၂ စစ်အာဏာသိမ်းပွဲကို သူက ထောက်ခံခဲ့ပြီး အာဏာရှင်၏ စစ် ကောင်စီကို ထောက်ခံခဲ့ပြန်သည်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို ခြေစုံပစ် လက်ခံခဲ့ပြန် သည်။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးတွင် သူ၏ နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲပုံကို တဖန် တွေ့ကြရပြန် သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ရွှေတို့ တည်ထောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံခဲ့သည်။

၁၉၉၀ ပြည့်နှစ်တွင် အဖွဲ့ချုပ်နှင့် ပတ်သက်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။ ကျန်းမာရေး အခြေအနေကြောင့် ၃ နှစ်အကြာတွင် ထောင်မှ ပြန်လွတ်လာခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် လက်တွေ့ကျသော တခုတည်းသော နည်းလမ်းဖြစ်သည် ဟူ သော မောင်စူးစမ်း၏အမြင်ကို သခင်တင်မြက လက်ခံလိုက်ကာ နှစ်ပေါင်း ၉၀ ၀န်းကျင်ရှိ သူ၏ ဘ၀ သက်တမ်းတွင် နောက်ထပ်တဖန် ရပ်တည်ချက် ပြောင်းခဲ့ပြန်သည်။ သခင်တင်မြက "ဘာမှမရှိတာထက် စာ ရင် တခုခုရှိတာက ပိုကောင်းတာပေါ့" ဟု သတင်းဌာနတခု၏ တွေ့ဆုံမေးမြန်းချက်တွင် ထုတ်ဖော်ပြောဆိုခဲ့ သည်။

သတင်းထောက်များနှင့် ဘလော့ဂါများ

မြန်မာစစ်အစိုးရသည် တိုင်းပြည်အတွင်းနှင့် အပြင် သတင်းစီးဆင်းမှုကို ထိန်းချုပ်ရန်အတွက် အသည်း အသန်ဖြစ်နေချိန်တွင် ပြည်တွင်း သတင်းထောက်များနှင့် သာမန်ပြည်သူများက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ် နေသော ပကတိအခြေအနေများကို ပြင်ပကမ္ဘာမှ သိလာစေရန် အန္တရာယ်ကြားမှ အရဲကိုး ဆောင်ရွက်နေ ကြခြင်းကြောင့်လည်း ဆက်လက်ပြီး အဖမ်းဆီးခံနေကြရ၊ ထောင်ချခံရ၊ အနှိပ်စက်ခံနေကြရ ပြန်သည်။

လက်ရှိ စစ်အစိုးရ အကျဉ်းထောင်တွင်း ထောင်ဒဏ် ကျခံနေရသော
ဘလော့ဂါ ကိုနေဘုန်းလတ် နှင့် သတင်းထောက် မအိမ့်ခိုင်ဦး (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် အီကိုဗွီးရှင်း (Ecovison) ဂျာနယ် သတင်းထောက်ဖြစ်သူ အသက် ၂၄ နှစ်ရှိ မအိမ့်ခိုင်ဦး၏ အမှန်တရားကို ထုတ်ဖေါ်ပြောဆိုရဲသော သတ္တိကြောင့် အာဏာပိုင်များ၏ အမြင် တွင် ဆန့်ကျင်သူ သတင်းထောက်တဦးအဖြစ် အမျက်ရှခဲ့ကြသည်။ ဇွန်လ ၂၀ ရက်နေ့တွင် သူက ရန်ကုန် မြို့ ကုလသမဂ္ဂရုံးတရုံးရှေ့တွင် နာဂစ်မုန်တိုင်းမှ အသက်ရှင်ကျန်ရစ်သူ ၂၀ ခန့်၏ တောင်းဆိုဆန္ဒပြမှု အကြောင်းကို သတင်းရယူခဲ့သောကြောင့် အဖမ်းခံခဲ့ရသည်။ နောက်ပိုင်းတွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရ သည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ မီဒီယာလွတ်လပ်ခွင့် စောင့်ကြည့်မှု အစီရင်ခံစာအရ ယခုနှစ် အစောပိုင်းမှစ၍ ထောင်ချခံရသော မြန်မာသတင်းထောက် အရေအတွက်သည် နိုဝင်ဘာလတွင် ၁၀ ဦးရှိခဲ့သည်။ စောင့်ကြည့် (News Watch) အပတ်စဉ်ဂျာနယ်မှ အယ်ဒီတာ ဦခင်မောင်အေး၊ သတင်း ထောက် ကိုထွန်းထွန်းသိန်းတို့နှစ်ဦးက နိုင်ငံအတွင်းရှိ တရားရုံးများတွင် ဖြစ်ပျက်နေသည့် ခြစားမှု သတင်း ဆောင်းပါးတပုဒ် ဖော်ပြမိခြင်းကြောင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။

ပုံနှိပ်မီဒီယာလုပ်ငန်းများကို ပိတ်ဆို့ထားရန် ဆက်လက်ကြိုးကိုင်ထားသည့် မတရားဆိုးဝါးသော စာပေစိစစ် ရေး ဆင်ဆာစနစ်ကို ကျော်လွှားနိုင်ရန်အတွက် အင်တာနက်ကို အသုံးပြု၍ သတင်းရေးသားနေကြသော "နိုင်ငံသား သတင်းထောက်များ" ဟု ခေါ်ကြသည့် လူငယ်များကိုလည်း စစ်အစိုးရက ပစ်မှတ်ထားတိုက်ခိုက် နေပြန်သည်။ မြန်မာ့ဘလော့ လောက၏ ဦးစီးရှေ့ဆောင်တဦးဖြစ်သူ အသက် ၂၈ နှစ်ရှိ ကိုနေဘုန်းလတ် ကို ၁၉၉၆ ခုနှစ် ကွန်ပျူတာသိပ္ပံ ဖွံ့ဖြိုးတိုးတက်မှု ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လ ချမှတ်ခဲ့သည်။ ၎င်းဥပဒေက နိုင်ငံတော်လုံခြုံရေးကို ထိပါးစေသော မည်သို့သော လုပ်ဆောင်ချက်ကိုမဆို ကွန်ပျူတာများအသုံးပြု၍ ဆောင်ရွက်ခြင်းကို တားမြစ်ထားသည်။

တချိန်တည်းတွင် နိုင်ငံတကာမိသားစုက အေပီ (Associated Press) သတင်းဌာန၏ သတင်းထောက် ဒေါ်အေးအေးဝင်းကို ဂုဏ်ပြုခဲ့သည်။ နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်း (International Women's Media Foundation) ကပေးသည့် ၂၀၀၈ ခုနှစ် အတွက် ရဲရင့်သော သတင်းသမားဆုကို ဒေါ်အေးအေးဝင်း ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် သတင်းထောက်တဦးအဖြစ် နှစ်ပေါင်း ၂၀ နီးပါး လုပ်ကိုင်နေ သူ ဒေါ်အေးအေးဝင်းက သူ၏ စာဖြင့်ရေးထားသော ဆုလက်ခံမိန့်ခွန်း၌ မြန်မာပြည်တွင် သတင်းထောက် လုပ်ရခြင်းသည် အန္တရာယ်များသောလုပ်ငန်း ဖြစ်သည်ဟု ဆိုခဲ့သည်။

ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူများ

အမိမြန်မာပြည်အတွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ ဖြစ်ထွန်းလာစေရန်အတွက် လုပ်ဆောင်နေကြသော ပြည်ပရောက်တက်ကြွလှုပ်ရှားသူ ၃ ဦးသည်လည်း ၂၀၀၈ ခုနှစ်အတွင်း သူတို့၏ အားထုတ်မှုများအတွက် နိုင်ငံတကာ၏ ဂုဏ်ပြုမှုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြသည်။

ကိုဘိုကြည် (ဓာတ်ပုံ - ဧရာဝတီ) နှင့် ဇိုရာဖန်း (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဆုရရှိခဲ့သူ ထိုသုံးဦးမှာ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (အေအေပီပီ) အသင်း၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် ၊ မြန်မာနိုင်ငံဆိုင်ရာ အာရှ-ပစိဖိတ် ပြည်သူများ ကွန်ရက်အဖွဲ့ (Asia Pacific People's Partnership on Burma) ၏ တာဝန်ခံ ဒေါ်ခင်ဥမ္မာနှင့် ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) မှ နန်းချမ်တောင်းတို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်ရှည်ထောင်ဒဏ် ၂ ကြိမ်ကျခံခဲ့သူ ကိုဘိုကြည်သည် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch) က ၂၀၀၈ ခုနှစ်အတွက် ပေးအပ်သော လူ့အခွင့်အရေး ခုခံ ကာကွယ်သူများဆိုင်ရာဆု (Human Rights Defender prize) ချီးမြှင့်ခံခဲ့ရသည်။ ကိုဘိုကြည်သည် ထင်ရှားသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ သူငယ်ချင်းတယောက်ဖြစ်သည်။ လူ့ အခွင့်အရေး ချိုးဖောက်မှုများကို ဖေါ်ထုတ်ပေးနေသည့် သူ၏ လုပ်ဆောင်ချက်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ တရားမျှတမှုရရှိစေရန်အတွက် အန္တရာယ် အခက်အခဲကြားမှ ကြိုးပမ်းချက်များကြောင့် ဤဆုအတွက် ရွေးချယ်ခြင်းဖြစ်သည်ဟု ဆုပေးသည့်အဖွဲ့က ဖော်ပြခဲ့သည်။ ကိုဘိုကြည်သည် လူ့အခွင့်ရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ကာ နိုင်ငံရေးအကျဉ်းသားများကို ကူညီနေသော အေအေပီပီအသင်းတွင် ဦးဆောင်နေသူတဦးဖြစ်သည်။

ဒေါ်ခင်ဥမ္မာနှင့် နန်းချမ်တောင်း (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဒေါ်ခင်ဥမ္မာ၊ နန်းချမ်တောင်းတို့ နှစ်ဦးသည်လည်း ၀ါရှင်တန်အခြေစိုက် ကမ္ဘာ့မိတ်ဖက်ပြုမှုအတွက် အရေးပါ သော အသံများ (Vital Voices Global Partnership) အဖွဲ့မှ ပေးအပ်သောဆု ရရှိခဲ့သည်။ ထိုအဖွဲ့သည် ကမ္ဘာတလွှားရှိ အမျိုးသမီးခေါင်းဆောင်များနှင့် အတူတကွ လက်တွဲလုပ်ကိုင်နေသော စေတနာ့ဝန်ထမ်းအဖွဲ့ ဖြစ်သည်။ ၎င်းအဖွဲ့က ဒေါ်ခင်ဥမ္မာ၊ နန်းချမ်တောင်းတို့နှစ်ဦးသည် သာမန်ပြည်သူများအကြား ဒီမိုကရေစီ ပြန့်ပွားရေး၊ ဥပဒေကြောင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ လုပ်ဆောင်နေကြ သူများဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ဒေါ်ခင်ဥမ္မာသည် ၁၉၈၈ လူထုအရေးတော်ပုံကြီးတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။ နန်းချမ်တောင်း သည် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားအမျိုးသမီးများအပေါ် မြန်မာစစ်တပ်က ကျူးလွန်သော အဓမ္မပြု ကျင့်မှုများနှင့် အခြားရာဇ၀တ်မှုများကို မှတ်တမ်းတင်ထားသော "မုဒိမ်းကျင့်ခွင့်လိုင်စင်" အမည်ရ အစီရင် ခံစာတခုကို ထုတ်ဝေခဲ့သူဖြစ်သည်။

၂၀၀၈ ခုနှစ်အတွင်း ဒီမိုကရေစီအရေးအတွက် အားသွန်ခွန်စိုက် လှုံ့ဆော်ခဲ့သည့် ပြည်ပရောက် လှုပ်ရှား တက်ကြွသူ အခြားတဦးမှာ အင်္ဂလန်အခြေစိုက် Burma Campaign (UK) ၏ နိုင်ငံတကာ တာဝန်ခံဖြစ်သည့် ကရင်တိုင်းရင်းသူ နန့်ဇိုရာဖန်း ဖြစ်သည်။ ဥရောပတိုင်းပြည်များအနှံ့သို့သွားပြီး မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူမှုများ ချမှတ်ကြရန် အစိုးရများကို အကြံပြု လှုံ့ဆော်ခဲ့သည်။

ဖဒိုမန်းရှာ

၂၀၀၈ ခုနှစ်တွင် ကရင်တိုင်းရင်းသားများအတွက် သူရဲကောင်းတဦး ဆုံးရှုံးခဲ့ရသည်။ အသက် ၆၄ နှစ်အရွယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဖဒိုမန်းရှာသည် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် သေနတ်သမားများ၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည်။ ထိုလူသတ်မှုအတွက် မည်သူ တဦးတယောက်ကမှ တာဝန်ရှိသည်ဟု ထုတ်ဖေါ်ပြောဆိုခြင်း မပြုခဲ့သော်လည်း လူအများအပြားက “တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)” ကဲ့သို့သော ကရင်ခွဲထွက်အုပ်စုများ အပေါ်တွင် သင်္ကာမကင်း ရှိခဲ့ကြသည်။

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက်ပါ ဆုံးရှုံးသွားရသည့်
ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ (ဓာတ်ပုံ - ဧရာဝတီ)

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို ဖြိုခွင်းချေမှုန်းမှုများအပြီး တောတွင်းသို့ ထွက်ပြေးလာသော ကျောင်းသားများ ကို မည်ကဲ့သို့စုစည်းရမည်၊ မည်သို့ ပြောက်ကျားစစ်ပွဲ ဆင်နွှဲရမည်နှင့် ပတ်သက်၍ ဖဒိုမန်းရှာက အဓိက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ကူညီပေးခဲ့သည်။ ဖဒိုမန်းရှာသည် သတင်းမီဒီယာဌာနများနှင့် အဆင်ပြေ ရင်းနှီးကျွမ်းဝင်သူ ကရင်ခေါင်းဆောင်တဦးလည်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုအတွင်း KNU၏ အခန်းကဏ္ဍကို လူသိများလာစေရန် ပြည်ပရောက် မြန်မာရေဒီယိုသတင်းဌာနများ၏ ထုတ်လွှင့်ချက် များမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်သည်။

ဖဒိုမန်းရှာသည် ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ စဉ်းစားချက်ကို အင်တိုက်အားတိုက် မြှင့် တင် ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည့်အပြင် မူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်ကိုလည်း ထောက်ခံအားပေးခဲ့ သည်။ ဒီမိုကရေစီ အတွေးအခေါ်များ မြှင့်တင်ပေးခြင်း၊ လွတ်လပ်သော သတင်းမီဒီယာကို အားပေးခြင်းနှင့် လူထုအခြေပြု အဖွဲ့အစည်းများအကြား လွတ်လပ်သော ဆွေးနွေးငြင်းခုန်မှုများ ဖြစ်ပေါ်လာစေရန်လည်း သူက တွန်းအားပေးခဲ့သည်။

သို့သော်ငြားလည်း ဖဒိုမန်းရှာသည် ကရင်အမျိုးသားရေး လှုပ်ရှားမှုတခုလုံး ညီညွှတ်လာစေရန်အတွက် မစွမ်းဆောင်နိုင်ခဲ့ပါ။ တခါတရံတွင် သူ၏ ယုံကြည်မှုအပေါ် အပေးအယူ လုပ်ရခက်သောသူတဦးဖြစ်သည်။ အထူးသဖြင့် စစ်အစိုးရနှင့် ပတ်သက်လာလျှင် လုံးဝ အလျှော့အတင်း မရှိခဲ့သူဖြစ်သည်။ နိုင်ငံရေးကိစ္စရပ် များစွာတွင်လည်း သူ၏ ပြင်းထန်သည့် ရပ်တည်ချက်များကြောင့် မကြာခဏဆိုသလို ဝေဖန်ပြောဆိုခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။

REF: ဧရာဝတီ

Read More...

မင်္ဂလာဒုံလေဆိပ်ကို ဘန်ကောက်လေဆိပ်ကဲ့သို့ အစီးမခံရအောင် နအဖ ၀န်ကြီးချူပ် ညွှန်ကြား

၆ ဇန်န၀ါရီ ၂၀၀၉

ထိုင်းနိုင်ငံ ဘန်ကောက် ဆူဝမ်နဖုန်လေဆိပ်ကို ပီအေဒီ ဆန္ဒပြသူများ ၀င်စီးသည့်အဖြစ်မျိုးမှ ကာကွယ်နိုင် ရေးအတွက် ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားရန် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ညွှန်ကြားလိုက်သည်။

မကြာခင်က နေပြည်တော်မှာ ကျင်းပပြီးစီးခဲ့သည့် ၀န်ကြီးအဖွဲ့အစည်းအဝေးတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ဘန်ကောက် ဆူဝမ်နဖုန် လေဆိပ်အဖြစ်မျိုး ၀င်အစီးမခံရအောင် ကြိုတင်ကာကွယ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြော သည်။

“ခုလို ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ၀င်အစီးမခံရအောင် ညွှန်ကြားတဲ့ သဘောက ၂၀၀၉ ခုနှစ်ထဲမှာလည်း ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်လို့ စစ်အစိုးရက မှန်းထားတဲ့သဘောလို့ တွက်လို့ရပါတယ်။ ကျနော်တို့ ၀န်ထမ်းတွေကတော့ အဲလိုပဲ နားလည်ကြပါတယ်။ ၂၀၀၉ မှာလည်း ခပ်ကြမ်းကြမ်း ကိုင်မယ့်သဘောလို့ လည်း ပြောနိုင်ပါတယ်။ တဖက်ကတွက်ရင်လည်း စစ်အစိုးရအနေနဲ့ အကြမ်းဖက်အုပ်ချုပ်နေတဲ့တိုင် သူတို့ ကိုယ်သူတို့ မလုံခြုံဘူးဆိုတာ ပြနေတာပါ” ဟု အမည်မဖော်လိုသည့် နေပြည်တော် ၀န်ထမ်းတဦးက ပြော သည်။

မြန်မာစစ်အစိုးရသည် ထိုင်းနိုင်ငံရေးဖြစ်စဉ်ကို သတိထားစောင့်ကြည့်သော်လည်း တချိန်က ဘန်ကောက် မြန်မာသံရုံး အစီးခံထားရသည့်ကိစ္စ ဒီမိုကရက်ပါတီကိုင်တွယ်ပုံ မကျေနပ်သည့်အတွက် လက်ရှိ ထိုင်းအစိုးရ သစ်သတင်းများကို အစိုးရမီဒီယာများ၌ အမှောင်ချထားသည်။

ဒီမိုကရက်သမိုင်းကြောင်းအရ အာဘီဆစ်အစိုးရသည် မြန်မာစစ်အစိုးရအပေါ် တပ်ဆင်နှင့် လက်ဝေခံ အစိုးရများကဲ့သို့ အောက်ကျခံ ဆက်ဆံမည်မဟုတ်ဘဲ မြန်မာနှင့်ဆက်ဆံရေးပေါ်လစီကို ခပ်တင်းတင်းထား မည့် အစိုးရဖြစ်သည်ဟု The Nation သတင်းစာက ထောက်ပြသည်။



REF: ခေတ်ပြိုင်

Read More...

ဒေါ်စု လွတ်လပ်ရေး သီချင်းများဖွင့်


Monday, 05 January 2009

အကျယ်ချုပ် ကျခံနေရဆဲဖြစ်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ က ကျရောက်သည့် ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ၎င်း၏ နေအိမ်၌ လွတ်လပ်ရေးနှင့်သက်ဆိုင်သည့် သီချင်းများကို ဖွင့်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်က ခြံတခါးဝ နဖူးစည်းတွင် အ၀တ်အနီပေါ်၌ စာလုံးအ၀ါရောင်ဖြင့်“တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ရှေးရှုပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ။ ဗိုလ်ချုပ် အောင်ဆန်း ”ဟု လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြောစကား ရေးသားထားသည့် ဆိုင်းဘုတ်တခုကို ချိတ်ဆွဲထားကြောင်းလည်း ဦးဥာဏ်ဝင်း က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆောင်ရွက်တာလို့ သိရတယ်၊ အဲဒါ ပတ်ဝန်းကျင်က လူတွေက လွတ် လပ်ရေးနဲ့ ဆိုင်တဲ့သီချင်းတွေ ဖွင့်တာကြားရတယ်လို့ အဲဒီလိုလည်း ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ကြာသပတေးနေ့က မိသားစု ဆရာဝန် တွေ့ရှိချက်အရ ကောင်းမွန်သည်ဟုကြားသိရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးဝန်းကျင်တွင် လုံခြုံရေးများ ပုံမှန်ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီ ရုံးချုပ်တွင် ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ၍ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်ဟု ဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။

ယင်းကြေညာချက်တွင် ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသုံးသပ်ရေးကော်မတီ ဖွဲ့စည်းပေးရန်၊ ယင်းကော်မတီက ၆ လအတွင်း အပြီးအပြတ်ဆောင်ရွက်ရန် စသည့်အချက်များ အဓိက ပါဝင်သည်ဟု ၎င်းကဆိုသည်။

အန်အယ်လ်ဒီအနေနှင့်၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးမည်ကဲ့သို့ ဆောင်ရွက်မည်ကို ပြောဆိုမထား သော်လည်း ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည် မဖော်ဘဲနှင့် နောင်ပြုလုပ်မည့် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားရန်မရှိဟူသော အဓိပ္ပာယ်ရသည့် ဒေါ်အောင်ဆန်း စုကြည်၏ မိန့်ခွန်းကောက်နုတ်ချက်ကို စာမျက်နှာ ၆ မျက်နှာရှိ အဆိုပါ လွတ်လပ်ရေးနေ့ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားကြောင်းလည်း သိရသည်။

ယင်း ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု၍ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးတို့အတွက်ကြိုးပမ်းအားထုတ်နေကြသည့် မြန်မာနိုင်ငံသားများ၏ ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်မှုများကို အမေရိကန်နိုင်ငံက ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကမူ ၎င်း၏ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် လမ်းပြမြေပုံ (၇) ဆင့်အတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ပြည်သူတရပ်လုံးက တခဲနက်ထောက်ခံထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံသစ်နှင့် အညီ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းရန်အတွက် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားထား ကြောင်းကို အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

တချိန်တည်းတွင်ပင် ၎င်း ဗိုလ်ချုပ်မှူးကြီး၏ စစ်အစိုးရကို စာတစောင်ရေး၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အယူခံလွှာနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား တွေ့ခွင့်ပေးရန် ထပ်မံတောင်းဆို ထားကြောင်း ရှေ့နေကြီးဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို ကိုင်တွယ်ဆောင်ရွက်မည့် အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သို့ လိပ်မူ၍ အယူခံလွှာနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်လိုအပ်ကြောင်း ပြီးခဲ့ သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က စာရေးသား တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု ဦးကြည်ဝင်းက ပြောပြသည်။

“စာတင်တာ အဓိက က အယူခံလွှာတင်ပြီးပြီဆိုတာကို ဒေါ်စုကို သတင်းပို့ဖို့ နဲ့ အယူခံလွှာရဲ့ နောက်တဆင့် လျှောက်လှဲချက်ပေးတာ၊ အဲဒီအခါမှာ ကျနော်တို့ ရှေ့နေတွေရဲ့သဘောနဲ့ ပြောတာမျိုး မဖြစ်သင့်ဘူး၊ ကာယကံရှင်ရဲ့ ညွှန်ကြားချက် ရယူဖို့ ၊ ညွှန်ကြားချက်ရယူပြီးပြောမှ စစ်မှန်တဲ့ လျှောက်လှဲချက်ဖြစ်မှာပေါ့၊ အဲဒီ ၂ ချက် အတွက် ဒေါ်စုနဲ့တွေ့ဆုံဖို့ လိုပါတယ်၊ တွေ့ဆုံချင်ပါတယ် မဟုတ်ဘူး၊ အဲဒီအတွက် ထပ်တင် တာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။

၂၀၀၈ ခု ဒီဇင်ဘာလအစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းခဲ့သည်ကို သက်ဆိုင်ရာ အာဏာပိုင်များက အယူခံလွှာကိစ္စနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က ဆောင်ရွက်နေသည့်အတွက် တွေ့ဆုံရန် မလိုကြောင်း ပြောဆို၍ ခွင့်ပြုချက်မပေးခဲ့သောကြောင့် ယခုကဲ့သို့ ထပ်မံ တောင်းဆိုရခြင်းဖြစ်သည်ဟုလည်း ဦးကြည်ဝင်းက ပြောသည်။

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေနှင့် ညီ မညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိအနေနှင့် တားဆီး မိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစု ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေ ဦးကြည်ဝင်းအတွက် လက်ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

ဦးကြည်ဝင်းက ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၀၉ မေလ တွင် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည်ဖြစ်သောကြောင့် ၎င်းအား ယခုလတ်တလော ပြန်လွှတ်ပေးမည်ဆိုပါလျှင် အစိုးရ အပါအ၀င် အားလုံးအတွက် ကောင်းမွန်သည့် လုပ်ရပ်တခုဖြစ်ကြောင်း ပြောဆိုသည်။

“ဒေါ်စုကို ပြန်လွှတ်မယ်လိုလိုလည်း ကြားတယ်၊ ဖြစ်နိုင်တာက အခုအရေးယူထားတဲ့ နိုင်ငံတော်အား နှောင့် ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနဲ့ပတ်သက် ပြီး ပုဒ်မ ၁၆ မှာ ပြဌာန်းထားတာကတော့ ရက်ပေါင်း ၆၀ မှာ အနည်းဆုံးတကြိမ် ပြန်လည်ပြီးတော့ တားဆီးထားတာတို့ ကန့်သတ်ထားတာတို့ကို ပြန်သုံးသပ်တာ၊ သုံးသပ်ပြီးတော့ အချုပ်အချာ အာဏာ၊ နိုင်ငံတော်ရဲ့လုံခြုံရေး၊ ဒါတွေပေါ်မှာ ဘာမှအန္တရာယ် မရှိတော့ဘူးဆိုရင်၊ လွှတ်ပေးမယ်၊ သူတို့ အဲဒီပုဒ်မကို ကျင့်သုံးပြီးလွှတ်လိုက် ရင် ကျနော်တို့တောင် လျှောက်လှဲချက်တွေ ဘာတွေ လုပ်စရာမလိုဘူး”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှစတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီ ဖြစ်သော်လည်း စစ်အစိုးရ က ၂၀၀၈ ခုနှစ် မေလတွင် အကျယ်ချုပ်သက်တမ်း ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။



ကိုစိုး
REF: ဧရာဝတီ

Read More...

ဂျာနယ်၊ မဂ္ဂဇင်းအစောင် ၃၀ ကျော် လိုင်စင်သိမ်းခံရ

Monday, 05 January 2009

ငွေကြေး အခက်အခဲကြောင့် ဆက်လက် သက်တမ်းတိုးနိုင်ခြင်း မရှိသည့် ပြည်တွင်း အပတ်စဉ်ဂျာနယ် ၁၁ စောင်နှင့် မဂ္ဂဇင်း အစောင် ၂၀ တို့ကို မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ထုတ်ဝေခွင့် ဖျက်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခံရသော ဂျာနယ်မဂ္ဂဇင်းများထဲတွင် Trend ရေစီးကြောင်းဂျာနယ်၊ ဂီတကမ္ဘာ ဂျာနယ်၊ မဟာဂျာနယ်၊ စာအုပ်လောကမဂ္ဂဇင်း၊ သက်တန့်ရောင်စဉ်ဂျာနယ် အစရှိသဖြင့် နာမည် အနည်း ငယ်ရှိသော မဂ္ဂဇင်း၊ ဂျာနယ်များပါဝင်သည်။

“ထုတ်ဝေခွင့်တွေ တင်လို့ရတယ်ဆိုတုန်းက အသည်းအသန်တင်ကြပြီး တကယ်တမ်းကျတော့ မလုပ်နိုင်ကြ တော့ဘူး။ သက်တမ်းတိုးဖို့ဆိုတာက တနှစ်တနှစ် သိန်းနဲ့ချီပြီးသွင်းရတာ။ ဂျာနယ်မဂ္ဂဇင်းလုပ်တယ်ဆိုတာ နောက်ခံဘက်ဂရောင်း တောင့်မှ။ မဟုတ်ရင် ခွက်ခွက်လန်အောင် ရှုံးတာပဲ” ဟု ပြည်တွင်း မဂ္ဂဇင်းတစောင်မှ အယ်ဒီတာတဦးက ပြောသည်။

မဂ္ဂဇင်း၊ ဂျာနယ်များကို ထုတ်ဝေခွင့်ချပေးပြီးသည်နှင့် တပြိုင်နက် တနှစ်တခါ သက်တမ်းတိုးရန် လိုအပ်ပြီး သက်တမ်းမတိုးနိုင်သည့် မဂ္ဂဇင်း၊ ဂျာနယ်များကို လိုင်စင်ပိတ်သိမ်းခြင်းဖြစ်သည်။

ယခုလိုင်စင်ပိတ်သိမ်းခံရသည့် ဂျာနယ်နှင့် မဂ္ဂဇင်း ၃၁ စောင်မှာ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက သက်တမ်း ဆက်လက်တိုးနိုင်ခြင်း မရှိတော့သဖြင့် ပိတ်ခံရခြင်းဖြစ်ကြောင်း ယနေ့ဖြန့်ချိ သည့် ရန်ကုန်အခြေစိုက် The Voice အပတ်စဉ်ဂျာနယ်တွင် ရေးသားထားသည်။

လက်ရှိမြန်မာပြည်တွင်းရှိ မဂ္ဂဇင်းနှင့် ဂျာနယ်ဈေးကွက်ကို အောင်မြင်သည့် မီဒီယာအုပ်စုကြီးများက သိမ်း ပိုက်ထားခြင်းဖြစ်ပြီး လူအင်အား၊ ငွေအင်အားနှင့် အစိုးရ နောက်ခံအင်အား ကောင်းကောင်းရှိမှသာ အောင် မြင်သော မဂ္ဂဇင်း၊ ဂျာနယ်တစောင်ဖြစ်နိုင်ကြောင်းနှင့် ဖျက်သိမ်းခံရသော ဂျာနယ်များ၊ မဂ္ဂဇင်းများမှာ နောက်ခံငွေအင်အား၊ လူအင်အား တောင့်တင်းခြင်းမရှိဘဲ တဦးတည်းပုံစံဖြင့် တိုးဝင်လုပ်ကိုင်သူများ ဖြစ် ကြောင်း မဂ္ဂဇင်းအယ်ဒီတာက ရှင်းပြသည်။

ယခုအခါ စီးပွားရေးအရ အောင်မြင်ရပ်တည်နိုင်သည့် မီဒီယာအုပ်စုများမှာ စုစုပေါင်း လည်ပတ်နေသည့် ဂျာနယ်၊ မဂ္ဂဇင်း ၂၀၀ ကျော်တွင် ၁၀ ခုအောက်သာရှိတော့သည်။ ၎င်းတို့ထဲတွင် မြန်မာတိုင်းမ်စ်၊ ဝီးကလီး အလဲဗင်း၊ ရန်ကုန်မီဒီယာ၊ လစ်ဗင်းကာလာ၊ ကုမုဒြာ၊ ရွှေအမြုတေ စသည့် မီဒီယာအုပ်စုများ ပါဝင်သည်။

“စီးပွားဖြစ် ဂျာနယ်ကြီးတွေဆိုရင် တပတ်လောက် နားလိုက်ရတာနဲ့ ငွေတွေ အများကြီး ဆုံးရှုံးရတာ။ ဒီတော့ အဆင်ပြေအောင်၊ ဂျာနယ်အနားမခံရအောင်လည်း လုပ်ရတယ်။ ပေါ်လစီဆောင်းပါးအတွက် စာမျက်နှာ ပေးရတာလောက်က ဘာမှ မဟုတ်သေးဘူး၊ မထည့်စေချင်တာ မထည့်မိဖို့၊ ဖြုတ်ခိုင်းတာ ဖြုတ်ဖို့ အထူး သတိထားရတယ်” ဟု အဆိုပါ အယ်ဒီတာက ပြောသည်။

၂၀၀၈ ခုနှစ်အတွင်းက ဦးဝင်းတင်အကြောင်းကို ဖော်ပြခဲ့၍ ၂ လပိတ်ခံရသော အက်ရှင်တိုင်းမ် ဂျာနယ် ဆိုလျှင် ပိတ်ရက်ကာလ ကျော်သွား၍ ထုတ်ဝေခွင့်ပြန်လည်ရရှိသည့်တိုင်အောင် ဆက်လက်ထုတ်ဝေခြင်း မပြုနိုင်တော့ကြောင်း ၎င်းဂျာနယ်နှင့် နီးစပ်သည့်အသိုင်းအဝန်းမှ ကြားသိရသည်။

“အရင်ကတည်းက စီးပွားရေးအရ သိပ်တွက်ခြေကိုက်တာမဟုတ်ဘူး။ ၂ လပိတ်ခံလိုက်ရတော့ တော်တော် လေးထိသွားတယ်။ နောက်ပြီး ဆက်ထွက်ရင်လည်း ဂျာနယ်ကို စိစစ်ရေးက ပိုပိုပြီးကြပ်မှာဆိုတော့ နောက် က တခြားစီးပွားရေးတွေပါ ထိခိုက်လာနိုင်တယ်။ အဲဒါကြောင့် ဆက်မထုတ်တော့တာလို့ ကြားပါတယ်” ဟု အက်ရှင်တိုင်းမ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ တဦးကပြောသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

Read More...

ရန်ကုန် လုံခြုံရေး အထူးတင်းကျပ်

Monday, 05 January 2009

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချူပ် ချထားခြင်းမှ ပြန်လည် လွှတ်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် လူငယ် ၉ ဦးတို့ လမ်းလျှောက် ဆန္ဒပြမှု ပြု လုပ်ခဲ့ပြီး နောက်ပိုင်း စစ်အစိုးရက ရန်ကုန်မြို့တွင် လုံခြုံရေး အထူးပြန်လည် တင်းကျပ်ထားကြောင်း
ကြားသိရသည်။

စစ်အစိုးရသည် လူထုဆန္ဒပြမှုများ ထပ်မံ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် လူသွားလူလာ များပြား သည့် အဓိက အချက်အချာကျ လမ်းဆုံ လမ်းခွများ အပါအ၀င် ရန်ကုန်မြို့တော်၏ နေရာဒေသ အတော်များ များတွင် လုံထိန်းရဲများ ထူထပ်စွာချထားကြောင်း၊ လုံထိန်းရဲများ ချထားပြီး တပ်မ ၇၇ မှ စစ်သားများ တင်ဆောင်ထားသည့် စစ်ကားတချို့လည်း ရန်ကုန် လမ်းမကြီးများပေါ်တွင် လှည့်လည်သွားလာနေ ကြောင်း သိရသည်။

“အရင်ကတည်းက လုံခြုံရေးက တင်းကျပ်နေတာ။ အခု လုံထိန်းရဲ အရေအတွက် ပိုများလာတယ်။ ပိုပြီး တော့လည်း နေရာစိပ်လာတယ်။ ရန်ကုန် - ပြည် ကားလမ်းမကြီး အပါအ၀င် မြို့ထဲလာတဲ့ ကားလမ်းမကြီး တွေ တလျှောက် ပေ ၂၀ ကျော်ခြားနေရာတိုင်း လုံထိန်းရဲ သုံးယောက်ဆီ လက်နက်အပြည့်အစုံနဲ့ ချထား တယ်။ မြို့ထဲကို လိုင်းကားနဲ့သွားရင် လမ်းတလျှောက် လုံထိန်းရဲတွေချည်းပဲ” ဟု ရန်ကုန်အခြေစိုက် သတင်း ထောက်တဦးက ပြောသည်။

ရန်ကုန် ကားလမ်းမကြီးများ တလျှောက်တွင်သာမက မြို့ထဲရှိ အသုံးမပြုတော့သော အစိုးရရုံး အဆောက် အအုံများအတွင်းတွင်လည်း လုံထိန်းတပ်ရင်းများ တိုးချဲ့ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဝန်ကြီးများရုံး၊ ဂရင်းမီးရထားဟိုတယ်၊ ပြည်သူ့လွှတ်တော် အဆောက်အအုံနှင့် အသုံးမပြုတော့သည့် တခြား အစိုးရ၀န်ကြီးဌာနရုံးများတွင်လည်း လုံထိန်းရဲ ကင်းပုန်းတွေ ချထားသည်ဟု ၎င်းကဆက်ပြောသည်။

“၀န်ကြီးများရုံးထဲမှာဆိုရင် အချုပ်ကား၊ မီးသတ်ကားတွေနဲ့ ဒိုင်းတွေ၊ သံဆူးကြိုးတွေတင်ထားတဲ့ အပြာ ရောင် ရဲကားတွေ ရပ်ထားတယ်။ လွှတ်တော်အဆောက်အအုံ အနောက်ဘက်မှာလည်း လုံထိန်းရဲကားတွေ အများကြီးပဲ” ဟု ရန်ကုန်မြို့ခံတဦးက ရှင်းပြသည်။

စစ်အစိုးရအနေဖြင့် လက်ရှိတိုးမြှင့်ချထားသော လုံခြုံရေးအခြေအနေသည် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး ပြုလုပ်ခဲ့သော လုံခြုံရေးပုံစံကဲ့သို့ပင်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

“ရွှေတိဂုံဘုရား ပတ်ဝန်းကျင်က ဓမ္မာရုံတွေနဲ့ ဘုရားပတ်ဝန်းကျင်မှာလည်း ရဲနဲ့စစ်သားတွေက ကင်းပုန်းတွေ ၀ပ်နေတုန်းပဲ။ ဘုရားပေါ်မှာလည်း အရပ်ဝတ်ရဲ၊ ထောက်လှမ်းရေး၊ စွမ်းအားရှင် အကုန်ရှိတယ်။ ၂၀၀၇
စက်တင်ဘာတုန်းကလို ပုံစံလိုမျိုးပဲ” ဟု ရွှေတိဂုံဘုရားမြောက်ဘက်မုခ်ရှိ ပန်း၊ ဆီမီး အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။

“ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ဓမ္မကသာ နိုင်စမြဲပါ။ အခုအချိန်မှာ အဓမ္မသားတွေ ဘုရားမြေပါမကျန် သေနတ်ကိုင် စောင့်ကြပ်နေကြတာက သူတို့မှာ အကြောက်တရား ကြီးနေတာကို ပြနေသလိုပဲ” ဟု ဗဟန်းမြို့နယ်မှ
စမ္မာစရိယဖြေဆိုမည့် သက်တော် ၃၀ ကျော်အရွယ် စာသင်သားသံဃာတဦးက မိန့်ကြားသည်။

စစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဟန့်တားမည့် မည်သည့် အတားအဆီး၊ အနှောင့်အယှက် မှန် သမျှကိုမဆို တွန်းလှန်ဖယ်ရှားသွားမည်ဟု မကြာခဏဆိုသလို ကြုံးဝါးလျှက်ရှိသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လယ်က NLD လူငယ်အဖွဲ့ဝင်များဖြစ်ကြသည့် ကိုထွန်းထွန်းဝင်း၊ ကိုထွန်းထွန်းလင်း၊ ကိုပြည့်ပြည့်အောင်၊ ကိုဝင်းမြင့်မောင်၊ ကိုမင်းသိန်း၊ ကိုကောင်းထက်လှိုင်၊ ကိုဖြိုးဝေ၊ ကိုရဲနည်စိုး၊ မထက်ထက်ဦးဝေတို့ ၉ ဦးသည် ပင်နီတိုက်ပုံများဝတ်ဆင်လျှက် အင်္ဂလိပ်ဘာသာဖြင့်
ရေးထားသည့်`ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေး´ ဆိုသော ဒေါ်အောင်ဆန်းစုကြည်ပုံပါ စာတန်းကို ကိုင် ဆောင်ပြီး NLD ရုံးချုပ်တည်ရှိရာ ရွှေဂုံတိုင်မှ ရန်ကုန် - ပြည်လမ်းအတိုင်း ငြိမ်းချမ်းစွာ လမ်းလျှောက်လာစဉ် ပြည်သူ့လွှတ်တော် အဆောက်အအုံအနီး၌ လုံထိန်းရဲများက ရိုက်နှက်ဖမ်းဆီးပြီး ရဲကားများဖြင့် ခေါ်ဆောင် သွားခဲ့သည်။

ထိုကဲ့သို့ ငြိမ်းချမ်းစွာဆန္ဒပြမှုကို ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့က လူငယ်များအား မြှောက်ပင့်ပေးသော ကြောင့် ဖြစ်ရသည်ဟု ယနေ့ထုတ် ဝီးကလီးအလဲဗင်း အပတ်စဉ်ဂျာနယ်ပါ စစ်အစိုးရပေါ်လစီဆောင်းပါးတွင် ရေးသားထားသည်ကို တွေ့ရသည်။

အောင်သက်ဝိုင်း
REF: ဧရာဝတီ

Read More...

၂၀၀၉ ခုအတွင်း ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာမည်ဟု ဦးဝင်းတင်ခန့်မှန်း


၅ ဇန်န၀ါရီ ၂၀၀၉

အန်အယ်လ်ဒီလူငယ်ပါတီဝင် (၉) ဦး စမ်းချောင်းမြို့နယ်အတွင်း ဆန္ဒပြမှုသည် (အန်အယ်လ်ဒီ) ဦးဝင်းတင် နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက် မြှောက်ပင့်ပေးမှုကြောင့်ဟု ပြည်တွင်းဂျာနယ်အချို့တွင် စွပ်စွဲထား ချက်နှင့် ပတ်သက်၍ အထူးတလည် ဖြေရှင်းရန် မလိုကြောင်းနှင့် ၂၀၀၉ ခုနှစ်အတွင်း အလားတူ ဆန္ဒပြမှု များ ထပ်မံ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ ဦးဝင်းတင်က ပြောသည်။

“ဒီလိုမဟုတ်တမ်းတရားတွေပြောပြီး စွပ်စွဲတာမျိုးတွေကို ပြန်ပြီးတော့တောင် ဖြေရှင်းမနေချင်တော့ပါဘူး။ စာ နယ်ဇင်းမျက်စိနဲ့ ကြည့်မယ်ဆိုရင် တစ်ကဘာလဲဆိုတော့ ၀ါဒမှိုင်းတိုက်တယ်ဆိုတာ ဘာတိုက်တာလဲ။ ဘယ် တုန်းက တိုက်တာလဲ။ ဘယ်သူတွေကိုတိုက်တာလဲ။ ဘာကြောင့်တိုက်တာလဲ။ ဒီလိုအကြောင်းတွေကို ထည့် ရေးရမယ်၊ ပြောရမယ်ဗျာ။ အခုဟာ ဒါတွေတခုမှ မပါဘူး၊ ရေးမထားဘူးဆိုတော့ ငြင်းဆိုခြင်းဆိုတာ လုပ်ဖို့ တောင် ထိုက်တန်တဲ့ သတင်းတန်ဖိုးမရှိဘူးပေါ့။ ဆန္ဒပြလူငယ်တွေကို ဖမ်းတယ်ဆိုတာလောက်ထိက သတင်းရေးလို့ရတယ်။ ဘာမဟုတ်ဘဲနဲ့ ကျနော်တို့ကို ဆွဲထည့်ရုံ ထည့်တာသက်သက်နဲ့တော့ ကျနော်တို့က သာမန်အားဖြင့် ပြန်ဖြေရှင်းနေဖို့တောင် ထိုက်တန်တဲ့ သတင်းမဟုတ်ဘူးလို့ပဲ ပြောလို့ရတယ်” ဟု ဦးဝင်းတင်က ခေတ်ပြိုင်သို့ ရှင်းပြသည်။

အဆိုပါစွပ်စွဲရေးသားထားသော သတင်းကို True News၊ နံနက်ခင်းဂျာနယ် စသည့် ပြည်တွင်းသတင်း ဂျာနယ်အချို့အား စာပေစိစစ်ရေးရုံးက ဖိအားပေးထည့်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအယ်ဒီတာတဦးက ပြောဆိုသည်။ ပြည်တွင်းဂျာနယ်များတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့အား ၀ါဒမှိုင်းတိုက်သူများအဖြစ် ဖော်ပြခဲ့ပြီး အန်အယ်လ်ဒီလူငယ်များကိုလည်း ကလေက၀များသဖွယ် ရေးသားထားမှုမျိုးကို မိမိတို့အနေဖြင့် ပြုလုပ်မည်မဟုတ်ဘဲ ဖိအားများကြောင့်သာ ဖော်ပြခဲ့ကြရကြောင်း ၎င်းက ထပ်မံရှင်းလင်းပြောဆိုသည်။

အဆိုပါသတင်းတွင်းစွပ်စွဲမှုကို အထမြောက်စေနိုင်သည့် အကြောင်းပြချက် တစုံတရာမတွေ့ရှိရဘဲ ဖြစ်စဉ် အစဟုဆိုကာ ဒီဇင်ဘာ (၃၀)ရက်တွင် အန်အယ်လ်ဒီရုံးချုပ်၌ ဦးခင်မောင်ဆွေ ဟောပြောခဲ့သော “ပြည်သူ နှင့် လွတ်လပ်ရေး’’ ဟောပြောမှုကို လူငယ်များ တက်ရောက်နားထောင်ခဲ့ကြောင်းသာ ဖော်ပြနိုင်သည်။ ဦးဝင်းတင်နှင့် စပ်လျဉ်းပြီး သတင်းအတွင်း ထည့်သွင်းရေးသားခြင်းမရှိသော်လည်း သတင်းခေါင်းစဉ်တွင်မူ ဦးဝင်းတင်အား ရှေ့တင် စွပ်စွဲရေးသားထားသည်။

“ကျနော့်ကို ခေါင်းစဉ်တင်ပြီး စွပ်စွဲထားပေမယ့် အကြောင်းပြမှု မရှိ၊ ဘာမရှိနဲ့ဆိုတော့ဗျာ ကျနော့်အတွက်က တော့ ဖြေရှင်းနေစရာတောင်မလိုပါဘူး။ ဆရာဦးခင်မောင်ဆွေရဲ့ ဟောပြောချက်တွေကို စွပ်စွဲတယ်ဆို လည်းဗျာ။ ဦးခင်မောင်ဆွေရဲ့ လှုံ့ဆော်ချက်တွေက ဒါ့ထက်မက ကျယ်ပြန့်မယ်ဗျာ။ ဒါ့ထက်မက ထိရောက် မယ်။ ဒီဟောပြောပွဲကို တက်တဲ့လူက နှစ်ရာကျော် သုံးရာရှိတာ။ ဒီဆန္ဒပြတဲ့လူ လေးငါးရှစ်ယောက်တင် ဘယ်ကမလဲ။ အားလုံး ထွက်သွားတော့မှာပေါ့။ နောက်တခုက သူ့ဟောပြောချက်မှာလည်း ဆန္ဒပြဖို့တို့ ဘာတို့နဲ့ ပတ်သက်တာမပါဘူး။ ကိုယ့်တိုင်းပြည်ကိုချစ်ဖို့ လွတ်လပ်ရေး အရသာ၊ လွတ်လပ်ရေးရဲ့ အကျိုး သက်ရောက်မှု ဒါတွေကိုပဲ ဆရာပြောသွားတာပဲဗျ ” ဟု ဦးဝင်းတင်က တုံ့ပြန်သည်။

“ဒါပေမယ့် ဒီသတင်းက နိုင်ငံရေးလှုပ်ရှားသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေချ၊ ဝေးလံခေါင်ဖျားတဲ့ ထောင် တွေကို ပို့နေပေမယ့် ဒါတွေကို မကြောက်မရွံ့ဘဲ သူတို့ ဆန္ဒရှိတဲ့အတိုင်း ၊ သူတို့ရဲ့ နိုင်ငံရေးအမြင်အတိုင်း ဖော်ထုတ်ရဲတဲ့ လူငယ်တွေရှိသေးတယ်ဆိုတာကို လူထုသိအောင် message ပေးသွားတယ်လို့ ပြောလို့ရ မယ်။ ဒီသတင်းတခုတည်းရဲ့ မက်ဆေ့ခ်ျက ဒါပဲဗျ။ လူတွေဟာ မကြောက်ဘူးဗျ။ ဒီလူငယ်တွေလို ဒီအစိုးရ ကို အန်တုလိုတဲ့စိတ်၊ မခံချင်တဲ့စိတ်၊ ဆန့်ကျင်လိုတဲ့ စိတ်ကတော့ လူအတော်များများမှာ ရှိနေတယ်ဗျ။ အံ့သြစရာကောင်းတယ်။ ၈၈ ကာလတုန်းက လူတွေရဲ့ စိတ်ခံစားမှုတွေ ဖြစ်နေကြတာ တွေ့ရတယ်။ အကြောင်းကြောင်းကြောင့်သာ အန်တုနိုင်ခြင်းတို့ ၊ ဆန္ဒဖော်ထုတ်နိုင်ခြင်းတို့ မရှိတာ။ ဒါပေမယ့် ဒါတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်တယ်ဗျ’’ ဟု ၎င်းက ထပ်မံသုံးသပ်ပြောဆိုသည်။

နအဖစစ်အစိုးရအနေဖြင့် ၎င်းတို့၏ ၀ါဒဖြန့်ချိမှု၊ အတိုက်အခံများအား ရှုတ်ချနှိပ်ကွပ်မှုများကို ၎င်းတို့ပိုင် သတင်းစာများတွင်သာမကဘဲ ပုဂ္ဂလိက ဂျာနယ်များတွင်ပါ ဆောင်းပါးများ မထည့်မနေရ ထည့်သွင်းစေရာမှ ယခုအခါ ပုဂ္ဂလိကဂျာနယ်များမှ ဖော်ပြသည့်အသွင် သတင်းပုံစံဖြင့်ပါ ဖော်ပြလာခြင်းဖြစ်သည်။
ယင်းကဲ့သို့သော မတရားလုပ်ရပ်များနှင့် ပြည်တွင်းစီးပွားရေးကျဆင်းလာနေခြင်းတို့ကြောင့် လူထုအတွင်း မကျေနပ်မှုများပြားနေရာ ၂၀၀၉ ခုနှစ်အတွင်း ဆန္ဒပြပွဲများထပ်မံ ဖြစ်ပွားလာလိမ့်မည်ဖြစ်ကြောင်း ဦးဝင်းတင် က သုံးသပ်လိုက်သည်။



မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

လွတ်လပ်ရေးတိုက်ပွဲဝင်ဖို့ နှိုးဆော်စာများ ရန်ကုန်မှာကြဲ


၅ ဇန်န၀ါရီ ၂၀၀၉

ဒီဇင်ဘာ (၃၁) ရက်နေ့  ညအချိန်၌် လှည်းတန်းပတ်ဝန်းကျင်တ၀ိုက်တွင် “ပြည်သူတို့ရဲ့ လွတ်လပ်ရေး မရ သေးသမို့ ဆက်ကာတိုက်ပွဲဝင်ကြစို့” ဆိုသည့် စာတန်းပါ စာရွက်များအား နေရာအနှံ့အပြားတွင် လိုက်လံ ကပ်ထားသည်ကို တွေ့ရသည်။

ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ်တ၀ိုက်နှင့် (ဇ၀န) သုဝဏ္ဏမြို့နယ်တ၀ိုက်တွင်လည်း ထိုစာများအား အများ အပြား ကပ်ထားသည်ကို တွေ့ရသည်။ အဆိုပါစာများကို မည်သည့်အဖွဲ့အစည်းက ဖြန့်ဝေသွားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

လွတ်လပ်ရေးဟူသော ခေါင်းစည်းစာတန်းဖြင့် ပြည်သူသို့ လှုံ့ဆော်သော စာသားများပါရှိသည့် အရှေ့ မျက်နှာနှင့် နောက်ကျောစာမျက်နှာတွင် တောင်းဆိုချက် (၃) ချက်ပါ စာသားဖြစ်သည့်

(၁) အမျိုးသားပြန်လည်သင့်မြတ်ရေး၊
(၂) စစ်မှန်သောတွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးပေါ်ပေါက်ရေး၊
(၃) နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရေး -

ဟူသည့် စာသားများပါသော စာရွက်များအား အင်းယားကန် တံတားဖြူမှတ်တိုင်နားနှင့် ကန်တော်ကြီး ပုဂံ လုံး ကျွန်းနားတွင် နှစ်နေရာပေါင်း စာရွက်ရေ (၂,၀၀၀) နီးပါးမျှနှင့် အခြားနေရာ အတော်များများတွင်လည်း စာများအား ကားပေါင်းစုံပေါ်မှ ကြဲချသွားကြောင်း ဖတ်ရှုရသည့် မြို့ခံများက ပြောသည်။



မြင့်မိုးဇော်
REF: ခေတ်ပြိုင်

Read More...

Monday, January 5, 2009

ပြည်သူနှင့်လွတ်လပ်ရေး

(အန်အယ်ဒီ ဦးခင်မောင်ဆွေ ၏ ဟောပြောချက်)

(ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လယ် (၁) နာရီအချိန်တွင် ရန်ကုန်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမတွင် လူငယ်ပညာပေးဟောပြောပွဲတရပ် ကျင်းပခဲ့သည်။ အဆိုပါဟောပြောပွဲတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက လူငယ်များအား ပြည်သူနှင့်လွတ်လပ်ရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဦးခင်မောင် ဆွေသည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏တာဝန်ပေးအပ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ ၀င် တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရ ကာ စစ်အစိုးရ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး ဗဟိုအလုပ်အမှု ဆောင်တာဝန်များကို ပြန်လည်ထမ်းဆောင်ခဲ့သည်။ ဦးခင်မောင်ဆွေသည် ထောင်ထဲတွင် နှစ်ပေါင်း (၁၆) နှစ်ကြာ နေထိုင်ခဲ့ရသူဖြစ်သည်။ ဦးခင်မောင်ဆွေ၏ ဟောပြောချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ် သည်။)

အဖွဲ့ ချုပ်ကြီး ဘာကြောင့်ရပ်တည်နေနိုင်တာလဲ

အနှစ် (၂၀) ခရီးမှာ အဖွဲ့ချုပ်ကြီးဟာ ဘာဖြစ်လို့ မားမားမတ်မတ်ရပ်တည်နေနိုင်အောင်ရှိနေသလဲ ဆိုတဲ့ အဖြေကို ပထမဦးဆုံးရှာကြည့်ဖို့လိုပါတယ်။ ဘာကြောင့် ကျနော်တို့အဖွဲ့ချုပ်ကြီးဟာ ဒီလောက်တောင်မှ အတိုက်အခံတွေကြားထဲမှာ ရှင်သန်ရပ်တည်နေခဲ့သလဲဆိုလို့ရှိရင် အဓိကပဓာနကျတာကတော့ ယုံကြည်မှုပဲ ဖြစ်တယ်။

အဲဒီတော့ ဘယ်လိုယုံကြည်မှုတွေလဲ။

ပထမအချက်ကတော့ အဖွဲ့ချုပ်ခေါင်းဆောင်များကို ယုံကြည်မှု၊ ဒုတိယအချက်ကတော့ အဖွဲ့ချုပ်က ချမှတ် ထားတဲ့မူဝါဒတွေကို ယုံကြည်မှုနဲ့ တတိယနောက်ဆုံးအချက်ကတော့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ မိမိတို့ကိုယ် မိမိတို့ ယုံကြည်မှုဆိုတဲ့ ယုံကြည်မှုသုံးမျိုးကြောင့်သာ ကျနော်တို့ဟာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တော့ အဖွဲ့ချုပ်ခေါင်းဆောင်များကို ဘာကြောင့်ယုံကြည်ရသလဲဆိုလို့ရှိရင် အဖွဲ့ချုပ်ခေါင်းဆောင်များဟာ မြန်မာပြည်သူတွေကို လူအခွင့်အရေးတွေပြည့်ဝတဲ့ ဒီမိုကရေစီလူ့ဘောင်ကိုရောက်အောင် ခေါ်ဆောင်သွား မယ်ဆိုပြီးတော့ ခေါင်းဆောင်မှုကို စဉ်ဆက်မပြတ်ထူထောင်ပြီးတော့ကာ ကြံဆောင်ခဲ့တာကို ခင်ဗျားတို့တွေ့ ရမှာဖြစ်တယ်။

ဒုတိယအချက်ကတော့ အဖွဲ့ချုပ်ကြီးက ချမှတ်ထားတဲ့မူဝါဒတွေဖြစ်တဲ့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ကာ ဒီမိုကရေစီစနစ်သာ ထွန်းကားပြန့်ပွားရမယ်ဆိုပြီးတော့ကာ ချမှတ်ထားတဲ့ လမ်းစဉ် အတိုင်းပဲ ရွေးကောက်ပွဲတွေ ပြီးတဲ့အခါမှာလည်းပဲ အဖွဲ့ချုပ်ကြီးဟာ ကြံ့ကြံ့ခံကာ မူဘောင်ပေါ်ကနေ တပြား မှမလျှော့ဘဲ ရပ်တည်နေတာကိုလည်း ခင်ဗျားတို့ တွေ့မြင်နေကြတာ ဖြစ်ပါတယ်။

တတိယနောက်ဆုံးအချက်က ဘာလဲဆိုလို့ရှိရင် မိမိတို့အပေါ် မိမိတို့ယုံကြည်မှု၊ ငါတို့ဟာ အခုနက ပြောတဲ့ အချက်နှစ်ချက်အပေါ်မှာ ယုံကြည်ထားတဲ့ဟာဖြင့်ရင် အဲဒီအချက်တွေကို ငါတို့ဟာ မလွှဲမသွေယုံကြည်ပြီး တော့ မိမိတို့ရဲ့ နိုင်ငံရေးသိက္ခာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်းဆိုတဲ့အရာတွေကို တန်ဖိုးထားပြီးတော့ကာ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒါသည်ပင် ကျနော်တို့ အဖွဲ့ချုပ်ကြီး မားမားမတ်မတ်ရပ်နေနိုင်တယ်ဆိုတာကို အထင်အရှားတွေ့ မြင်ရပါလိမ့်မယ်။

အဲဒီတော့ ကျနော်တို့အဖွဲ့ချုပ်ကြီးဟာ လျှောက်လှမ်းခဲ့ရတဲ့ အနှစ် (၂၀) ခရီးဟာ အင်မတန်မှ ခက်ခဲ ကြမ်း တမ်းတဲ့လမ်းကို ဖြတ်ကျော်လာခဲ့ရတယ်ဆိုတာကိုလည်း တွေ့ရမှာဖြစ်တယ်။ ညအခါမှာ ဘယ်အချိန် တံခါး လာခေါက်မလဲဆိုတဲ့ ဘ၀တွေကိုဖြတ်သန်းပြီးတော့ကာ မိသားစုတွေရဲ့ မျက်ရည်၊ သွေးတွေ၊ ချွေးတွေနဲ့ လျှောက်လှမ်းခဲ့ရတယ်ဆိုတာကိုလည်း ခင်ဗျားတို့သိပါတယ်။ အဲဒီလို လျှောက်လှမ်းခဲ့ရတဲ့ ပြည်သူတွေဟာ ပြည်သူတွေအတွက် လျှောက်လှမ်းခဲ့ရတဲ့အဖွဲ့ချုပ်ကြီးဟာ ဒုတိယလွတ်လပ်ရေးလို့ခေါ်ရမှာဖြစ်တဲ့ လူ့အခွင့် ရေးနဲ့ ဒီမိုကရေစီရေးလမ်းကြောင်းကို ကျနော်တို့ဟာ ဆက်ပြီးတော့ လျှောက်နေရတာဖြစ်ပါတယ်။

ပြည်သူတွေလွတ်လပ်ပြီလား

အဲဒီတော့ လျှောက်ခဲ့တဲ့အခါမှာလည်း ပြည်သူတွေဟာ လွတ်လပ်ရေးရပြီလား၊ မရသေးဘူးလားဆိုတာ ထပ် ပြီးတော့ သုံးသပ်ဖို့လိုလာပါတယ်။ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် သက်ဦးဆံပိုင်စနစ်တွေမှာ ရှင်ဘုရင်တွေ ဟာ သူတို့ကို ဘုရားသခင်ကပေးထားတဲ့အာဏာနဲ့ အုပ်ချုပ်တယ် ဆိုပြီးတော့ကာ သားစဉ်မြေးဆက် အုပ်ချုပ်ကြတယ်။ ဒါပေမယ့် အာဏာနဲ့ အုပ်ချုပ်တဲ့ခေတ်တွေမှာတော့ အာဏာတရပ်ရပ်ကို နောက်ခံပြုပြီး တော့ကာ အာဏာကုလားထိုင်ပေါ်က သူတို့သက်တမ်း မကုန်မချင်း အာဏာကို လက်မလွှတ်ဘူးဆိုတာကို တွေ့ ရမှာဖြစ်တယ်။

ဒီမိုကရေစီစနစ်ဆိုတာကတော့ ဒါမျိုးမဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဆိုတာဟာ ကိုယ်သာလျှင်အရှင်သခင်၊ မိမိသာလျှင် မိမိတို့ရဲ့ အရှင်သခင်ဖြစ်သကဲ့သို့ အုပ်ချုပ်ခံပြည်သူမဟုတ်ဘဲနဲ့ အုပ်ချုပ်သူသာ ဖြစ်တယ်ဆို တာကို တွေ့ကြမှာဖြစ်ပါတယ်။ ဘယ်လိုသိကြသလဲ……? ဒီမိုကရေစီစနစ်ဆိုတာဟာ ပြည်သူတွေက၊ ပြည်သူတွေထဲက ပြည်သူတွေကို ပြည်သူတွေကိုယ်တိုင် ရွေးချယ်တင်မြှောက်ပြီးတော့ အဲဒီလို ရွေးကောက် ခံထားရတဲ့ ပြည်သူတွေက မိမိတို့ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ပြည်သူတွေကို ကိုယ်စားပြုတဲ့စနစ်နဲ့ အုပ်ချုပ်တဲ့စနစ်ဟာဆိုလို့ရှိရင် ပြည်သူ့အုပ်ချုပ်ရေးစနစ်၊ တနည်းအားဖြင့် စစ်မှန်တဲ့ဒီမိုကရေစီစနစ်ပဲ ဖြစ်ပါ တယ်။

ကျနော်တို့ဟာ အဲဒီလိုစစ်မှန်တဲ့ ဒီမိုကရေစီကိုသွားတဲ့နေရာမယ် ကျနော်တို့အနေနဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ၊ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေကို ရယူသင့်တဲ့အရာတွေ ဖြစ်တယ် ဆိုတာကို ခံယူမှသာလျှင် လွတ်လပ်ရေးရဲ့ အရသာကိုခံစားကြရမှာ ဖြစ်တယ်။

လွတ်လပ်ရေးအရသာဆိုတာ

အဲဒီတော့ လွတ်လပ်ရေးရဲ့ အရသာဟာဘာလဲလို့ ကျနော့်ကိုထပ်ပြီးမေးမယ်ဆိုရင် အဖြေကတော့ လွတ်လပ်ရေးရဲ့ အရသာဟာ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်းနဲ့ သာယာဝပြောခြင်းဆိုတဲ့ အချက်တွေပါဝင်မှသာ လွတ်လပ်ရေးရဲ့ အရသာဖြစ်ပါတယ်။ လွတ်လပ်ရေးအရသာကို ပြည်သူတွေအနေနဲ့ ခံစားချင်တယ်ဆိုလို့ရှိရင် ကျနော်တို့ ပြည်သူတွေကို ရိုက်သွင်းထားတဲ့အရာတွေကို ရိုက်ချိုးပစ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် အင်္ဂလိပ်လို individualism လို့ခေါ်တဲ့ ပုဂ္ဂလိက၀ါဒဆိုတာဟာ တဦးတယောက်ချင်းကနေပြီး တော့ကာ အားလုံးကို လွှမ်းခြုံပြီးတော့ လုပ်မယ်ဆိုတဲ့ဝါဒ၊ တဦးချင်းလွတ်လပ်ခွင့်ဘေးကပြည်သူတွေကို မကြည့်ဘဲနဲ့ ဆောင်ရွက်ခွင့်ရှိတယ်ဆိုတဲ့ဝါဒဆိုပြီးတော့ အဲဒီလိုပညာပေးတဲ့အချိန်အခါကို ရောက်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။

တခါ တဖက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း ဘာကိုတွေ့ရသလဲဆိုလို့ရှိရင် တဦးချင်းဝါဒဆိုတာ အမှန်မှာ တော့ ပုဂ္ဂိက၀ါဒမဟုတ်ပါဘူး။ တဦးချင်းတာဝန်ယူတဲ့ ၀ါဒပဲဖြစ်တယ်။ တဦးချင်း တာဝန်ယူတဲ့ဝါဒနဲ့သာလျှင် လူထုအခြေပြု လူ့အဖွဲ့အစည်းကို ထူထောင်နိုင်မှသာလျှင် ဒီမိုကရေစီစနစ်ကိုရောက်မှာ အမှန်ပဲဖြစ်တယ်။
နောက်ပြီးတော့ အများစုအကျိုးကို ဆောင်ကျဉ်းတဲ့ အဖွဲ့အစည်းဆိုတာဟာ ဥပမာပေးရရင် ဘာနဲ့တူသလဲ ဆိုတော့ ပုရွက်ဆိတ်တွေရဲ့ အစုအဖွဲ့တွေနဲ့ တူပါတယ်။ ပုရွက်ဆိတ်တွေရဲ့ အစုအဖွဲ့ဟာ ကြည့်မယ်ဆိုရင် တော့ အင်မတန်မှ ဟန်ကျပါတယ်။ ဒါပေမယ့် မိမိတို့မကြုံဖူးတဲ့ အခြေအနေတရပ်ကို တွေ့မယ်ဆိုလို့ရှိရင် ရှေ့ဆက်တိုးဖို့ရာ မရှိတော့ဘဲ တန့်နေတာကို ခင်ဗျားတို့ တွေ့ရမှာဖြစ်တယ်။ ဒီမိုကရေစီစနစ်ဆိုတာ ဒါမျိုး မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်မှာ တဦးချင်းတာဝန်ယူပြီးတော့ တဦးချင်းကနေပြီး တာဝန်ယူဖော်ဆောင်မှ သာလျှင် အဲဒီလိုစိတ်ဓာတ်နဲ့ သွားမှသာလျှင် ဒီမိုကရေစီ လူ့ဘောင်ကို သွားနိုင်မယ်ဆိုတာကို ခင်ဗျားတို့ မြင်ရလိမ့်မယ်လို့ ပြောချင်ပါတယ်။

ပြည်သူဆိုတာဘာလဲ

အဲဒီတော့ပြည်သူဆိုတာဘာလဲ။ ပြည်သူဆိုတာကို ကျနော်တို့ အဓိပ္ပယ်ဖွင့်မယ်ဆိုရင် အခုနက ကျနော် ပြော ခဲ့တဲ့ ကျနော်တို့ မြန်မာပြည်သူတွေဟာ လွတ်လပ်ရေးရပြီလား။ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ခေတ်အဆက် ဆက်မှာ ရှိလာခဲ့တဲ့ ပြည်သူတွေဟာ ခေတ်အဆက်ဆက်မှာ အုပ်ချုပ်တဲ့ပြည်သူတွေသာ လွတ်လပ်ရေးရပြီး တော့ အုပ်ချုပ်ခံပြည်သူတွေကတော့ လွတ်လပ်ရေးမရသေးဘူးဆိုတာကို တွေ့ရမှာဖြစ်တယ်။ လွတ်လပ်ရေး လမ်းကြောင်းပေါ်မှာ လွတ်လပ်ရေးလမ်းစပျောက်နေတဲ့ ပြည်သူတွေအဖြစ်ကို ခင်ဗျားတို့ တွေ့ရမှာဖြစ် တယ်။

ဘာကြောင့် ဒီလို ကျနော်ပြောရသလဲဆိုလို့ရှိရင် ပြည်သူတွေရဲ့ အဓိပ္ပာယ်ကို ဖွင့်ဖို့လိုပါတယ်။

ပြည်သူဆိုတာဘာလဲ။ ပြည်သူဆိုတာဟာ သတ်မှတ်ထားတဲ့ အပိုင်းအခြားတွေပေါ်မှာသာ နှစ်ပရိစ္ဆေဒ ကြာ မြင့်စွာ အတူတကွ နေထိုင်ပြီးတော့ကာ၊ အကျိုးစီးပွားခြင်းဆက်စပ်နေတဲ့ လူအစုအဝေးကို ပြည်သူလို့ ခေါ်ပါ တယ်။ အဲဒီပြည်သူလို့ ခေါ်တဲ့ လူအစုအဝေးကြီးဟာ လူမျိုးနွယ်စုတခုလည်း ဖြစ်ချင်ဖြစ်မယ်၊ လူမျိုးနွယ်စု တွေ ပေါင်းစည်းထားတဲ့ လူ့အဖွဲ့အစည်းကြီးတခုလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူတို့တွေဟာ အခုနက ပြောခဲ့သလိုပဲ တမြေထဲနေ တရေထဲသောက်ပြီးတော့ကာ အကျိုးစီးပွားခြင်းဆက်စပ်နေသူတွေကို ပြည်သူ လို့ ခေါ်ရမှာဖြစ်တယ်။

နောက်တခုက နိုင်ငံတော်ဆိုတဲ့ကိစ္စပါ။ နိုင်ငံတော်ဆိုတာ အစိုးရမဟုတ်ပါဘူး။ နိုင်ငံတော်ကို ခေါ်ဝေါ် သတ်မှတ်မယ်ဆိုလို့ရှိရင် အချက်လေးချက်ပြည့်စုံမှ သတ်မှတ်လို့ရပါတယ်။ တချို့ပုဂ္ဂိုလ်တွေက နိုင်ငံတော် ဆိုတာ အစိုးရပဲ၊ အစိုးရသာလျှင် နိုင်ငံတော်ပဲ၊ မင်းဆိုရင် ကြောက်ရမှာပဲ၊ အုပ်ချုပ်သူတွေက အုပ်ချုပ်တဲ့ အလုပ်ကိုလုပ်လိမ့်မယ်၊ နိုင်ငံရေးသမားတွေက နိုင်ငံရေးအလုပ်ကို လုပ်လိမ့်မယ်၊ ငါတို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်တွေကို ဖယ်ရှားမှသာလျှင် ကိုယ်သာလျှင် အရှင်သခင်ဖြစ်တယ်ဆိုတဲ့ဘ၀ကို ရောက်ကြပါလိမ့် မယ်လို့ ပြောချင်ပါတယ်။

အခု ကျနော်ပြောတဲ့အထဲမှာ နိုင်ငံတော်ဆိုတဲ့အထဲမှာ နိုင်ငံတော်ဖြစ်တာနဲ့ တပြိုင်တည်း ပြည်သူသာ နိုင်ငံတော်၊ နိုင်ငံတော်သည် ပြည်သူသာဖြစ်သွားပြီ။ နိုင်ငံသားပြည်သူတွေအဖို့မှာ သူတို့တွေ ရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေး၊ နိုင်ငံသားပိုင်ခွင့်အနေနဲ့ အခြေခံအခွင့်အရေး ဥပမာအားဖြင့် အခြေခံဥပဒေမှာပါတဲ့ (constitutional right) လို့ ခေါ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစည်းရုံးလှုပ်ရှားခွင့်၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ နောက်ပြီးတော့ လွတ်လပ်စွာပုဂ္ဂလိကပိုင်ဆိုင်ခွင့်တွေကို အကာအကွယ်ပေးပိုင်ခွင့်ကို ရရှိမှသာလျှင် အဲဒီပြည်သူတွေဟာ လွတ်လပ်ရေးရမှာဖြစ်တယ်။ လွတ်လပ်ရေး အရသာကို ခံစားရရှိကြမှာ ဖြစ်တယ်။

အချုပ်အခြာအာဏာကို ဘယ်သူပိုင်သလဲ

ပြည်သူဆိုတဲ့အဓိပ္ပာယ်ကို ပြောပြီးတဲ့အခါမှာ လွတ်လပ်ရေးအကြောင်းကိုဆက်ပြီး ပြောရပါမယ်။ လွတ်လပ် ရေးကို ပြောမယ်ဆိုလို့ရှိရင် ရှေးပဝေသဏီကစပြီးတော့ အုပ်ချုပ်လာခဲ့တဲ့ ရှင်ဘုရင်တွေ ခေတ်ကစပြီးတော့ လွတ်လပ်ရေးကို စပြောရပါမယ်။ နယ်ချဲ့တွေဟာ မြန်မာသီပေါဘုရင်ဆီကနေပြီး အချုပ်အခြာအာဏာကို သိမ်းယူသွားတဲ့အခါမှာ ဘယ်သူ့အချုပ်အခြာအာဏာလဲ၊ ဘယ်သူပိုင်တဲ့ အချုပ်အခြာအာဏာလဲ ပြန်ကြည့် မယ်ဆိုလို့ရှိရင် အမှန်စင်စစ်ကတော့ အဲဒီအချုပ်အခြာအာဏာဆိုတာဟာ ရှင်ဘုရင်ပိုင်တဲ့ အချုပ်အခြာ အာဏာသာဖြစ်တယ်။ အထက်မြန်မာနိုင်ငံကို နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ သိမ်းပြီးတော့ကာ အောက် မြန်မာနိုင်ငံကို နှစ်ပေါင်းတစ်ရာကျော်သိမ်းပြီးတဲ့အခါမယ် ပြန်ပြီးတော့ လွတ်လပ်ရေးရတဲ့အခါမှာ ပြည်သူ တွေကို ကိုယ်စားပြုတဲ့၊ ပြည်သူတွေတင်မြောက်ထားတဲ့ အစိုးရထံ လွတ်လပ်ရေးကို ပြန်အပ်နှင်းတယ်ဆိုတဲ့ အတွက်ကြောင့်မို့ အချုပ်အခြာအာဏာဆိုတာ ပြည်သူတွေ ပိုင်ဆိုင်တဲ့အရာဖြစ်တယ်။ လွတ်လပ်ရေးဆိုတာ ဘာလဲဆိုလို့ရှိရင် အချုပ်အခြာအာဏာဟာ လွတ်လပ်ရေးပဲ ဖြစ်ပါတယ်။ အချုပ်အခြာအာဏာကို ရရုံနဲ့ ကျနော်တို့ လွတ်လပ်ပြီလားလို့ မေးလို့ရှိရင် မလွတ်လပ်နိုင်ဘူးလို့ပဲ ပြောရမှာဖြစ်တယ်။ ဘာကြောင့်လဲ။ အုပ်ချုပ်သူအဆက်ဆက်တွေဟာ နိုင်ငံရေး ငါတကောကောပြီးတော့ ဆောင်ရွက်သွားခဲ့ကြတာကြောင့်မို့လို့ ပြည်သူတွေဟာ လွတ်လပ်ရေးအရသာကို မရခဲ့ကြဘူး။

အနှစ် (၆၀) လွတ်လပ်ရေးခရီးကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ပါလီမန်ဒီမိုကရေစီခေတ်မှာ အချုပ်အခြာအာဏာ လွတ်လပ်ခွင့်ကိုတော့ ရခဲ့တယ်။ ပြည်သူတွေဟာ အချုပ်အခြာအာဏာကို သူတို့ဆီကနေ တိုက်ရိုက် သက်ဆင်းခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုသာရခဲ့ပြီးတော့ကာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို ကြည့်တဲ့အခါမယ်၊ ဒီနိုင်ငံမှာ စစ်မီးကြီးထတောက်လောင်ပြီးတော့ကာ အမျိုးသားညီညွတ်ရေးကြီး ပျက်ယွင်းခဲ့ရတယ်။ ပြည်သူတွေကတော့ မဲပေးပြီးတော့ တာဝန်ကျေခဲ့ပေမယ့် အစိုးရအဆက်ဆက်ဟာ အမျိုးသားညီညွတ်ရေးကို ရအောင်မလုပ်နိုင်ခဲ့ကြဘူး။ ဆိုရှယ်လစ်ခေတ်ကိုရောက်တဲ့အခါမှာ အချုပ်အခြာ အာဏာဆိုတာဟာ ပါတီပိုင်ဖြစ်တယ်။ ပြည်သူတွေကို ပုံစံခွက်နိုင်ငံရေးသဘောမျိုး ချုပ်ပြီးတော့ လုပ်ကိုင်ခဲ့ တဲ့အခါမှာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေဟာလည်း မှေးမှိန်ပျောက်ကွယ်ခဲ့ရတယ်။ အာဏာသိမ်းခံထားရ တဲ့ အခြေအနေမှာတော့ အထူးပြောစရာ မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုလို့ရှိရင် အာဏာသိမ်းခံထားရတဲ့ ပြည်သူတွေဟာ မြန်မာနိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်၊ အာဏာသိမ်းထားတဲ့စနစ်ကို ပြန် ကြည့်မယ်ဆိုလို့ရှိရင် ပြည်သူတွေဟာ အချုပ်အခြာအာဏာကို အစိုးရကသာပိုင်ပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ဆိုတာ ဘယ်လိုမှမတွေ့ရ မမြင်ရတဲ့အပြင် အခြေခံဥပဒေတောင်မှမရှိတဲ့အခါ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ဆိုတာလည်း မရှိခဲ့ပါဘူး။

ကျနော်တို့ပြည်သူတွေဟာ နိုင်ငံရေးလွတ်လပ်မှုနဲ့ လူ့အခွင့်ရေးတွေကို လိုချင်တယ်ဆိုလို့ရှိရင် အတွေး အခေါ် အယူအဆတွေကို ပြောင်းပစ်ဖို့လိုပါတယ်။ မိမိတို့ပိုင်ခွင့်တွေကို မိမိတို့ရယူနိုင်တဲ့ စိတ်ဓာတ်တွေကို မွေးမြူဖို့လိုပါတယ်။ နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်ဘူး၊ အခြားသူတွေ လုပ်လိမ့်မယ်ဆိုပြီးတော့ နေလို့ရှိရင် လွတ်လပ်တဲ့နိုင်ငံရေးဘ၀ကိုမရဘဲ အုပ်ချုပ်တဲ့လူတွေရဲ့ လက်ထဲမှာပဲ လွတ်လပ်ရေးဟာ ရှိနေမှာဖြစ်တယ်။ ပြည်သူတွေကတော့ ဒုံရင်းက ဒုံရင်းပဲဖြစ်မှာပဲ။

ဒါကြောင့်မို့လို့ လွတ်လပ်ရေးကို ရချင်တယ်ဆိုလို့ရှိရင် နံပါတ်တစ်အချက်ကတော့ အချုပ်အခြာအာဏာကို ပြည်သူတွေ တလုံးတခဲတည်းပိုင်ပြီးတော့ အဲဒီအချုပ်အခြာအာဏာဟာ ပြည်သူတွေထံကနေ တိုက်ရိုက် သက်ဆင်းနိုင်မှသာ၊ ဒါ့အပြင်မိမိတို့ရဲ့ ရပိုင်ခွင့်တွေကိုလည်း ရယူဖို့လိုပါတယ်။ ဒုတိယအချက်ကတော့ နိုင်ငံရေးလွတ်လပ်ခွင့်ပါ။ နိုင်ငံရေးလွတ်လပ်ခွင့်ရှိပြီးတော့ လူအများပါဝင်နိုင်တဲ့ နိုင်ငံရေးစနစ်မျိုးကို ကျနော် တို့က တောင်းဆိုဖို့လိုပါတယ်။ တတိယအချက်ကတော့ ခုနကပြောတဲ့ အခြေခံဥပဒေဆိုင်ရာပိုင်ခွင့်ထဲမှာပါ တဲ့ လူ့အခွင့်အရေးနဲ့ ခံစားပိုင်ခွင့်တွေကို ဒါတွေကို အာမခံတဲ့အခြေအနေကို ရောက်ရှိမှသာလျှင် အချုပ် အခြာအာဏာ လွတ်လပ်ခွင့်နဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေ ပြည့်စုံမှသာ အဲဒီနိုင်ငံဟာ လွတ်လပ်ရေးရဲ့ အနှစ် အရသာနဲ့ ပြည့်စုံတဲ့ နိုင်ငံဖြစ်တယ်လို့ ပြောလို့ရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ နိုင်ငံရေးဆိုတာ တိုင်းပြည်ရဲ့နိုင်ငံရေးဆိုတာ အဲဒီတိုင်းပြည်နိုင်ငံတ၀န်းလုံးရဲ့ နိုင်ငံရေးဖြစ်ပါ တယ်။ နိုင်ငံရေးကို စိတ်မ၀င်စားဘူး၊ ပစ်ပယ်မယ်ဆိုရင်တော့ ကျနော်တို့တတွေဟာ မျှော်မှန်းတဲ့ ပန်းတိုင်ကို ပဲဖြစ်ဖြစ်၊ ခရီးကိုပဲဖြစ်ဖြစ် လွယ်လွယ်နဲ့ ရောက်မှာမဟုတ်ဘူးဆိုတာကိုတော့ ကျနော်ဒီနေရာကနေ ပြောချင် ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကြေညာစာတမ်းမှာပါတဲ့ အချက်တချက်ကို အနည်းငယ်ဖတ်ပြချင်ပါတယ်။ အပိုဒ် (၅) မှာ ဘယ်လိုရေးထားသလဲဆိုတော့ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက်၏ အမွေအနှစ်မဟုတ်၊ မည်သူတဦးတယောက် အဖွဲ့အစည်း၏ ပုဂ္ဂလိကပိုင်မဟုတ်၊ မည်သူတဦးတယောက်ကမှ ချုပ်ကိုင်အနိုင်ယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်ဆိုပြီးတော့ အတိအလင်း ဖော်ပြထားတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုနိုင်ငံတော်ကြီးကို တည်ဆောက်မယ်ဆိုလို့ရှိရင် အများ ပါဝင်တဲ့ အများဆန္ဒနဲ့အညီ တည်ဆောက်တဲ့ နိုင်ငံကြီးဖြစ်ပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ ကာ တဖက်သတ်နိုင်ငံရေး ချုပ်ကိုင်မှုအောက်မှာရှိတဲ့ ပြည်သူတွေဟာ ဘယ်လောက်ပဲ နိုင်ငံရေး အတွေး အမြင်တွေ ရှိပင်ရှိငြားသော်လည်း ပြည်သူတွေဟာ လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ကို မရောက်ဘဲနဲ့ ငြိမ်းချမ်း ခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်း၊ သာယာဝပြောချင်းဆိုတဲ့ လောကပါလတရားတွေနဲ့ ပြည့်စုံတဲ့ နိုင်ငံ တော်စနစ်ကို ရောက်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အချုပ်အခြာအာဏာလွတ်လပ်ရေးကို ရပင်ရသော် လည်းပဲ ကျနော်တို့အနေနဲ့ အခုလိုအခြေအနေမျိုးကို ပြောင်းလဲမပစ်နိုင်ဘူးဆိုရင်တော့ နိုင်ငံရေး လူမွှေး လူရောင် မပြောင်တဲ့ဘ၀နဲ့ ဒုတိယတန်းစား နိုင်ငံသားတွေ၊ အုပ်ချုပ်ခံနိုင်ငံသားတွေဘ၀ကနေပြီးတော့ ဘယ် တော့မှ တက်ရမှာမဟုတ်ဘူးဆိုတာကို ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။



မြင့်မိုးဇော်
REF: ခေတ်ပြိုင်

Read More...

နိုင်ငံရေးနှင့် ရွေးချယ်မှု - ကျော်ငြိမ်းမိုး

နိုင်ငံရေးဆိုသည့် အနက်ကို နိုင်ငံရေးခေါင်းဆောင်များ၊ တတ်သိပညာရှင်များက အဓိပ္ပါယ်ဖွင့်ဆိုကြရာဝယ် ၀ါကျ၊ တိုရှည်၊ စကားလုံး ရွေးချယ်မှုသာ ကွာမည်၊ တူညီသော အချက်က '' နိုင်ငံရေး ဆိုသည်မှာ ပြဿနာ များကို ဖြေရှင်း အဖြေရှာရေးပဲ ဖြစ်သည်။ ပြဿနာများကို အဖြေရှာရာ မည်သို့မည်ပုံ အဖြေရှာမည်ကို စဉ်း စား ဆုံးဖြတ်ကြရာတွင် နိုင်ငံရေး၌ ရွေးချယ်မှုဟုဆိုသည်။ ရွေးချယ်မှုကို ပြုလုပ်ရာ ကိုယ့်မှာ ဘာရှိသည်၊ ကိုယ်ဘာလုပ်နိုင်သည်၊ ကိုယ့်ရဲ့ မျက်မှောက် ပကတိအခြေအနေ၊ အရင်းအမြစ်များအပေါ်ကို အခြေခံ၍သာ ပြုလုပ်နိုင်သည်။ ပကတိတရားကို ကျော်လွန်၍ ရွေးချယ်မှုကို မပြုလုပ်နိုင်ပါ။ ဒီကနေ့ ကျနော်တို့ ခင်ဗျားတို့ ပြောနေကြသည့် ''မြန်မာပြည် ဒီမိုကရေစီရဖို့" နိုင်ငံရေး ပြဿနာတွေ ပြေလည်ဖို့ရာ တွေ့ဆုံဆွေးနွေး စကား ပြောမှရမည်။

တချို့က လက်နက်ကိုင်စွဲပြီး စစ်အုပ်စုကို ဖြုတ်ချပြီးမှ ဒီမိုကရေစီ ရမည်။ စစ်တပ်နှင့် စကားပြော၍ မရနိုင်။ တချို့က သံတမန်ရေး တိုက်ပွဲ၊ စီးပွားရေးပိတ်ဆို့မှု တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ သတင်းတိုက်ပွဲများဖြင့်သာ မြန်မာ ပြည် ဒီမိုကရေစီ ရနိုင်မည်။ တချို့ကလည်း အားလုံးပေါင်းစပ်ပြီး ဟန်ချက်ညီညီ တိုက်မှရမည်။ တချို့ကျ ပြန် တော့ စီးပွားရေးပိတ်ဆို့မှုတွေ၊ သံတမန်ရေး ပိတ်ဆို့မှုတွေ မလုပ်ပဲ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (လူတွေ အလုပ်အကိုင်ရအောင် အရင်လုပ်) ကို အရင်လုပ်ဆောင်ပြီး၊ ပြည်သူ အင်အားရှိမှ နိုင်ငံရေးပြောင်းလဲမှုတွေ ကို တဖြည်းဖြည်းခြင်းပြောင်းလဲ လုပ်ဆောင်၊ သို့မှသာ " မြန်မာပြည် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှု လက်တွေ့ ကျမည်…'' အစ ရှိသဖြင့် ငြင်းခုံကြသည်ကို နိုင်ငံရေး၏ ရွေးချယ်မှုဟုဆိုသည်။

လူတိုင်း၊ လူတိုင်း လွတ်လပ်သည့် လူ့ဘောင်အဖွဲ့အစည်းမှာ နေထိုင်သည်ဖြစ်စေ၊ မလွတ်လပ်သော လူ့ ဘောင် အဖွဲ့ အစည်းမှာ နေထိုင်သည်ဖြစ်စေ၊ ကိုယ်ကြိုက်ရာကို ကိုယ်ရွေးချယ်နိုင်သည်မှာတော့ ရှင်းပါ သည်။

ရရှိလာမည့် ကောင်းကျိုးဆိုးမွေ အဖြာဖြာကို၊ ရွေးချယ်သူတို့နှင့် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများ ခံစားစံစား ကြရမှာလည်း အမှန်ပင်၊ စာရေးသူ ဆိုခဲ့သည့်အတိုင်း၊ လူတိုင်း၊ လူတိုင်း ကိုယ်ကြိုက်ရာ ကိုယ်တိုင် ရွေးချယ် နိုင်သည်။

သို့သော်…နိုင်ငံရေးမှာ ရွေးချယ်မှု ပြုရာတွင် “အင်အား” သည် ပဓာန ကျသည်။ အင်အားကို ဗဟိုပြုသော၊ အခြေခံသော ရွေးချယ်မှုကို ပြုမှသာ သက်ဆိုင်ရာအဖွဲ့အစည်း၏ အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင် နိုင်သလို၊ အကာအကွယ် ပြုနိုင်သည်ကိုတော့ အမှတ်ထားဖို့လိုသည်။

သို့သော် ... ကနေ့ ဒီမိုကရေစီ လိုလားသူများ၏ ငြင်းခုံမှု အများစုမှာ အင်းအားနှင့် ဆက်စပ်ခြင်း အလျဉ်း နည်းပါးသည်။ အင်အားဆိုသည်ကို သုံးသပ်စိတ်ဖြာပြီး၊ အင်အား ဘယ်လိုရှိအောင် လုပ်ရမည် ဆိုသည်ကို ဦးတည်သည်ထက် ''နအဖ'' က ဘယ်လို မတရားလုပ်သည်၊ ရက်စက်သည်၊ လူ့အခွင့်အရေး ချိုးဖောက် သည်။ တရားဥပဒေနှင့် မညီပြုမူသည် အစ ရှိသည်များကို အငိုသန်သည့် ကလေးတဦးလို 'ထစ်' ကနဲရှိ ဗြဲ ကနဲ ငိုချလိုက်မယ် ဆိုသောအတွေးနှင့် လုပ်ဆောင်မှုများသာ တွေ့မြင်နေရသည်။ ဒီလို ဖြစ်ရခြင်းသည် တဖက်ရန်သူ၏ သဘောသဘာဝနှင့် စရိုက်လက္ခဏာ၊ လက်တွေ့ လုပ်ဆောင်ပြချက်များကို နားမလည်၍ပဲ လား! သို့မဟုတ် ဒီလိုငိုပြနိုင်ခြင်းကပဲ မြန်မာပြည် နိုင်ငံရေး၏ ရွေးချယ်မှု အမှန်ပဲလား! ဆိုသည်ကတော့ နောင် ဆက်ဆွေးနွေးစရာ ဖြစ်သွားတော့သည်။

နိုင်ငံရေး၏ အစစ်အမှန်တရားဖြစ်သည့် အင်အားနှင့် အာဏာကို အခြေပြုပြီး တိုက်သောတိုက်ပွဲ မဟုတ်ပဲ၊ စိတ်ဓါတ်၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ လွတ်လပ်မှုဆိုသော အတွေးအခေါ် သဘောတရား သက်သက်ကို သာ အခြေခံသော ကျနော်တို့၏ ဒုတိယမ္မိ လွတ်မြောက်ရေးတိုက်ပွဲမှာ၊ မည်သို့သော ရွေးချယ်မှုများကိုပဲ ပြု လုပ်ပါစေ အောင်မြင်ဖို့ရန် အကြောင်းမမြင်ပဲ အရှည်မှာ အဆုံးအရှုံးကြီးစွာ ပေးဆပ်ရဖို့သာ ရှိလေတော့ သည်။ ထိုနည်းတူစွာ တိုက်ပွဲတွင် အဓိကပါဝင် တိုက်ခိုက်နေသည့် ကိုယ့်ရန်သူ၏ ရွေးချယ်မှုကိုလည်း သိရှိ၊ နားလည်၊ လက္ခံဖို့ဆိုသည်မှာလည်း အောင်ပွဲ၏ သော့ချက်ဖြစ်သည်။ ယနေ့ ''နအဖ'' ဆိုသည်မှာ ''Absolute Power'' အကြွင်းမဲ့ အာဏာ ဖြစ်သလို၊ အတိုက်အခံများနှင့် သဘောထားကွဲလွဲသူများကို “Wipeout” အလုံးစုံပျက်သုဉ်းရေးနှင့် ပြုတ်ပြုတ်ပြုန်း ချေမှုန်းရေးပင် ဖြစ်သည်။ ထိုအရာနှင့် ပတ်သက်သော ရှေး အတိတ်က နမူနာလေးတခုကို အခွင့်သင်၍ ချပြချင်သည်။ ရှေးခေတ် ဂရိ(စ်)သမိုင်းတွင် မြို့ပြကျွန်း နိုင်ငံ ငယ်လေးများ ပင်လယ်ပြင် စိုးမိုးရေးနှင့် အင်ပါယာနိုင်ငံ ထူထောင်ရေး ကြိုးပမ်းရာမှ ဖြစ်ပွားသော ပယ်လို ပိုနေရှန်း (Peloponnesian war) စစ်ပွဲတခု အကြောင်း ဖြစ်သည်။

အဓိက စစ်ပြိုင်ဖက်နှစ်ဦးမှာ အေသင် နှင့် စပါတာ (Athens & Sparta) ဖြစ်ကြပြီး မဲလို့စ်ကျွန်း (Melos Island) နိုင်ငံငယ်လေးမှာ ထိုနိုင်ငံရေး ရန်ဖက်နှစ်ဦးကြား ကြားနေနိုင်ငံအဖြစ် တလျှောက်လုံး ရပ်တည်ခဲ့ သော စပါတာတို့နှင့် နီးစပ်သော ကျွန်းနိုင်ငံ ဖြစ်သည်။ သို့သော် အရှည်တွင် မဲလို့စ်၏ ကြားနေမှုသည် အေသင်တို့၏ သြဇာအာဏာ တည်ရှိကြီးထွားမှုကို ကြီးစွာသော အတားအဆီး အနှောက်အယှက် ဖြစ်လာရာ အေသင်တို့က စတင်ပြီး ရန်စတိုက်ခိုက်ခြင်းများ ပြုလုပ်လာသည့်အဖြစ်ကို ရောက်ရှိလာခဲ့ရသည်၊ နောင်တွင် မဲလို့စ်တို့ကလည်း အေသင်ကို တရားဝင် ရန်သူအဖြစ် ပြန်လည် တုန့်ပြန်တိုက်ခိုက်ခြင်းများ ပြုလုပ်ရာ၊ အေသင် - မဲလို့စ် ၁၆ နှစ်ကြာ စစ်ဖြစ်ပွားခဲ့ရသည်။ အောက်ဖော်ပြပါ စကားစုအချို့မှာ အေသင်နှင့် မဲလို့စ်တို့ စစ်မဖြစ်ပွားမီ သံတမန်ရေး ဆွေးနွေးပွဲမှ စကားစုများ ဖြစ်သည်။

အေသင်။ ။ ကျွန်ုပ်တို့ ရည်ရွယ်ချက်မှာ မဲလို့စ်တို့နှင့် စစ်မဖြစ်ရပဲ မဲလို့စ်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို အလို ရှိသည်။ ကျွန်ုပ်တို့၏ ကမ်းလှမ်းချက်မှာ မဲလို့စ်တို့ လက်နက်ချပါ။ အေသင်အင်ပါယာ၏ သြဇာအာဏာ တည်ရှိမှုကို လက်ခံရိုကျိုးပါ၊ ကျွန်ုပ်တို့အနေနှင့် မဲလို့စ်၏ လုံခြုံမှုနှင့် တည်ရှိမှုကို အာမခံမည်၊ သို့မဟုတ်ပါ က မဲလို့စ်တို့ ပျက်ဆီးပျက်သုဉ်းခြင်းကို ကြုံတွေ့မည်။

မဲလို့စ်။ ။ ငါတို့သည် ဒီတိုင်းပြည် ဤမြေတွင် လွတ်လပ်စွာ ဘိုးဘွားစဉ်ဆက် နေထိုင်လာသည်မှာ နှစ်ပေါင်း ၇၀၀ ရှိပြီ။ ငါတို့သည် လွတ်လပ်ခွင့်နဲ့ လွတ်လပ်ရေးကို ချစ်မြတ်နိုး၏။ ဆက်လက်ပြီးလည်း ငါတို့ အခွင့် အရေးများအား ထိန်းသိမ်းသွားမည်ဖြစ်ပြီး။ ငါတို့ အေသင်ကို မိတ်ဆွေအဖြစ် တည်ရှိဖို့သာ ကမ်းလှမ်းသည်။ အေသင်နဲ့ စပါတာတို့ကိုပါ ရန်သူမဖြစ်ချင်သလို မဟာမိတ်နိုင်ငံမဟုတ်သော ကြားနေနိုင်ငံအဖြစ်၏ ရပ်တည် မှုကိုပဲ အလိုရှိသည်။ ငါတို့သည် တရားမျှတမှုကို အလိုရှိပြီး၊ လွတ်လပ်မှုကို ချစ်မြတ်နိုးသည့်စိတ်ကို၊ ဘုရား သခင်များက စောင့်ရှောက်လိမ့်မည်။ စပါတာတို့လည်း အခုလို သူတို့အနီးနားက အိမ်နီးချင်းနိုင်ငံငယ် တခု ကို အေသင်တို့ မတရားသိမ်းပိုက်မှုကို လက်ပိုက်ကြည့်နေမည် မဟုတ်ဟု ဆို၏။

ထိုအချိန် မဲလို့စ်တို့သည် ကြားနေမှုအဆိုကို ငြင်းပယ်သည်။ ထို့အပြင် မဲလို့စ်တို့၏ တရားမျှတမှု (Justice)၊ ဘုရားများ (Gods) နဲ့ စပါတာ (Sparta) တို့အပေါ် အသနားခံမှု၊ အားကိုးမှုဟာလည်း မှန်ကန်တဲ့ အဖြေ မဟုတ်ဆိုတာအား အေသင်တို့က အခုလို ထောက်ပြသည်။

''မဲလို့စ်… နတ်ဘုရားများနဲ့ ယောက်ျားများဆိုတာ အင်အားကိုပဲ လေးစားတယ်။ ကျွန်ုပ်တို့ ယုံကြည်သမျှ နတ်ဘုရားများ အားလုံး၊ သိသမျှသော ယောက်ျားအားလုံးဟာ သူတို့ရဲ့ သဘာဝအတိုင်း၊ သူတို့ စိုးမိုး အုပ်ချုပ်လို့ရတဲ့ နေရာမှန်သမျှ အားလုံးကို အုပ်ချုပ်စိုးမိုးမှာပဲ ဖြစ်တယ်။'' စပါတာ ကိုလည်း မျှော်မနေပါနဲ့၊ စပါတာတို့ မဲလို့စ်ကို တိုက်ခိုက်ပေးမဲ့အချိန်ဆိုတာ စပါတာတို့ရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်ခြင်း (သို့ ) အကျိုးဖြစ်ထွန်းစေမှပဲ ရမယ်။ စပါတာတို့အနေနဲ့ မဲလို့ စ်တို့အတွက် အေသင်ကို စစ်ယှဉ်တိုက်ဖို့ဆိုတာ၊ စပါတာတို့ အကျိုးစီးပွားအတွက် မလုံလောက်သေးသလို၊ အဲဒီလောက်လဲ အင်အားမရှိသေးဘူးလို့ ဆိုတယ်။

ဒီလိုဆိုတော့ မဲလို့စ်တို့ အစစ်အမှန်တရားကို လက်ခံပါ။ '' မဲလို့စ်…အသင်တို့ သိသလို၊ ကျွန်ုပ်တို့လည်း သိ တယ်။ ဒီကမ္ဘာကြီး ဆက်လက် ရှင်သန်တည်မြဲနေသမျှ ကာလပတ်လုံး၊ အခွင့်အရေးဆိုတာ အင်အား အာဏာချင်းတူမျှသူတွေကြားမှာပဲ တောင်းဆိုခွင့်၊ မေးမြန်းခွင့်ရှိတယ်။ အားကြီးသူတိုင်း အင်အားရှိသူတိုင်း ဟာ သူတို့လုပ်စရာရှိတာ၊ လုပ်နိုင်တာမှန်သမျှကို လုပ်သွားမှာဖြစ်သလို၊ အားနည်းသူ၊ အင်အားမရှိသူတိုင်း ဟာလည်း သူတို့ခံစရာရှိတာကို ခံသွားရမှာပဲဖြစ်တယ် (The Strong Do What They Can; The Weak Suffer What They Must) လို့ ဆိုသတဲ့''

“မဲလို့စ်..တကယ့်ယောက်ျား အစစ်အမှန်ဆိုတာ၊ ကိုယ့်မျက်စိရှေ့မှာ ပကတိ မြင်နေရတဲ့အရာကိုပဲ ယုံကြည် လက်ခံသင့်တယ်။ အခု အေသင်တို့ရဲ့ ကြီးမားတဲ့ ရေတပ်၊ မြင်းတပ်၊ မြှားတပ်၊ ကြည်းတပ်တို့ဟာ မဲလို့စ်ကို အလုံးအရင်းနဲ့ ဝိုင်းရံထားကြတယ်၊ အချိန်မရွေး တိုက်ခိုက်ဖျက်ဆီးနိုင်တယ်ဆိုတာ မျက်မှောက်တရားပဲ။ ကျွန်ုပ်တို့အနေနဲ့ မဲလို့စ်ကို စစ်မပြုရပဲ မဲလို့စ်တို့ရဲ့ ပူးပေါင်းမှုကို အလိုရှိသော်လည်း၊ စစ်အင်အားကို အသုံး ပြုပြီး တိုက်ခိုက်ချေမှုန်းဖို့လည်း အဆင့်သင့်ပဲ။ အဲတော့..မဲလို့စ်တို့ ရွေးချယ်ပါ။ လက်နက်ချမလား? (ဒါမှ မဟုတ်) အသေခံမလား?..... ကျွန်ပြုခံမလား? ''

မဲလို့စ်တို့ဖက်ကလည်း ငါတို့အတွက် မျှော်လင့်ချက် (Hope) ဆိုတာ အသက်ပဲ။ လက်နက်ချမဲ့အစား ပြန် လည်ခုခံ တိုက်ပွဲဝင်တာကမှ ငါတို့ရဲ့ လွတ်လပ်ရေးနဲ့ အကျိုးစီးပွား တည်မြဲရှင်သန်ရေးကို မျှော်လင့်နိုင် တယ်လို့ ဆိုပြန်သတဲ့။

အေသင်က မျှော်လင့်ချက် (Hope) ဆိုတာ အန္တရာယ်ကို ခဏတာ သက်သာရာရစေတဲ့ အရာတခုပဲလို့ ချေပ ဆိုပြီး ၁၆ နှစ်ကြာ စစ်ပွဲကို စတင်ပါလေတော့တယ်။

အထက်ပါ စကားစုတို့မှာ မဲလို့စ်ကျွန်းနိုင်ငံငယ် မပျက်သုဉ်းမီ(စစ်ပွဲအပြီး ယောက်ျားအားလုံး အသတ်ခံရပြီး၊ မိန်းမနှင့် ကလေးများ ကျွန်အဖြစ် ရောင်းချခြင်းခံရသည်။) အေသင်နှင့် မဲလို့စ်တို့၏ ဆွေးနွေးပွဲမှ စကား အချင်းအရာများ ဖြစ်သည်။

ဆွေးနွေးပွဲ၏ လိုရင်းမှာ အေသင်တို့က မဲလို့စ်တို့ထက် စစ်အင်အား၊ နိုင်ငံရေးအင်အားမှာ အဆများစွာ သာ လွန်ကြီးမားသည်။ ဒီအချက်ကို အခြေခံပြီး အေသင်တို့က တဖက်ကို ပြောသော စကားသည်မှာ ရှင်းလင်း၊ ကျယ်လောင်၊ ပြတ်သားလှသည်။ မဲလို့စ်တို့ လက်နက်ချမလား? အလုံးစုံ ပျက်သုဉ်းမလား? ဆိုသည်ပဲ ဖြစ် သည်။ နိုင်ငံရေးမှာ တရားမျှတမှုတို့၊ ယုံကြည်မှုတို့ ၊ ဘုရားသခင်တို့ ၊ မျှော်လင့်ချက်တို့ ဆိုတာထက် အင်အားက အခရာ ဖြစ်သည်။ ဓမ္မနဲ့ အဓမ္မ အငြင်းပွားနေမှာထက်၊ အကြမ်းဖက်မလား? အကြမ်းမဖက် ဖူးလား? ဒွိဟများနေမှာထက်၊ အနိုင်ရဖို့က ပထမသည်သာ ဖြစ်သည်။

မဲလို့စ်တို့ ဘက်ကတော့ ဓမ္မ၊ လွတ်လပ်ခွင့်၊ ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ ဘုရားသခင်တို့ သည်ကိုသာ အားကိုးသည် အရေးကြီးသည်။ လက်နက်ချ အညံ့ခံမှာထက် တိုက်ရင်းသေသည်က သူတို့အတွက် မြင့်မြတ် မှု ရှိသလို၊ မျှော်လင့်ချက် ရှိနိုင်သည်၊ ခုံမင်သည်။ နောက်….သူတို့ရဲ့ တရားမျှတသော တိုက်ပွဲအတွက် အခြားသူများကလည်း လက်ပိုက်ကြည့်မနေနိုင် ဝင်ရောက်ကူညီမည်ဟု ထင်မှတ်မှားသည်။

ဒီနေရာမှာ စာရေးသူတို့ မြန်မာပြည်ရဲ့ အခြေအနေကို ခဏအစားသွင်း ချိန်ထိုးကြည့်ရရင်၊ နအဖ၏ အသံက ကျယ်လောင်၊ ပြတ်သား၊ ရှင်းလင်းသည်။ အတိုက်အခံများအား လက်နက်ချ အညံ့ခံမလား? ပျက်သုဉ်းမ လား? အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ တွေ့ဆုံဆွေးနွေးရေးတို့ကို စကားထဲပင် ထည့်မပြော။ တရား မျှတမှုတို့၊ ဥပဒေစိုးမိုးရေးတို့၊ လူ့အခွင့်အရးတို့ဆိုတာ နိုင်ငံရေးမှာ အဓိကမဟုတ်၊ အင်အားနှင့် အနိုင်ရရေး သာ အဖြေဖြစ်သည် ဆိုတာကို လက်တွေ့ ပြသည်။

အမေရိကန်နှင့် ဖွံဖြိုးပြီးနိုင်ငံတို့ဆိုတာ သူတို့ ကုမ္မဏီများ အနှီးဒေသသို့ သွားရောက် ဖွင့်လှစ်ပြီး၊ ကမ္ဘာကြီး မှာ အမြဲ နှာတဖျားသာအောင် လုပ်ဖို့နှင့် တဖက်မှာ သူတို့ရဲ့ နိုင်ငံရေး လက်တံများဖြစ်သော NGOs များကို အတိုက်အခံများဆီ စေလွှတ်ပြီး၊ ၄င်းတို့ လူမျိုးများ လုပ်ငန်းကိုင်ငန်းရရှိဖို့၊ သုတေသနလုပ်ဖို့၊ သူ့တို့ အတွေး အခေါ်အများကို ဖြန့်ဖြူးပြီး ဆရာကြီးလုပ်ဖို့လောက်ကိုသာ စိတ်ဝင်စားပြီး၊ လက်တွေ့မှာ မြန်မာ့အရေးကို ထိထိရောက်ရောက် အကုန်အကျခံ လုပ်ဆောင်ဖို့မရှိဘူးဆိုတာကို “နအဖ” အနေနဲ့ ကျေလည်စွာ သဘော ပေါက်ထားသည်။

တရုတ်၊ အာဆီယံ၊ အိန္ဒိယတို့ ဆိုတာလည်း၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံများ ယနေ့အခြေအနေလို ကြွယ်ဝချမ်းသာပြီး၊ အင်အားတောင့်တင်းတဲ့ နိုင်ငံများဖြစ်လာဖို့ ဘယ်လိုလုပ်ခဲ့သည်၊ ဘာတွေလုပ်ခဲ့သည် ဆိုတာကို သမိုင်းကျေထားပြီး ဖြစ်သည့်အလျောက်၊ မြန်မာနိုင်ငံက ဈေးပေါပေါရသည့် ကုန်ကြမ်းများ၊ လုပ်အားများနှင့် ဝယ်ယူသုံးစွဲမှုများကို မျက်နှာပျက်ခံပြီး မြန်မာ့အရေး ဖြန်ဖြေရေးအတွက် မဖြစ်နိုင်ဆိုတာ ကို “နအဖ” သိထားပြန်သည်။

ထို့ အပြင် အထက်မှာ အဆိုရှိခဲ့သည့်အတိုင်း၊ တိုင်းနိုင်ငံများဆိုသည်မှာ ကြီးသည် ငယ်သည်မရှိ၊ ရရင်ရတဲ့ နေရာ အုပ်ချုပ်စိုးမိုးချင်ကြသည်မှာ သဘာဝဖြစ်သည့်အလျောက်၊ အားလုံး သူ့လမ်းသူရှာပြီး တဖက်ကို သြဇာအာဏာ လွှမ်းမိုးဖို့အတွက် ကြိုးပမ်းနေကြသည်ချည်းသာ ဖြစ်သည်။

ဒီလို အခြေအနေမျိုးထဲမှာ စာရေးသူတို့ မြန်မာပြည် ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်ကြသူများ ရွေးချယ်မှုကို ပြု လုပ်ရာ “အင်အား” ကို ဘယ်လိုရှာဖွေမည်၊ တည်ဆောက်မည်ဆိုသည်မှာ သေချာ၊ ရှင်းလင်း၊ တိကျဖို့ အရေးကြီးသည်။

ဒီဆောင်းပါး၏ ရည်ရွယ်ချက်သည် ကနေ့ မြန်မာပြည်၏ လက်ရှိအခြေအနေကို ကြည့်၍ “နအဖ” ကို လက်နက်ချဖို့၊ လိုက်လျောဖို့ ရေးသားခြင်းမဟုတ်သလို၊ တဖက်မှာလည်း အလုံးစုံပျက်သုဉ်းခြင်းဆီသို့ မရောက်ပဲ ကိုယ်လိုရာပန်းတိုင်ကို ဘယ်လိုရောက်အောင် လျှောက်လှမ်းမလဲဆိုသည်ကို ဦးတည်သည်။

ဒီထက်ပိုပြီး လေးနက်ရရင် ကျနော်တို့ရဲ့ ရွေးချယ်မှုတိုင်းဟာ၊ စစ်ကျွန်ခံဖို့ မဟုတ်သလို၊ တရုတ်ကျွန်ခံဖို့ လည်း မဟုတ်။ အဲဒီလိုပဲ အနောက်ကျွန်ခံဖို့လည်း မဟုတ်တန်ရာဆိုတာလည်း ရှင်းထားဖို့တော့လိုသည်။

မြန်မာရာဇဝင်မှာ ''စစ်တိုက်ရင် နိုင်မှ ကောင်းပါသည်ဘုရား'' ဟု လျှောက်ထားခဲ့ဘူးသည့် ကင်းဝန်မင်းကြီး ၏ ဆိုရိုးလည်း ရှိထားခဲ့သည်။ ဆိုတော့ စာရေးသူတို့သည် နိုင်ငံရေးရဲ့ အစစ်အမှန်တရားကို ဦးဆုံး လက်ခံ ယုံကြည်ရမည်။ တိုက်ရင် နိုင်အောင်တိုက်ရမည်။ အခွင့်အရေးဆိုတာ အင်အား အာဏာချိန်ခွင်ညှာတူမျှသူ တွေကြားမှာသာ ဆွေးနွေးပြောဆိုနိုင်သည်။ ကျနော်တို့ အင်အား ဘယ်လိုရှာဖွေမလဲ? ဘယ်လိုဗျူဟာများနဲ့ တည်ဆောက်ကြမလဲ? အင်အားကို အခြေပြုတဲ့ရွေးချယ်မှုကို နိုင်ငံရေးမှာ ဘယ်လိုရွေးချယ်မလဲ၊ ထိရောက် အောင် ဘယ်လို အသုံးချမလဲဆိုတာ ....... ။


REF: လူထုအသံ

Read More...

စစ်သားနဲ့ နိုင်ငံရေး - မောင်စွမ်းရည်

စစ်သားနဲ့ နိုင်ငံရေးလို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် စစ်တပ်နဲ့ နိုင်ငံရေးလို့ အဓိပ္ပာယ်ကောက်ချင်လည်း ရပါ တယ်။ “စစ်သား” ဆိုတာက “စစ်တပ်” ဆိုတဲ့ အဖွဲ့အစုထဲမှာမှာပါတဲ့ စစ်မှုထမ်းတဦးချင်းကို ပြောလိုတာပါ။ စစ်မှုထမ်းဆိုရာမှာလည်း စစ်သား၊ စစ်ဗိုလ်၊ စစ်ဗိုလ်ချုပ် စတဲ့ စစ်မှုထမ်းတွေကို ဆိုလိုတာပါ။ ဒီလိုဆိုပြန် တော့ စစ်ဗိုလ်ချုပ်ဆိုတဲ့ အရာရှိတွေက သူတို့ကို စစ်သားတွေနဲ့ ရောနှောပြောတာ ကြိုက်မှာမဟုတ်ပါ။ သူတို့ က စစ်သားဆိုတာ စစ်တပ်ရဲ့ “အစေခံ”၊ “အသေခံ” လို့သာ မှတ်ယူလေ့ရှိပါတယ်။ ဒါကလည်း အင်္ဂလိပ်နဲ့ ဂျပန်နယ်ချဲ့နဲ့ ဖက်ဆစ်တို့ဆီက အမွေခံစိတ်ဓာတ်တွေ ဖြစ်ပုံရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ စစ် ဗိုလ်၊ စစ်သား မခွဲခြားတဲ့ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို အခြေခံပြီး စစ်တပ်ဖွဲ့ခဲ့ပေမယ့် သိတဲ့အတိုင်း။

စစ်သားဆိုတာ နိုင်ငံသားတဦးပဲဖြစ်ပါတယ်။ အိမ်သားတိုင်း အိမ်တလုံးရဲ့ ကိစ္စမှာ သက်ဆိုင်သလိုပါပဲ။ ကျောင်းသား၊ ဈေးသား၊ အလုပ်သမား၊ လယ်သမား၊ စစ်သား အားလုံးဟာ နိုင်ငံသားတွေဖြစ်ကြတဲ့အတိုင်း နိုင်ငံရေးကို စိတ်ဝင်စားကြရမှာပါပဲ။ နိုင်ငံရေးကို စိတ်ဝင်စားပြီး ဒါဟာ ငါတို့အရေး၊ နိုင်ငံသားတိုင်းရဲ့ အရေး ဆိုတဲ့ အသိနဲ့ အဆုံးအဖြတ်ပေးကြရတဲ့အခါ မှန်ကန်တဲ့ အဆုံးအဖြတ်ကို ပေးနိုင်ပါတယ်။

စစ်သားဟာ စစ်တပ်အဖွဲ့ဝင်ဖြစ်လို့ စစ်စည်းကမ်း၊ စစ်ဥပဒေကို လိုက်နာရမှာတပိုင်းပါ။ စစ်ဆင်ရေးတရပ်နဲ့ပဲ ဆိုင်ပါတယ်။ မလိုက်နာရင် စစ်ရှုံးမှာပေါ့။ ဒါက အဖွဲ့အစည်းသဘောပါ။ ကျောင်းသားက ကျောင်းစည်းကမ်း၊ အလုပ်သမားက အလုပ်ရုံစည်းကမ်း၊ သံဃာက သံဃာ့ဝိနည်း စသဖြင့် ဆိုင်ရာ အဖွဲ့အစည်းရဲ့ စည်းကမ်း တွေကို လိုက်နာကြရမြဲပါ။ ဒါပေမယ့် သူတို့အားလုံးဟာ နိုင်ငံထဲမှာနေကြလို့ နိုင်ငံရဲ့အရေးကို စိတ်ဝင်စား ကြရမှာပါ။ ဒါကြောင့် စစ်သားလည်း နိုင်ငံရေးကို မျက်ခြည်မပြတ် သိရှိနေရမှာပါ။ ဒါမှာသာ နိုင်ငံတနိုင်ငံလုံး ကိစ္စအတွက် အဆုံးအဖြတ်ပေးကြရတဲ့အခါ မှန်ကန်မှာပါ။ ဥပမာ မဲပေးဖို့ကိစ္စ။ လူတဦးကို တမဲသာပေးခွင့်ရှိ ပေမယ့် ဒီ “တမဲ” တွေကပဲ နိုင်ငံရဲ့ ကံကြမ္မာကို အဆုံးဖြတ်ပေးသွားမှာ မဟုတ်လား။ ဒီမိုကရေစီနိုင်ငံ အတွက် မဲတမဲဟာ အရေးကြီးပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေနဲ့ ကြည့်ပြီးဆုံးဖြတ်ရင် တိုင်းပြည် ငါးပါးမှောက်မှာပါ။

စစ်သားဟာ စစ်စည်းကမ်း လိုက်နာရုံနဲ့ စစ်သားဖြစ်ပြီလို့ သဘောထားလို့မရပါ။ အဲဒါက ကျွန်စိတ်ပါ။ သာမန် အချိန်မှာတော့ ဒီလိုပဲ စစ်စည်းကမ်းနဲ့ပဲ မှေးပြီး နေလို့ရပါတယ်။ သူ့တာဝန်က နိုင်ငံတော်ကပေးတဲ့ တာဝန် ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးသာ အဓိကပါ။ စစ်သားက စစ်တပ်ရဲ့ စည်းကမ်းဥပဒေလိုက်နာရသလို စစ်တပ်ဟာလည်း နိုင်ငံတော်ရဲ့ ဥပဒေကို လိုက်နာရပါတယ်။ နိုင်ငံတော်ရဲ့ ဥပဒေက အထက်ကပါ။ အစိုးရ အဖွဲ့အစည်းက အထက်ကပါ။ စစ်တပ်ဟာ အစိုးရအဖွဲ့အစည်းခိုင်းတာ လုပ်ရမှာဖြစ်ပြီး စစ်တပ်က အစိုးရ အဖွဲ့အစည်းကို ခိုင်းဖို့မဟုတ်ပါ။

နိုင်ငံရဲ့ အန္တရာယ် ကာကွယ်တယ်ဆိုတဲ့ကိစ္စက နယ်ချဲ့အန္တရာယ်၊ ဖက်ဆစ်အန္တရာယ်၊ ကျူးကျော်သူ အန္တ ရာယ်၊ သူပုန်အန္တရာယ်လိုဟာမျိုးပါ။ တရုတ်ဖြူကျူးကျော်မှုလို၊ ဘိန်းဘုရင်လွှမ်းမိုးမှုလိုကိစ္စတွေကို ကာကွယ် ရမှာပါ။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားအစ သံဃာအဆုံး (လက်နက်မဲ့) ဥပဒေဘောင်အတွင်းက ဆန္ဒပြတောင်းဆိုတာမျိုးကို “တပ်မတော်က ကယ်တင်တယ်” ဆိုပြီး နှစ်ပေါင်း သုံးလေးဆယ် “ကယ်တင်” နေတာမျိုးဟာ စစ်တပ်တာဝန်မဟုတ်ပါ။ ဒီလို ပိုင်းခြားသိဖို့ဆိုတာလည်း နိုင်ငံရေးအသိထဲမှာ ပါဝင်ပါတယ်။ ဥပဒေတွင်းမှာ လက်နက်မဲ့ဆန္ဒပြတာ လူ့အခွင့်အရေးပါပဲ။

စစ်သားဟာ နိုင်ငံရေးအသိရှိရပါမယ်။ နိုင်ငံရေးအသိဆိုရာမှာ တနိုင်ငံလုံးရဲ့ နေ့စဉ်အခြေအနေနဲ့ မျက် မှောက်ခေတ်တခုလုံးကို ခြုံပြီးဖော်ပြတဲ့ အခြေအနေတွေကို သိဖို့ရယ်၊ နောက်တပိုင်းကတော့ တရုတ်၊ ရုရှ၊ ဥရောပ၊ အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း စတဲ့ဒေသဆိုင်ရာ နိုင်ငံရေးတွေရယ် မျက်ခြည် မပြတ် သိနေဖို့ လိုပါတယ်။ (ဒါတွေကို သေချာနားလည်သဘောပေါက်ဖို့ ပထ၀ီနဲ့ သမိုင်းလည်း နောက်ခံပြုဖို့ လေ့လာရပါတယ်။ ဒါထက်မြင့်ပြီး လေ့လာချင်ရင် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ အရှင်းရှင်ဝါဒ၊ အမျိုးသား ရေးဝါဒ စတဲ့ နိုင်ငံရေးဝါဒတွေကိုလည်း အနည်းအကျဉ်း သိရပါအုံးမယ်။

ဗမာ့တပ်မတော်ဟာ ဖက်ဆစ်တော်လှန်ရေးကာလမှာ ပေါက်ဖွားလာခဲ့ပါတယ်။ တပ်မတော်ရယ်လို့ မဖွဲ့ခင် ကတည်းက နိုင်ငံရေးသဘောတရားသင်တန်းတွေကို ပေးထားပါတယ်။ တော်လှန်ရေးလုပ်တော့ တိုင်း အလိုက် “စစ်ရေးတာဝန်ခံတဦး” နဲ့အတူ “နိုင်ငံရေးတာဝန်ခံတဦး” စီတွဲပြီး တာဝန်ယူရပါတယ်။ ရဲဘော် သုံးကျိပ်ဝင်တွေက စစ်ပညာသင်ပေးပြီး ကွန်မြူနစ်တွေက နိုင်ငံရေးသဘောတရားတွေ ပို့ချပေးပါတယ်။ ပြည်ပ (အိန္ဒိယမှာ ကွန်မြူနစ် သခင်သိန်းဖေ- ဦးသိန်းဖေမြင့်) က နိုင်ငံရေးသင်တန်းပေးပြီး မဟာမိတ် စစ် တပ်က အမေရိကန်၊ အင်္ဂလိပ်စစ်ဗိုလ်တွေက စစ်သင်တန်းပေးခဲ့ပါတယ်။

အဲဒီအချိန် စစ်တပ်မှာ ပို့ချတဲ့ နိုင်ငံရေး တပါတီ နိုင်ငံရေးမဟုတ်ပါဘူး။ မြန်မာ့မျက်မှောက် နိုင်ငံရေးအခြေ အနေ၊ ကမ္ဘာနိုင်ငံရေးအခြေအနေနဲ့ ဖက်ဆစ်ဝါဒသရုပ်၊ နယ်ချဲ့အရင်းရှင်ဝါဒသရုပ်တွေ ဖြစ်ပါတယ်။ မဆလ ဆိုရှယ်လစ်အတုခေတ်မှာတောင် နိုင်ငံရေးတက္ကသိုလ်လို၊ ဖောင်ကြီးသင်တန်းလိုဟာတွေနဲ့ စစ်မှုထမ်း အပါ အ၀င် ၀န်ထမ်းတွေကို နိုင်ငံရေးသိပ္ပံပညာတွေ ပို့ချပေးခဲ့ပါသေးတယ်။ ပညာရေးတက္ကသိုလ် ဆရာအတတ် သင်ကျောင်းတွေနဲ့ တက္ကသိုလ်အသီးသီးမှာတောင် နိုင်ငံရေးသိပ္ပံဌာနတွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံ တကာရေးရာ စာစောင်ဟာ အတော်ကောင်းပါတယ်။ နိုင်ငံရေးသိပ္ပံဆိုတဲ့ စာအုပ်ပြာလေးလည်း (ဘာသာ ပြန်) ထုတ်ခဲ့ဖူးပါတယ်။ လူတိုင်း ဖတ်သင့်တာတွေပါ။ စစ်တပ်တွေမှာလည်း စာဖတ်ခန်း၊ စာကြည့်တိုက်တွေ ရှိပါတယ်။ အစဉ်အလာပါ။

ဗိုလ်ချုပ်အောင်ဆန်းက စစ်တပ်က နိုင်ငံရေးလုပ်တာကို မလိုလားခဲ့ပါ။ သူကိုယ်တိုင် စစ်တပ်ရဲ့ အမြင့်ဆုံး ရာထူးကို စွန့်လွှတ်ပြီးမှ နိုင်ငံရေးလုပ်ပါတယ်။ နမူနာပြခဲ့ပါတယ်။ သူဖယ်ပေးပြီးနောက် စစ်တပ်ထဲက ပါတီ နိုင်ငံရေးသမားတွေက ခြေပုန်းခုတ်ပြီး စစ်တပ်အကြီးအကဲရာထူးကို လုခဲ့ကြပါတယ်။ စစ်သားတယောက်ဟာ သူ့ဘာသာ နိုင်ငံရေးခံယူချက် ကိုယ်ပိုင်ရှိနိုင်ပေမယ့် နိုင်ငံရေးပါတီတွေရဲ့ အာဏာလုရေးကိစ္စကို စစ်တပ်ထဲ ကို သွင်းမလာရပါဘူး။ လွတ်လပ်ရေး ရစကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားကို နားမထောင်ဘဲ စစ် တပ်ထဲမှာ နိုင်ငံရေးလုပ်လို့ စစ်အာဏာရှင်စနစ်ကြီး ပေါ်ပေါက်လာခဲ့တဲ့အတွက် စစ်တပ်က အစိုးရဖြစ်ပြီး ဥပဒေရဲ့ အထက်က ရောက်သွားခဲ့ပါတယ်။ တည်ဆဲဥပဒေဆိုတဲ့ စကားကို တွင်တွင်သုံးပြီး အခြေခံဥပဒေ ကိုတော့ အကြိမ်ကြိမ် ချိုးဖောက်ဖျက်ဆီးခဲ့ပါတယ်။

နိဂုံးချုပ်ရရင် စစ်တပ်က နိုင်ငံရေးမလုပ်ရဘူး။ အစိုးရမလုပ်ရဘူး။ အစိုးရပေးတဲ့တာဝန်ကို စစ်တပ်က လုပ်ရ မယ်။ စစ်သားက နိုင်ငံရေးအသိရှိရမယ်။ နိုင်ငံရေးအသိ မြင့်မားလေ ကောင်းလေပါပဲ။ နိုင်ငံရေးပါတီတခုခုမှာ ၀င်ထားသည့်တိုင်အောင် ပါတီကိစ္စတွေကို စစ်တပ်ထဲ ဆွဲသွင်းမလာရပါ။ ပါတီကိစ္စလုပ်ချင်ရင် စစ်တပ်က ထွက်ရပါမယ်။ သို့မဟုတ် ခုလို နိုင်ငံရေးလုပ်စားပြီး စစ်တပ်သမိုင်းကို အိုးမဲသုတ်ခဲ့တဲ့ သန်းကြွယ်သူဌေး ဗိုလ်ချုပ်တွေကို စစ်သားတွေက ဖယ်ရှားပစ်ရပါမယ်။ နာမည်ပျက်စစ်တပ်ထဲမှာ စစ်ကျွန်ဘ၀နဲ့ နေကြရပါ တကားဆိုတာကို “နိုင်ငံရေးအသိ” က နားလည်စေပါလိမ့်မယ်။ ဒါကြောင့် စစ်သားတိုင်း ပြည်သူနဲ့ ခံစားမှုတူ အောင် နိုင်ငံရေးအသိနဲ့ ချင့်ချိန်နိုင်ဖို့ လိုအပ်ပါတယ်။ တပ်နဲ့ပြည်သူ ကြည်ဖြူရပါမယ်။ ပြည်သူ့မျက်နှာ၊ အခြေခံဥပဒေရဲ့မျက်နှာ (ကိုယ့်ဘာသာရေးဆွဲတဲ့ ဥပဒေမဟုတ်ရပါ) ကို ကြည့်ရပါမယ်။ အာဏာလိုချင်တဲ့ စီးပွားရေးလုပ်စားတဲ့ ဗိုလ်ချုပ်တွေရဲ့ မျက်နှာကို မကြည့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။



REF: ခေတ်ပြိုင်

Read More...

ကျည်ဆံတွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ - ခင်မမမျိုး

စာရေးသူတို့၏ အမိမြန်မာနိုင်ငံသည် တချိန်သောကာလက အရှေ့တောင်အာရှ၏ ဆန်အိုးကြီးဟု အသမုတ် ခံခဲ့ရပြီး၊ ‘ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ’ခဲ့ဖူးပါသည်။ တပ်မတော်၏ နိုင်ငံတော်အာဏာကို အချိန်မှီ သိမ်းပိုက်နိုင်လိုက်သောကြောင့်သာ ယခုကဲ့သို့ စုတ်ပြတ်သတ်၍ ကမ္ဘာ့အလယ်တွင် မျက်နှာမွဲ စာ ရင်း ဝင်ခဲ့ရခြင်း ဖြစ်ပါသည်။ အဆိုပါနိုင်ငံတော်ချောက်ထဲ တွန်းချရေးသမားများကြောင့် နိုင်ငံတော်ကြီးတွင် ‘ကျည်ဆံတွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ’ ၍ နေပါပြီ။

ထိုအခြေအနေမျိုးတွင်သာ ဆက်လက်ရပ်တည်နေပါက တတိုင်းပြည်လုံး အငတ်ဘေးဆိုက်ကာ ‘အရိုး တောင်လိုပုံ’ အနေအထားသို့ ဆိုက်ရောက်ပေတော့မည်။ ရှေးယခင်က ‘မြန်မာပြည်မှာ ငတ်သေသူမရှိ’ဟု စကားအဖြစ်ပြောခဲ့သည်မှာ ယခုတော့ မှားယွင်းနေလေပြီ။ ဆီကိုရေချိုးရမည့်အစား ကန်စွန်းရွက်ကိုပင် ဆီနှင့် ကြော်မစားနိုင်၍ ကန်စွန်းရွက်ရေလုံပြုတ်အဖြစ် ဟင်းလျာတမျိုး ထပ်မံပေါ်ထွက်ခဲ့ရပါသည်။ ဆေးရိုး မီးလှုံဖို့ နေနေသာသာ လွှင့်ပစ်ထားသော ဆေးလိပ်တိုများကို ကောက်ယူသောက်ရသူများပင် ရှိနေလေ သည်။ စပါးတောင်လိုပုံ ဆိုသည်ကိုတော့ စပါးစိုက်သူ လယ်သမားကြီးများကပင် လက်မခံနိုင်ကြတော့ပါ။ လယ်စိုက်သူ လယ်ပိုင်ရမည့်ခေတ်ကြီးတွင် စပါးစိုက်သူများပင် စားစရာ ဆန်မရှိ ဆိုပါတကား။

ထိုသို့သော အခြေအနေဆိုး၊ ခေတ်ဆိုးကြီးထဲတွင် နိုင်ငံတော်အုပ်ချုပ်နေသူ အစိုးရဟု အများပြည်သူက လက်မခံပဲ ကိုယ့်ဘာသာကိုယ် သမုတ်ထားသော စစ်အာဏာရှင်များကတော့ ‘တပ်မတော်အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိမည်’ ဆိုနေကြဆဲ။ ကပ်ဖါးကပ်မြှောင်များကလဲ ‘တပ်မတော်ကြီးကို အင်အားရှိဖို့ အရာ ရာမှာကူညီ’ သီချင်းကို အသံကောင်းဟစ် အော်နေကြဆဲ။ အင်အားဆိုသည်မှာ စစ်ရေးအင်အား၊ စီးပွားရေး အင်အား ဆိုသည်ဖြင့် အင်အားမျိုးစုံရှိပါသည်။ နိုင်ငံတစ်နိုင်ငံတွင် စစ်ရေးအင်အား တစ်ခုတည်း ရှိ၍မရပါ။ စစ်အုပ်စုကတော့ စီးပွားရေးတောင့်တင်းခိုင်မာမှု အင်အားဆိုသည်ကို စစ်အာဏာရှင်များတွင် စိန်များရှိနေ ခြင်းဟု သဘောထားကြဟန် တူပါသည်။ စစ်ရေးအင်အား တောင့်တင်းမှုဆိုသည်ကိုလဲ ခေတ်မီလက်နက် ယန္တရားများရှိနေခြင်းဟူ၍သာ မှတ်ယူထားကြဟန် တူပါသည်။ စစ်ရေးအင်အားတွင် စစ်သားများ၏ စိတ်ဓာတ်မည်မျှအရေးကြီးကြောင်းလဲ သိကြဟန်မတူပါ။ စစ်အာဏာရှင်များ ကောင်းမှုကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးအင်အား တပ်မတော်တွင်းတွင်လဲ စိတ်ဓာတ်ရေးရာ ယိုယွင်းပျက်စီးမှုခြများက တိုက်စားနေကြ လေပြီ။ ကြာလျှင် တတိုင်းပြည်လုံး လုံးပါးပါး၍ အငတ်ဘေး ဆိုက်ရပါတော့မည်။

စစ်လက်နက်များ မတန်တဆဝယ်ထားကာ ကိုယ်ပိုင်အနေဖြင့်လဲ ပြည်သူ့ဘဏ္ဍာများသုံး၍ ကျောက်မျက် ရတနာများ တနင့်တပိုးဝယ်ထားသူ အာဏာရှင်များ၊ အဆိုပါ အငတ်ဘေးဆိုက်ချိန်တွင် စိန်များ၊ ကျည်ဆံ များ ထိုင်စား၍ သေကုန်သည်က အကြောင်းမဟုတ်ပါ။ အကြောင်းက ပြည်သူများ ထိုဘေးသို့ မဆိုက်ရောက် ရန်သာဖြစ်သည်။ ထိုသို့နည်းလမ်းကလဲ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အဓိက ပေါ်လစီများဖြစ်သော fiscal policy, monetary policy, trade policy များအကြောင်းကို နကန်းတလုံးမှ နားမလည်ပဲ လက်ညှိုးညွှန်၍ ပြောချင်ရာ ပြောနေသော စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုစနစ် မရှိမှသာ ဖြစ်မည်။ စီးပွားရေးပိတ်ဆို့မှု ပြန်ဖွင့်လဲ အကြောင်းထူးမည်မဟုတ်။ ယခုပိတ်ဆို့ထားသော်လဲ အိမ်နီးချင်းနိုင်ငံများမှတဆင့် ပြည်ပပို့ကုန်၊ သွင်းကုန်များ ရှိနေသည်ပဲ။ ပြည်ပကုန်သွယ်ရေးယန္တရားက သူ့ဘာသာသူ လည်ပတ်မှုရှိနေပါသည်။

စီးပွားရေးပိတ်ဆို့မှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ပြုလုပ်နေသည်မှာ ထိရောက်မှုရှိလွန်း၍ မဟုတ်။ နိုင်ငံ တကာစီးပွားရေးပိတ်ဆို့မှု ထိထိရောက်ရောက် အသုံးဝင်ခဲ့သည့် နိုင်ငံအနည်းငယ်သာ ရှိခဲ့ပါသည်။ သို့ဆို လျှင် စီးပွားရေးပိတ်ဆို့မှုဆိုသည်ကို အဘယ်ကြောင့် ပြုလုပ်ရသနည်း။ နိုင်ငံတနိုင်ငံအား အခြားနိုင်ငံတခုမှ အရေးယူမှုဆိုင်ရာ နိုင်ငံခြားရေးမူဝါဒရွေးချယ်မှုတွင် Diplomatic measures နှင့် Political/ Military measures ဆိုသည့် အချက်နှစ်ချက်ရှိသည်။ စစ်ရေး၊ နိုင်ငံရေးအရေးယူမှုတွင် Unconventional warfare, conventional military campaign စသည်တို့ပါဝင်ပြီး၊ သံတမန်ရေးရာ အရေးယူမှုတွင် စီးပွားရေးပိတ်ဆို့ မှုကို ကျင့်သုံးတတ်ကြသည်။ နိုင်ငံအများစုက စီးပွားရေးပိတ်ဆို့မှုကိုသာ စစ်ရေး၊ နိုင်ငံရေး အရေးယူမှု ထက် ပိုမိုဦးစားပေးပြုလုပ်တတ်ကြသည်။ နိုင်ငံပေါင်းစုံမှ ပြုလုပ်သည့် ပိတ်ဆို့မှု (multilateral sanctions) မဟုတ်သော နိုင်ငံတခုချင်း (သို့) နိုင်ငံအစုအဖွဲ့တခုမှသာ ပြုလုပ်သည့် ပိတ်ဆို့မှုများမှာ များသောအား ဖြင့် စီးပွားရေးကဏ္ဍအပေါ်တွင် ထိရောက်မှုမရှိပါ။ နိုင်ငံခြားရေးဆိုင်ရာ မဟာဗျူဟာသဘောတရားအရ စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ target state ၏ ပေါ်လစီပြောင်းလဲမှု၊ အာဏာရှင်စနစ် ဖယ်ရှားမှု၊ နိုင်ငံတကာအစိုးရများမှ အဆိုပါနိုင်ငံ၏ အခြေအနေများကို သိရှိသတိထားမိစေမှု (International Symbolism) နှင့် ပိတ်ဆို့ခံရသည့်နိုင်ငံမှ ပြည်သူများအား ၄င်းတို့၏ အာဏာရှင် ဆန့် ကျင်ရေးလှုပ်ရှားမှုအပေါ်တွင် နိုင်ငံတကာမှ ထောက်ခံနေသည်ကို သတိထားမိစေမှု (Domestic symbolism) စသည်တို့ ဖြစ်ပါသည်။ အဆိုပါ ရည်ရွယ်ချက်များကြောင့် economic sanctions policy သည် အတိုက်အခံအင်အားစုများ၏ နိုင်ငံတကာစစ်မျက်နှာအတွက် အရေးကြီးသော အချက်တချက်ဖြစ်ပါ သည်။ လက်ရှိမြန်မာနိုင်ငံကို နိုင်ငံတကာမှ ဖိအားပေးထားသည့် economic sanctions သည် မြန်မာပြည်သူ များထံသို့ တိုက်ရိုက်ထိခိုက်မှုမရှိပါ။ စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းဆောင်တာအချို့ကိုတော့ အနည်းငယ် ထိခိုက်မှု ရှိပေမည်။ သို့ပေမယ့် စစ်အုပ်စုတွင် အခြားသော ထွက်ပေါက်များ ဖန်တီးထားရှိထားခြင်းကြောင့် မပြောပလောက်ပါ။ ထို စီးပွားရေးပိတ်ဆို့မှုပေါ်လစီကို ဖယ်ရှားနိုင်ရန် စစ်အုပ်စုနှင့် အပေါင်းအပါများ ကြိုးပမ်းမှုမှာ ၄င်းတို့စီးပွားရေးရာအတွက်မဟုတ်ပဲ နိုင်ငံရေးဂုဏ်သိက္ခာအတွက်ဖြစ်ပါသည်။ International Symbolism နှင့် Domestic Symbolism ရည်ရွယ်ချက်များကို ပယ်ဖျက်နိုင်ရန် တန်ပြန်ထိုးစစ်ဖြစ်ပါသည်။ အခြေအနေမှန်ကို သိရှိနားလည်ကြပြီး မယောင်သွားကြရန် အလွန်အရေးကြီးပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးယိုယွင်းမှုမှာ macroeconomic policy အခန်းကဏ္ဍတစ်ခုလုံးက ယိုင်နဲ့နေ၍သာ ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် ရှိနေသ၍၊ စစ်အသုံးစရိတ်များ မတန်တဆ ရှိနေသ၍၊ လာဘ်ပေး လာဘ် ယူမှုများ ရှိနေသ၍၊ ငွေစက္ကူများ လိုသလိုတိုးချဲ့ရိုက်ထုတ်နေမှု (expansion of monetary supply) ရှိနေ သ၍ မည်သို့မျှ နလန်ထူမည်မဟုတ်ပါ။ ကာကွယ်ရေးဆိုင်ရာစီးပွားရေးပညာရှင် (Defense Economists) များက စစ်အသုံးစရိတ်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍအပေါ်တွင် မည်သို့သက်ရောက်မှု ရှိသည်ကို ဤသို့ ဆိုထားပါသည်။

စစ်အသုံးစရိတ်များ၏ သွင်းကုန်များဖြစ်သော လုပ်သား (labor) နှင့် အရင်းအနှီး (capital) တွင် Processes များအဖြစ် လက်နက်ကိုင်တပ်များ (Armed Forces) များနှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်သော (Defense industry) ပါဝင်သည်။ ထုတ်ကုန်အဖြစ် Defense industry မှ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ပေးမည် ဖြစ်ပြီး၊ Armed Forces များကတော့ နိုင်ငံတော်လုံခြုံရေးကို အကာအကွယ်ပေးသည့် ဝန်ဆောင်မှုပေးမည် ဖြစ်သည်။ အဆိုပါ စစ်အသုံးစရိတ် သုံးစွဲမှုကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍများဖြစ်သော ရင်းနှီး မြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်လက်မဲ့ပြဿနာ၊ Inflation, Balance of Payments များတွင် အကျိုး သက်ရောက်မှုရှိသည်။ စစ်ရေးစရိတ်များကြောင့် အစိုးရအသုံးစရိတ်တက်သည်။ ထိုပြဿနာကို ဖြေရှင်းရန် ငွေစက္ကူများ အဆီးအတားမရှိ ရိုက်ထုတ်သည်။ ယင်းသို့ expansion of monetary supply ဖြစ်လာသော အခါ Inflation ပြဿနာဖြစ်လာသည်။ Inflation ကြောင့် နိုင်ငံခြားသုံးငွေလဲလှယ်မှုတွင် ကမောက်ကမ (fluctuations of exchange rates) ဖြစ်လာသည်။ နောက်ဆုံးတော့ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်း ဝယ်မှု (International Trade) ကို ထိခိုက်လာသည်။

အခြားသော ပြဿနာ၊ အကျိုးဆက်များစွာ ရှိပါသေးသည်။ စီးပွားရေးပညာ စာတမ်းတစ်စောင်မဟုတ်၍ အကျယ်မချဲ့လိုတော့ပါ။ ပို၍ဆိုးသည်က စစ်ရေးအသုံးစရိတ်များသည် မူလရည်ရွယ်ချက်ဖြစ်သော နိုင်ငံ တော်လုံခြုံရေးအား ကာကွယ်ပေးရန်(Protection of National Securities) မဟုတ်ပဲ စစ်အာဏာရှင်စနစ် အား ကာကွယ်ပေးရန် (Protection of Military Dictatorship System) အဖြစ်သို့ ကူးပြောင်းရောက်ရှိသွား ခြင်း ဖြစ်ပါသည်။ ပြည်သူကိုအကာအကွယ်ပေးရမည့် ပြည်သူ့တပ်မတော်အဖြစ်မှ အာဏာရှင် လက်ကိုင် တုတ် ခါးပိုက်ဆောင်တပ်ဘဝသို့ အောက်ကျနောက်ကျ ရောက်ရှိသွားရခြင်းသာဖြစ်သည်။

အမှန်တော့ တပ်မတော်ဟူသည် ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရတစ်ရပ်မှ ပြည်သူ လူထုအပေါ် ဝန်ဆောင်မှုပေးရမည့် (Public Services ) များဖြစ်သော ကာကွယ်ရေး၊ ဥပဒေစိုးမိုးရေး၊ စည်ပင်သာယာရေး အဖွဲ့များထဲမှ ကာကွယ်ရေးအင်အားစု တစ်ခုသာဖြစ်ပါသည်။ နိုင်ငံတော်အုပ်ချုပ်ရေး၊ နိုင်ငံရေးကဏ္ဍနှင့် မည်သို့မျှ မသက်ဆိုင်ပါ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုကာ စစ်ရေး အင်အားချဲ့ထွင်နေခြင်းသည် ပြည်သူထံသို့လှည့်မည့် သေနတ်ပြောင်းဝ အားကောင်းအောင် စီမံနေခြင်းသာ ဖြစ်ပါသည်။ ပလ္လင်ပေါ်မျောက်တက်သကဲ့သို့ နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို အတင်းအကျပ်ရယူပြီး လုပ်ချင်ရာ လုပ်နေခြင်းသာဖြစ်ပါသည်။ အချိန်မှီမတားဆီးလျှင် နိုင်ငံတခုလုံး ကမောက်ကမ ဖြစ်ရပေတော့ မည်။ စစ်ရေးကျူးကျော်မှုများ ပြုလုပ်ရန် အလွန်ပင်ခက်ခဲသည့် စစ်အေးတိုက်ပွဲလွန်ကာလမျိုးတွင် မရှိသည့် ပြည်ပရန်ကို လက်ညှိုးထိုး၍၊ အာဏာတည်မြဲရန် ခါးပိုက်ဆောင်တပ်ကို အင်အားချဲ့၍ ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။ ယင်းတို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးအဆောက်အအုံကြီး တစ်ခုလုံးလဲ ပရမ်းပတာ ဖြစ်၍ နေ ပေပြီ။

အမှန်တရားအတွက် တိုက်ပွဲဝင်နေသော ဒီမိုကရေစီအင်အားစုများအား ကိုလိုနီလက်သစ်များဟု မရိုးစတမ်း သမုတ်နေကြသော စစ်အာဏာရှင်များသည် ၄င်းတို့သည်သာ ကိုလိုနီလက်သစ်များဖြစ်နေကြပါသည်။ အင်အားကြီးနိုင်ငံများနှင့် ကိုလိုနီလက်သစ်များပူးပေါင်း၍ နိုင်ငံတော်အားတိုက်ခိုက်သည်ဆိုကာ စစ်အင်အား တိုးချဲ့နေသူများသည် အိမ်နီးချင်းနိုင်ငံကြီးတစ်ခု၏ စီးပွားရေးကိုလိုနီချဲ့ထွင်နေမှုအား ပါးစပ်ကြီးဖြဲ၊ သွားကြီး ဖြဲ၍ ဖိတ်ခေါ်နေရပါသည်၊။

စစ်အသုံးစရိတ်များကြီးထွားမှုကြောင့် စီးပွားရေးကဏ္ဍကိုပင် ထိခိုက်သည်မဟုတ်ပါ။ စရိတ်ခွဲဝေသုံးစွဲမှု (allocation of Expenditures ) မညီမျှမှုကြောင့် အခြားသော ပညာရေး၊ ကျန်းမာရေးကဏ္ဍများကိုလည်း လွန်မင်းစွာ ထိခိုက်ပါသည်။ ဆေးရုံများတွင် ဆေးမရှိ၍၊ လူနာများအား အပြင်ဆေးဆိုင်များတွင် ဆေးဝယ် ခိုင်းသည်။ ဆေးမဝယ်နိုင်သော လူနာများ မတိမ်းပါးသင့်ပဲ တိမ်းပါးရသည်။ ကျောင်းများသို့ ချပေးသော ပညာရေးဘတ်ချက်များ မလုံလောက်၍ ကျောင်းများတွင် ကျောင်းအပ်နှံခများ၊ အလှူငွေစသည်များ ပေါ်လာ သည်။ မပေးနိုင်သူ မိဘများ၏ သားသမီးများ ပညာငတ်ရသည်။ သယ်ယူပို့ဆောင်ရေးစနစ်များတွင် ပံ့ပိုးမှု အားနည်းခြင်းကြောင့် လုပ်ငန်းခွင်နှင့် ဝေးသောနေရာများတွင် နေသူများ အလုပ်ခွင်သို့ မရောက်နိုင်ကြပါ။ ရောက်နိုင်သူများမှာလဲ စရိတ်ကြီးမားသောကြောင့် လက်ကျန်ဝင်ငွေနည်းသည်။ အလုပ်လက်မဲ့ ပြဿနာ များကြီးထွားလာရသည်။ စီးပွားရေးလုပ်ငန်းများတွင် ဗိုလ်ချုပ်တို့နှင့် နီးစပ်သူများကသာ လက်ဝါးကြီးအုပ်မှု များက ပေါင်းစပ်လိုက်သောအခါတွင်ကား လုပ်ငန်းပြိုင်ဆိုင်မှု အားနည်းပြီး၊ လုပ်ငန်းအရေအတွက် လျော့ နည်းသွားသည်။ အလုပ်သမားလျှော့ချမှုများဖြစ်သည်။ အလုပ်လက်မဲ့ပြဿနာ များပြားလာသည်နှင့်အမျှ ရာဇဝတ်မှု (crime rates) များ ထူပြောလာသည်။ ‘တလိမ်၊ နှစ်လိမ်ပွေလိမ်ရှုပ်တယ်၊ လူညာကြီးပေါ့ကွယ်’ ဟုပင် ဆိုရမည်လား။ တိုင်းပြည်တိုးတက်ရေးလုပ်နေသည်ဆိုကာ လူထုအား ညာနေသော စစ်အစိုးရကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ ဘဲဥအစရှာမရ ရှုပ်ထွေးကုန်နေသည်ကတော့ အမှန် ပင်ဖြစ်သည်။

ချုပ်၍ဆိုရသော် ‘ကျည်ဆံတွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ’၍ စားစရာမရှိသော ယနေ့ခေတ် ဤကာလမျိုးအား ‘ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ’ ကာလသို့ ပြောင်းလဲပစ်ရန်မှာ စစ်အာဏာ ရှင်စနစ် ဖြုတ်ချရေးမှတပါး အခြားမရှိပါကြောင်း။


REF: ခင်မမမျိုး

Read More...

အပေါ်သို့