မကြာသေးမီက ပါလက်စတိုင်းတို့၏ ဂါဇာဒေသတွင် လူပေါင်း ထောင်နှင့်ချီ၍ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဆက်လက် သတ်ဖြတ်ဆဲလည်း ဖြစ်သည်။ ဆေးရုံတွေ၊ ကျောင်းတွေ ဗုံးကြဲခံနေရသည်။ သာမန်အရပ်သား လူနေရပ် ကွက်များအပေါ်သို့ ပိတ်ပင် ထားသော အင်မတန် လူမဆန် သည့် ဖော့စ်ဖရပ်စ် ဗုံးများလည်း ကြဲချသည်။ လူ့အခွင့်အရေး အော်သံများ ကြားရသည်မှာ နည်းလှ ချေကလား။ လူ့အခွင့်အ ရေးဆိုရာတွင် ပါလက်စတိုင်းများ၏ အခွင့်အရေးများ မပါဝင် လေရော့သလား။
အစ္စရေးလ်ကျူးလွန်သမျှကို အနောက်တိုင်း မီဒီယာအများ အပြားက ဘာကြောင့် နှုတ်ပိတ်နေကြသလဲ ဆိုခြင်းမှာ စိတ်ဝင် စားစရာ ကောင်းသည်။ စောကြော သင့်ပါသည်။ ဘယ်လိုအ ကြောင်းတွေကြောင့် အစ္စရေးလ် နိုင်ငံဟာ ဒါလောက် “ကင်းလွတ်ခွင့်” တွေ ရနေကြသလဲ ဆိုတာ စဉ်းစားစရာ ဖြစ်ပါသည်။ ပြန်စဉ်းစား လိုက်တော့ စစ်အေးခေတ် ကာလတုန်းကလည်း အစ္စရေးလ်တို့ ထင်ရာစိုင်းခွင့် ရခဲ့သည် မဟုတ်ပါလော။
အစ္စရေးလ် သတင်းဌာနများ၏ အဆိုအရဆိုရင် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က စတင်ခဲ့သော တိုက်ခိုက်မှုကို အစ္စရေးလ် အစိုးရက ခြောက်လကျော် တင်ကြိုပြီး စေ့စေ့စပ်စပ် ပြင်ဆင်ခဲ့သည်။ ပြင်ဆင်တာမှ စစ်ရေးနဲ့ မီဒီယာ ဝါဒဖြန့်ချိရေး ဆိုပြီး တိတိပပပြင် ဆင်ခဲ့ပါသည်။ ထို့ပြင် သူတို့သည် ၂ဝဝ၆ ခုနှစ် လီဘာနွန်နိုင်ငံကို ကျူးကျော် ဝင်ရောက် တိုက်ခိုက်စဉ်က အတွေ့အကြုံနှင့် သင်ခန်းစာများကို အသေအချာ သုံးသပ် နိဂုံးချုပ်ခဲ့ပါသည်။ သူတို့ အမြင်တွင် လီဘာနွန်တုန်းက သူတို့ဖက်က ပြင်ဆင်မှု ညံ့ဖျင်းခဲ့သည်၊ ဝါဒဖြန့် ချိမှုလည်း မလုံလောက်ခဲ့။ ထို့ကြောင့် ယခုအကြိမ် စတင် တိုက်စစ်ဆင်ရာတွင် ရွေးချယ်သည့် နေရာနှင့် အချိန်ကိုပဲ ကြည့်ပါ။ ဂါဇာမြို့၏ လူအထူထပ်ဆုံး နေရာမှာမှ ကျောင်းလွှတ်ချိန်၊ လမ်းပေါ်တွင် ကလေးတွေ ပုရွက်ဆိတ် လေးတွေလို အုံလိုက် ကျင်းလိုက် ရှိနေချိန်၊ လူ ၂၂၅ ယောက်သေပြီး ၇ဝဝ ကျော် ဒဏ်ရာရစေရန် မိနစ်အနည်းငယ်သာ အသုံးပြုလိုက်ရသည်။
ပါလက်စတိုင်းဖက်ကပြောရလျှင်မူ စင်စစ် ဤဒေသတခုလုံး မှာ သူတို့၏ နယ်မြေသာ ဖြစ်သည်။ ဟာမာ့ဇ်တို့က ဒုံးပျံနှင့် ပစ်သဖြင့် အစ္စရေးလ်က ဆုံးမရပါသည် ဆိုသော ဒေသမှာ လည်း ၁၉၆၇ ခုနှစ် နောက်ပိုင်းတွင်မှ စစ်ဖြစ်ပြီး အစ္စရေးလ်က လုယူသွားသော နယ်မြေများ ဖြစ်ပါသည်။
တကယ်တော့ အစ္စရေးလ်တွေက ပါလက်စတိုင်းတွေ အပေါ် ပြုမူနေသည်များမှာ လူမျိုးတုန်းအောင် သတ်ဖြတ်ခြင်း ဖြစ်သည်ဟု ပြောနေကြသည်မှာ ကြာလှပေပြီ။ ဂျူးလူမျိုးတဦး ဖြစ်သည့် Ilan Pappe ရေးသော “ပါလက်စတိုင်းများကို လူမျိုးတုန်း သတ်ဖြတ်မှု” (The Ethnic Cleansing of Palestine) ဆိုသော စာအုပ်မျိုးပင် ပေါ်ထွက်ခဲ့သည်။ ဤအချက်ကို မနည်းလှသော အစ္စရေးလ် ခေါင်းဆောင်များ ကလည်း ဝန်ခံကြသည်။ သူတို့က ဤနေရာ (ပါလက်စတိုင်းတိုင်းပြည်) တွင် လူမျိုးနှစ်မျိုးနေဖို့ ဆိုသည်မှာ မဖြစ်နိုင်ဟု ဗြောင်ပြောကြသည်။ ထို့ကြောင့် သူတို့သည် အစီအစဉ် ရှိရှိ လူမျိုးရေး အရ သန့်စင်ရေး (ethnic purity)၊ တဆက်တည်းတွင် ဘာသာရေးအရ သန့်စင်ရေးတို့ကို ထူထောင် နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် ဤပြဿနာကို အစချီလိုက်သည်နှင့် ဤဒေသကို ဘယ်သူ ပိုင်သနည်း ဆိုသည်ကို မပြောမဖြစ် ပြောကြရသည်။ ဟီဘရူး လူမျိုးများ၏ အစ္စရေးလ် ဟူသော နိုင်ငံကို ခရစ်မပေါ်မီ ၁ဝ၂ဝ ခုနှစ်တွင် ဤဒေသ၌ တည်ထောင်ခဲ့ပါသည်။ တည်ထောင် သူမှာ ဆော်လ် (Saul) ဆိုသော ဘုရင်ဖြစ်သည်။ ဟီဘရူးမင်းများ အနက် ဆော်လမွန် ဘုရင်မှာ လွန်စွာမှ ဘုန်းတန်ခိုး ကြီးသော မင်းအဖြစ် ထင်ရှားခဲ့ ပါသည်။
ဘီစီ ၅၃၆ တွင် ဘေဘီလွန်နိုင်ငံ (ယခုအီရတ်နိုင်ငံနေရာ) က ဟီဘရူးတို့၏ နယ်မြေကို သိမ်းပိုက်လိုက်သည်။ ယင်းနောက် သမိုင်း တလျှောက်တွင် ဤဒေသကို ပါရှား၊ ဂရိ၊ ရောမ၊ ဘိုင်ဇင်တင်း အင်ပါယာ၊ အစ္စလမ်နှင့် ခရစ်ယံ ခရူးဆိတ်တပ်များ၊ အော်တိုမန် အင်ပါယာ နှင့် ဗြိတိသျှ အင်ပါယာတို့က အဆက်ဆက် သိမ်းပိုက် ခဲ့ကြပါသည်။ စုစုပေါင်း နှစ်ပေါင်း ၂၅ဝဝ ကျော်သည့် တဆက် တစပ်တည်း ကာလကြီး ဖြစ်ပါသည်။ ၁၈၉၇ ခုနှစ်တုန်းက သန်းခေါင်စာရင်း အရ ဆိုလျှင် ဤဒေသတွင် ၉၃% မှာ ပါလက်စတိုင်း အာရပ်လူမျိုး၊ မူဆလင် က ၈၈%၊ ခရစ်ယံက ၁ဝ% ရှိပါသည်။ သို့သော်…
ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်တွင် ကိုလိုနီ နိုင်ငံများတခုပြီး တခု လွတ်လပ် လာကြသည်။ တနည်း ပြောရလျှင် ကိုလိုနီ နယ်ချဲ့များက တနိုင်ငံပြီး တနိုင်ငံ လက်လွှတ် ကြရသည်။ ထို အထဲတွင် ရေနံ ကြွယ်ဝသော အရှေ့အလယ်ပိုင်း ဒေသနှင့် အာရပ် နိုင်ငံများလည်း ပါသည်။ အာရပ်နိုင်ငံများ စုစည်းမိမှာကို မလိုလားသော၊ အလယ်ခေတ်က ခရစ်ယံ ခရူးဆိတ်တို့၏ ရန် ညှိုးများကို မစွန့်လွှတ်နိုင်သော ဗြိတိသျှ ကိုလိုနီ သခင်များသည် ဤဒေသကို ပစ်ရမှာလည်း အဆီနဲ့ တဝင်းဝင်းဟုသာ ရှုမြင်ကြသည်။ ထို့ကြောင့် သူတို့ လွတ်လပ်ရေး ပေးရာတွင် လုပ်လေ့ရှိသည့် အတိုင်း သပ်တချောင်း လျှိုထားခဲ့ရန် စီစဉ်တော့၏။ ယင်းမှာ အခြားမဟုတ်၊ လွန်ခဲ့သော ထောင်စုနှစ် ၂ ခုခွဲ ကျော် ကတည်းက ပျောက်ကွယ် သွားသော အစ္စရေးလ် နိုင်ငံကို ဖန်တီးကာ ပြဿနာ ဖော်ခဲ့ခြင်း ဖြစ်ပါသည်။
ဗြိတိသျှတို့သည် ပထမ ကမ္ဘာစစ် အပြီးတွင် ပါလက်စတိုင်း ဒေသကို အော်တိုမန် အင်ပါယာ လက်မှ ရယူ လိုက်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သူတို့သည် ယင်းဒေသကို ရေရှည် ချုပ်ကိုင်နိုင်ရေး အတွက် အစီအစဉ်တရပ် ချမှတ်ခဲ့သည်။ ဗြိတိသျှတို့သည် နိုင်ငံ အနှံ့အပြားရှိ ဂျူး ဘာသာဝင်တွေကို ပြန်လာချင်အောင် အမျိုးမျိုး ဆွဲဆောင်ကာ သူတို့ ချုပ်ကိုင်ထားသော ပါလက်စတိုင်း ဒေသတွင် နေရာ ချထားပေးသည်။ ထို့နောက် ပါလက်စတိုင်းတွေကို ဘိုးဘွားပိုင်မြေများမှ မောင်းထုတ် ရွေ့ပြောင်းစေခဲ့သည်။ ပုံပြင်ထဲက ကုလားအုပ်ကြီးက အာရပ်ကြီး၏ တဲထဲဝင်ပုံမျိုးပင် ဖြစ်ပါသည်။ သို့ဖြင့် ၁၉၄၈ ခုနှစ်တွင် ပါလက်စတိုင်းများနှင့် ဂျူးများအကြား ကပြဿနာကို ကုလသမဂ္ဂက ဖြေရှင်း လိုက်ပါသည် ဆိုပြီး ပါလက်စတိုင်း နယ်မြေနှင့် ဂျူးနယ်မြေများကို ခွဲလိုက်သည့် အခါတွင် ဂျူးတို့၏ နယ်မြေမှာ ၈ဝ% တိုးများလာ တော့သည်။ သည့်အရင်က ဂျူးပိုင်နယ်မြေမှာ နယ်မြေတခုလုံး၏ ၇% သာရှိရာမှ ၅၅% ဖြစ်လာသည်။ ပါလက် စတိုင်းလူမျိုး ၈ သိန်း တို့မှာ မိမိတို့ အိမ်ယာများမှ ဖယ်ပေး ခဲ့ကြရသည်။
ဤနေရာတွင် ဖြတ်ပြောလိုသော အချက်တချက် ရှိပါသည်။ ဂျူးဆိုသော စကား၏ အဓိပ္ပာယ် ဖြစ်ပါသည်။ ဂျူးဆိုသည်မှာ လူမျိုး ဟုတ် ပါ၏လော ဆိုသည်ကို မြန်မာနိုင်ငံသားများ စဉ်းစားဖူးကြ ပါသလား။ ကျွန်တော်တို့ ငယ်စဉ်က ရုရှားဂျူးများ၊ ပိုလန်ဂျူးများ၊ ဟန်ဂေရီဂျူး များ စသည့် အခေါ်အဝေါ် အသုံးအနှုန်းများကို မကြာခဏ တွေ့ကြရပါသည်။ သို့သော် ထိုစဉ်က ကျွန်တော် သိပ်နက်နက် ရှိုင်းရှိုင်းမစဉ်း စားခဲ့ပါ။ လူလတ်ပိုင်း ဝင်တော့မှ ရုရှားနိုင်ငံသား ဂျူးတယောက်ရေးသော ကိုယ်ရေး အတ္ထပ္ပတ္တိတွင် သူက ဂျူးဆိုသည်မှာ လူမျိုး မဟုတ်ကြောင်း၊ ဘာသာတခုကို ယုံကြည်သူများ ဖြစ်သည်ဟု ရေးထားသည်ကို ဖတ်လိုက်ရသည်။ ကျနော် အလွန်တရာမှ အံ့သြ သွားခဲ့ပါသည်။ ဤအမှန်တရားမှာ အစ္စရေးလ် နိုင်ငံကို အတင်း ဖန်တီး တည်ဆောက်သော ဇီယွန်ဝါဒီနှင့် ဗြိတိသျှ ကိုလိုနီ ဝါဒီများကြောင့် ဖုံးကွယ် နေရခြင်း ဖြစ်ပါသည်။ ၂ဝ ရာစု နှစ်ထဲ ရောက်ပြီးတော့မှ ဇီယွန်ဝါဒီ ဂျူးများကြောင့် ပေါ်လာသည့် အယူအဆနှင့် သမိုင်းသစ် ဖြစ်ပါသည်။ သူတို့က နိုင်ငံသစ်၊ အမျိုးသားသစ်နှင့် သမိုင်းသစ်ကိုပါ ဖန်တီး တည်ထောင် ခဲ့ကြပါသည်။ ထို့ကြောင့် ယနေ့ကမ္ဘာတွင် သမိုင်းကို အမှန်အတိုင်း ရေးခွင့် မပြုသည့် အစိုးရများထဲတွင် လူမျိုးသစ်ကို ဖန်တီထားသော အစ္စရေးလ် အစိုးရနှင့် ဒုတိယ ကမ္ဘာစစ်၏ အမှန်တ ရားများကို ထိန်ချန်လိုသည့် ဂျပန် အာဏာရ အလွှာထဲမှ လက်ျာဂိုဏ်းသားများ ထိပ်တန်းက ပါသည်ဟု ဆိုရပါမည်။
သို့တိုင်အောင် အစ္စရေးလ်နိုင်ငံ၏ ပထမဆုံးခေါင်းဆောင်သော ဝန်ကြီးချုပ်ဖြစ်သည့် ဒေးဗစ် ဘင်ဂူရီယံ (David Ben Gurion) အပါအဝင် ခေါင်းဆောင် ဟောင်းများက ယနေ့ ပါလက်စတိုင်း လူမျိုးများမှာ ယခင် ရှေးတုန်းက ဤဒေသရှိ ဟီဘရူးများက ဆင်းသက်လာ သူများဖြစ်သည်၊ နောင်ကျမှ အစ္စလမ် ဘာသာထဲ ကူးပြောင်းသွားကြခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့ကြပါသည်။ (ယခင် ဟီဘရူး အင်ပါယာကြီးမှ ဟီဘရူး လူမျိုးများ ဘယ်ရောက် သွားကုန်ကြသလဲ ဆိုသည်မှာ သမိုင်းဆရာ အချို့အဖို့ ကျေနပ်လောက်သည့် အဖြေမတွေ့ သေးသော ပဟေဠိ ဖြစ်မြဲ ဖြစ်နေပါသည်။)။
ပြောသင့်သည့်နောက်တချက်မှာ ဂျူးလူမျိုးတို့၏ ထူးခြားသော စွမ်းရည်၊ တိုက်ခိုက်စွမ်းကြောင့် ဤကဲ့သို့ အစ္စရေးလ် နိုင်ငံကို တည်ထောင် နိုင်ခဲ့ခြင်း၊ ကာကွယ် နိုင်ခြင်းဖြစ်သည်ဟု အမွှန်း တင်နေကြသည့် အချက် ဖြစ်ပါသည်။ ဤသည်ကို ဇီယွန်ဝါဒီများက အတော်ပင် အသားယူကြသည်။ တကယ်တော့ ဤလုပ်ငန်းကြီး တခုလုံးကို ထိုစဉ်က ကမ္ဘာ့ အင်အား အကြီးဆုံးနိုင်ငံ ဖြစ်သည့် ဗြိတိန်က ဖက်စုံ ချယ်လှယ် လုပ်ကိုင်ပြီး အကာအကွယ် ပေးနေသောကြောင့်သာ ဖြစ်ပါသည်။ အင်္ဂလိပ် ကိုလိုနီ ဝါဒ သမားများသည် သူတို့ ဆွဲသွင်းလာသော ဂျူးအခြေချ နေထိုင်သူများကို ၁၉၂ဝ ခုနှစ်တွင် စစ်လေ့ကျင့်ပေးခြင်း၊ စီးပွားရေး အထောက် အပံ့ပေးခြင်း၊ အာရပ်များထက် လစာ ပိုပေးခြင်း စသည်များ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ၁၉၃ဝ စုနှစ်များအတွင်း ပေါ်ပေါက်ခဲ့သော အာရပ်များ၏ လွတ်လပ်ရေး လှုပ်ရှားမှုများ ကို ယင်းအခြေချသူများဖြင့် ဖြိုခွဲခဲ့ပါသည်။
သို့ဖြင့်ပင် ကိုလိုနီများကိုစွန့်လွှတ်ရပြီးနောက် ရေနံပေါကြွယ်ဝသော၊ ဆူးအက်တူးမြောင်း အနားတွင်ရှိသော၊ လူ့ယဉ်ကျေးမှု သမိုင်း ရှည်ကြာသော၊ ဘာသာသုံးမျိုးတို့၏ အထွတ်အမြတ် နေရာဖြစ်သော၊ အနောက်တိုင်း လူဖြူများနှင့် သမိုင်းနှင့်ချီ ရန်စရှိခဲ့သော အာရပ် များ၏ အရှေ့အလယ်ပိုင်း ဒေသတွင် အနောက်အုပ်စု အတွက် စိတ်ချရသော ခံကတုတ်တခု တည်ဆောက်ပြီး ဖြစ်သွားပါလေ တော့သည်။
၁၉၅၆ ခုနှစ်။ အရှေ့အလယ်ပိုင်းဒေသတွင် ထူးခြားသောနှစ်၊ အင်္ဂလိပ်နှင့် ပြင်သစ် ကိုလိုနီသခင်များ အဖို့ ဘယ်တော့မှ မမေ့နိုင်သည့် နှစ်။ ဆူးအက် တူးမြောင်းကို အီဂျစ်က ပြည်သူပိုင် သိမ်းလိုက်သောနှစ်။ ဤနှစ်၊ ဤအရေးအခင်းမှ စ၍ အမေရိကန်က အင်္ဂလိပ်နှင့် ပြင်သစ် တို့ကို ဤဒေသမှ မောင်းထုတ်ပြီး သူသည် ကမ္ဘာ့နံပတ်တစ် ဖြစ်ကြောင်း တံခွန်စိုက်ထူ ပြလိုက်သည်။ တဆက်တည်း မှာပင် အိမ်ဖြူတော်သည် အစ္စရေးလ်ကို တိုက်ရိုက် သြဇာ လွှမ်းသူ ဖြစ်လာလေတော့သည်။ ထို့နည်းတူ လှိုင်း (ပင်လယ်) များကို စိုးမိုးသော ဗြိတိသျှ အင်ပါယာကြီးမှာလည်း ထိုအချိန်မှစ၍ စူးအက်တူးမြောင်း၏ အရှေ့ဖက်ကို မျက်စောင်းပင် မထိုးနိုင်တော့ချေ။
ယင်းနောက်တွင် ၁၉၆၇ ခုနှစ် ဇွန်လက ၆ ရက်တာစစ်ပွဲ၊ ၁၉၇၃ ခုနှစ်က ‘အောက်တိုဘာစစ်ပွဲ’၊ ၁၉၇၈ ခုနှစ် ဂျော်ဒန်ကို ဝင်တိုက်သည့် စစ်ပွဲ၊ ၁၉၈၁ ခုနှစ်က ဆီးရီးယားနှင့် ဖြစ်သည့်စစ်ပွဲ၊ ၁၉၈၂ ခုနှစ် လီဘာနွန်ကို ဝင်တိုက်သည့် စစ်ပွဲ စသည့် အစ္စရေး၏ စစ်ပွဲ မှန်သမျှကို အမေရိကန်က စစ်ရေး၊ လျှို့ဝှက်သတင်း၊ ငွေကြေး စသဖြင့် အစစအရာရာ အထောက်အပံ့များ ပေးခဲ့သည်။ သို့ဖြင့် အစ္စရေးလ်သည် အာရပ်များ အလည်တွင် ငပွကြီးလုပ်ရင်း အမေရိကန် အတွက် သတင်းရရှိရေး ကိစ္စ အပါအဝင် အလွန် အဖိုးတန်သော “မဟာမိတ်” ဖြစ်လာ ခဲ့ပါသည်။
သို့သော် စီးပွားရေးအရ၊ စစ်ရေးအရ၊ နိုင်ငံရေးအရ အချက်အခြာ ကျလှသော ဤဒေသတွင် နိုင်ငံရေး အပြောင်းအလဲတွေ မြန်ဆန်၊ များပြား၊ ရှုတ်ထွေး လှသလို ဆန်းကြယ်မှုများလည်း တွေ့ရသည်။ ကိစ္စတခုကို ထောက်ပြရလျှင် အချက်အခြာ အလွန်ကျသော နေရာတွင် ရောက်ရှိနေသော အစ္စရေးလ်ကို အမေရိကန်က အလုံးစုံ ချုပ်နိုင်စွမ်း လျော့ပါးလာခြင်း ဖြစ်သည်။ တဖက်တွင်လည်း အမေရိကန်၏ စီးပွားရေးတွင် ဂျူးလူမျိုးများ၏ အခန်းကဏ္ဍ ကြီးမားလာသည်နှင့် အမျှ အမေရိကန် နိုင်ငံရေးကိုလည်း ဂျူးများက ချယ်လှယ် လာကြခြင်းက ရှိနေသည်။ ထို့ကြောင့်ပင် အိမ်ဖြူတော်မှာ ဘယ်သူပဲ တက်တက် ဂျူးပြဿနာ၊ ပါလက်စတိုင်း ပြဿနာနှင့် ပတ်သက်လျှင် တစ်သံတည်းလိုလို ထွက်ကြသည်။ အပြောင်းအလဲဟု ကြွေးကြော်သော အိုဘားမားလည်း ချွင်းချက် မဟုတ်ပါ။
ရှေ့ကိုမျှော်ကြည့်လိုက်လျှင် ဤဒေသတည်ငြိမ်အေးချမ်းရေးမှာ အပုံကြီး ဝေးနေသေးသည်ကို အလွယ်ပင် တွေ့မြင်နိုင်ပါသည်။ သမိုင်း ရာစုများက ဘီစီနှစ်များဟု ခေါ်သော ခရစ်မပေါ်မီ နှစ်ထောင်နှင့်ချီသည့် ကာလများအထိ ဆက်စပ်လို့ရသည်။ ဘာသာရေး အာဃာတ၊ လူမျိုးရေး အာဃာတများလည်း ကြီးမားပါသည်။ ပို၍စိုးသည်မှာ ဤဒေသကို မိမိသြဇာခံ နယ်မြေအဖြစ် ဖန်တီးလိုသည့် နိုင်ငံကြီးများက လက်မလွှတ်လိုခြင်းပင် ဖြစ်ပါသည်။
ဖိုးသံချောင်း
Ref: နေ့သစ်
0 comments:
Post a Comment