Sunday, June 6, 2010

တန်ခိုးထက်သည့် ဆရာတော်

မိုက်ကယ် ဂရေးဗားစ်
Saturday, June 05, 2010

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ အစီအစဉ်ကို လက်မခံရန် ဆုံးဖြတ် လိုက်ခြင်းသည် ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြင်းပြသည့် ကြည်ညိုဖွယ် ရဟန်းတော်တပါး၏ စွမ်းဆောင်ချက်ဟု အသိအမှတ် ပြုထားကြသည်။

DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ (ခေါ်) ဗိုလ်ချစ်သူက အခန်း ၄၀ ပါ ခေတ်မီ အိမ်သစ်တက်ပွဲ အခမ်းအနား ကို မကြာသေးမီက မြ၀တီမြို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဗိုလ်ချစ်သူသည် မြ၀တီမြို့တွင် နေထိုင် ကာ အကျိုးအမြတ် များစွာရရှိသော နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ် ထားသူဖြစ်သည်။ မြန်မာစစ်တပ်နှင့် အလွန် နီးစပ်ပြီး ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ကို စစ်အစိုးရက တိုက်ခိုက်သည့် အချိန်တိုင်းတွင် လည်း DKBA က အစိုးရ တပ်များကိုယ်စား တိုက်ပေးလေ့ ရှိသည်။

သက်တော် ၆၇ နှစ် ရှိပြီဖြစ်သော ဆရာတော် ဦးသုဇနသည် DKBA အဖွဲ့အတွင်း ဗိုလ်ချစ်သူနှင့် တန်းတူ (သို့မဟုတ်) ပို၍ အာဏာ ရှိသည်ဟူသော အချက်ကို အနောက်နိုင်ငံ အများစုက မသိကြသေးပေ။ မကြာသေးမီက DKBA သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ပယ်ချခဲ့ရာတွင် ဆရာတော်သည် အခရာဖြစ်သည်ဟု ဆိုကြသည်။

တချို့က ဆရာတော် ဦးသုဇနသည် DKBA တွင် သြဇာအာဏာ အရှိဆုံးပုဂ္ဂိုလ်ဟု ဆိုသည်။ DKBA စတင် ဖွဲ့စည်းရာ၌ ဆရာတော် ပါဝင်ခဲ့သည့် အခန်းကဏ္ဍကြောင့် အဖွဲ့အတွင်းရှိ အရာရှိ အရာခံ အကြပ် တပ်သားများ အနေနှင့် ဆရာတော် ၏ ဆုံးဖြတ်ချက်ကို လွန်ဆန်ရန် ခက်ခဲသည်ဟု ဆိုကြသည်။

တပည့်တပန်းများက ဆရာတော်ကို အလွန် ကြည်ညိုကြသည်။ ဆရာတော်၏ ဘာသာရေးနှင့် နိုင်ငံရေးသြဇာ နှစ်ရပ် စလုံးက စစ်အစိုးရနှင့် ပေါင်းကာ နယ်စပ် ကုန်သွယ်ရေးဖြင့် မြိုးမြိုးမြက်မြက် စီးပွားဖြစ်နေသော DKBA အရာရှိများ၏ အာဏာနှင့် တတန်းတည်း ဖြစ်ရုံမက တခါတရံ ဆန့်ကျင်ဘက်ပင် ဖြစ်နေတတ်သေးသည်။

ကရင် အများအပြား၏ အမြင်တွင် ဗိုလ်ချစ်သူသည် ရှေးယခင်က ကရင်စစ်ဘုရင်များပုံစံ ပေါက်နေသည်ဟု မြင်ကြ သည်။ ဆရာတော် ဦးသုဇနကိုမူ ကရင် လူမျိုးများအတွက် လိုအပ်နေသည့် ငြိမ်းချမ်းရေး၊ သာယာချမ်းမြေ့မှု နှင့် အနာဂတ် သာယာ ၀ပြောမှုများကို ဆောင်ကြဉ်း ပေးနိုင်သော ဘာသာရေး ခေါင်းဆောင်တဦး အဖြစ် ရှုမြင်ကြသည်။ ကရင် မိရိုးဖလာ ခေါင်းဆောင်မှု၊ အမျိုးသားရေးဝါဒ၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု အပြင် အစဉ်အလာ ဘာသာရေး ခေါင်းဆောင်မှုများ အပေါ်တွင် အခြေခံ၍ ဆရာတော်ကို ထောက်ခံကြခြင်း ဖြစ်သည်။

ခရစ်ယာန် ဘာသာဝင်များ အပါအ၀င် ကရင်လူမျိုးများစွာက ဆရာတော်ကို DKBA နှင့် ကရင် အမျိုးသား အစည်း အရုံး (KNU) အကြား ငြိမ်းချမ်းရေးနှင့် ပြန်လည် ရင်ကြားစေ့ရေး အတွက် ပေါင်းကူးပေးနိုင်သူ တဦးအဖြစ် ရှုမြင်ကြ သည်။ DKBA သည် အဓိကအားဖြင့် ဗုဒ္ဓဘာသာဝင်များပါဝင်ပြီး ကရင်ပြည်နယ်၏ နေရာ အတော်များများကို ထိန်းချုပ် ထားနိုင်သည်။ KNU တွင်မူ ခရစ်ယာန် ဘာသာဝင် ကရင်လူမျိုးများ အဓိကပါဝင်သည်။ KNUအတွင်း ဘာသာရေး မတူညီမှု၊ ခွဲခြားဆက်ဆံမှုနှင့် အခြား ကိစ္စရပ်များ အပေါ်တွင် ပြင်းပြင်းထန်ထန် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ၁၉၉၄ တွင် DKBA အဖွဲ့ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ကရင်စစ်တပ် နှစ်ခုအကြား မည်သည့်နည်းဖြင့်မဆို ပြန်လည် သင့်မြတ်ပြေလည်ပါက ဒေသအတွင်း အကျိုးအမြတ် ရရှိလိမ့်မည် ဖြစ်သည်။ အထူးသဖြင့် ထိုဒေသအတွင်း ၀င်ရောက် လုပ်ကိုင်နေကြသည့် လူသားချင်း စာနာသော အကူအညီပေး အဖွဲ့များအတွက် အဆမတန် လွယ်ကူ သွားစေနိုင်သောကြောင့် နိုင်ငံတွင်း အိုးအိမ်မဲ့ လှည့်လည် နေထိုင်သည့် ဒုက္ခသည်များနှင့် နယ်စပ် တလျှောက်ရှိ ဒုက္ခသည်များအတွက် အကျိုး ရှိလိမ့်မည်ဖြစ်သည်။

ဆရာတော် ဦးသုဇနသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ပိုးကရင်လူမျိုးဖြစ်သည်။ လူငယ် ဘ၀တွင် KNLA ၏ ဆက်သား ရဲဘော်အဖြစ် အမှုထမ်းခဲ့ဖူးသည်။ သက်တော် ၂၀ တွင် ရဟန်းဘောင်သို့ ဝင်ခဲ့ပြီး ဒေသအတွင်းရှိ ဘုရား ပုထိုးများ ပြန်လည်ပြုပြင်ရေး ခရီးရှည်ကို စတင်မူခဲ့သည်။ ဆရာတော်၏ ရည်မှန်းချက် ပန်းတိုင်သည် ဗုဒ္ဓဘာသာ တည်တံ့ ပြန့်ပွားရေးနှင့် ငြိမ်းချမ်း၍ သာယာ ၀ပြောသော နေရာတခု တည်ဆောက်ရန် ဖြစ်သည်ဟု ဆရာတော်က မိန့်ကြားခဲ့သည်။ နောက်ပိုင်းတွင် ဆရာတော်သည် တောရ လှည့်လည် ဆောက်တည်ခဲ့သည်။ လှည့်လည်ရင်း ကမမောင်းမြို့နှင့် အလှမ်းမဝေးသော သံလွင်မြစ် အရှေ့ဘက်ကမ်းပေါ်ရှိ မြိုင်ကြီးငူ တောင်ကုန်းပေါ်သို့ ရောက်ရှိခဲ့ပြီး ထိုနေရာ၌ ဂမ္ဘီရ ကျင့်ကြံအားထုတ်သော ရသေ့တပါးနှင့် တွေ့ဆုံခဲ့သည်။

ဆရာတော်သည် ထိုတောင်ကုန်းပေါ်ရှိ ဘုရားပျက်အနီး၌ သီတင်းသုံးရန် ဆုံးဖြတ်ခဲ့သည်။ ဒေသခံ ရွာသားများက ဆရာတော်အတွက် ပစ္စည်းလေးပါး ဒါယကာများအဖြစ် ပံ့ပိုးခဲ့သည်။ သို့သော် ဆရာတော်သည် နာမကျန်းဖြစ်ပြီး တီဘီရောဂါကို ခံစားခဲ့ရသည်။ တောင်ကုန်းပေါ်တွင် ဆရာတော်သည် ၄၉ ရက်ကြာ အဓိဋ္ဌာန် တရားစခန်း ၀င်ခဲ့ပြီး နောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး နောက်ပိုင်းတွင် ပထမဦးဆုံး စေတီကို တည်ထားခဲ့သည်။ နှစ်ပေါင်း၂၀ အတွင်း ဆရာတော် ပြန်လည်ပြုပြင်မွမ်းမံခဲ့သော ဘုရားပုထိုးစေတီပေါင်း ၇၀ ကျော်ရှိသည်ဟု သိရ သည်။ အဖြူရောင်စေတီ အဆူ ၅၀ တည်ဆောက်ပြီးပါက ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ရရှိလိမ့်မည်ဟု ဆရာတော်က နိမိတ်ဖတ် မိန့်ကြားခဲ့သည်။

ဆရာတော်သည် ခြိုးခြံ၍ ကျင့်ကြံနေထိုင်ခြင်းကြောင့် ဆရာတော်ကို ကြည်ညိုသူ တပည့်ဒါယကာ၊ ဒါယိကာမများစွာ ရှိသည့်အပြင် ၁၉၈၂ တွင် သက်သတ်လွတ် ဗုဒ္ဓဘာသာဝင် အသိုင်းအ၀န်းကို တည်ထောင်ခဲ့သူ သာမည ဆရာတော် ၏ သာဝက ရဟန်းတပါးလည်း ဖြစ်လာခဲ့သည်။ ဆရာတော်သည် မြိုင်ကြီးငူ မြို့ဟောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုမြို့ ဟောင်းသည် ဘုန်းကြီး ကျောင်းဝင်းကြီး တခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ထိုနေ ရာကို DKBA ၏ ဗဟို ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။ ထိုဝင်းအတွင်း နေထိုင်သူ နောက်လိုက် တပည့် အားလုံးသည် ဆရာတော်၏ ကိုယ်ကျင့်တရား စည်းကမ်းကို လိုက်နာရသည်။ ထိုစည်းကမ်းများမှာ ငါးပါးသီလကို တင်းတင်း ကျပ်ကျပ် လိုက်နာရမည်၊ အမျက်ဒေါသ မထားရ၊ ခိုက်ရန်မဖြစ်ရ၊ နိုင်ငံရေး မပတ်သက်ရ၊ ဘာသာရေးအရ မတူကွဲပြားမှု များ နှင့်ပတ်သက်၍ ဆွေးနွေးခြင်းမပြုရ နှင့် အတင်းအဖျင်း မပြောရဟူ၍ ဖြစ်သည်။

၁၉၇၅ တွင် ဆရာတော် ဦးသုဇနသည် KNU ဘာသာရေး ဦးဆောင်ကော်မတီ၏ ကော်မတီဝင်တဦး ဖြစ်ခဲ့သည်။ ၁၉၈၀ ပြည့် နှစ်လယ် ကာလများ အတောအတွင်း KNU ၌ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဟူ၍ ဘက်နှစ်ဘက် ပေါ်ထွက်ခဲ့ သည်။ ၁၉၈၉ ခုနှစ်တွင် KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြက မာနယ်ပလောသို့ မျက်နှာမူထားသော သံလွင် မြစ်နှင့် သောင်ရင်းမြစ်ဆုံ၊ သုမွဲထအရပ်ရှိ တောင်ကုန်းပေါ်၌ ဆရာတော်ကို ဘုရားတည်ခွင့်ပေးခဲ့သည်။ မာနယ် ပလော သည် ထိုအချိန်က KNU ၏ ဌာနချုပ်ဖြစ်သည်။

သို့သော် စစ်နယ်မြေ ဖြစ်သောကြောင့် ဘုရား တည်ဆောက်ခြင်းကို ရပ်တန့်ခဲ့ရသည်။ တချိန်တည်းတွင် KNU မှ တာဝန်ရှိသူ တဦးသည် ဗုဒ္ဓဘာသာဝင် ကရင် လူမျိုးများကို သတ်ဖြတ်ခြင်း၊ အနိုင့်အထက် ပြုခြင်းများ အပါအ၀င် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခြင်း ခံရသည်။

ဘုရားတည်ခြင်းလုပ်ငန်း ရပ်တန့်လိုက်ရသည့် ကိစ္စနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် အငြင်းပွားမှု ဖြစ်ပွားပြီးသည့် နောက် ဆရာတော် ဦးသုဇန၏ နောက်လိုက် ဗုဒ္ဓဘာသာဝင်များ အပေါ် မောက်မာစွာ ဆက်ဆံခြင်း၊ ခွဲခြားဆက်ဆံခြင်း နှင့် ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများ ရှိခဲ့သည်။

ကရင်လူမျိုး အချင်းချင်း ဖြစ်ကြသည့် ပဋိပက္ခတွင် သိသာသော အချက်တချက် ရှိသည်။ ပိုးကရင်များသည် ဗုဒ္ဓ ဘာသာဝင် လူအများစုဖြစ်ပြီး ကရင် အသိုင်းအဝိုင်းတွင် အဆင်းရဲဆုံးလည်း ဖြစ်သည်။ ပညာပိုတတ်ပြီး ချမ်းသာသော ကရင်များက ကိုလိုနီ ခေတ်မှစ၍ သူတို့ အပေါ် ဖိနှိပ်လာသည်ဟု ပိုးကရင်များက ခံစားရသည်။ မာနယ်ပလော ဌာန ချုပ်တွင် ဘုရားတည်ရန် အတွက် ကာလ ကြာမြင့်စွာကတည်းက တောင်းဆိုထားမှုကို ငြင်းပယ် ခံရခြင်းသည်လည်း ပိုးကရင်များ၏ ခံစားချက်ကို ပို၍ နက်ရှိုင်းစေသည့် ဖြစ်ရပ်များအနက် တခုဖြစ်သည်။

၁၉၉၄ ဒီဇင်ဘာလ နှင့် ၁၉၉၅ တို့တွင် KNLA တပ်ရင်းများမှ အစုလိုက် ခွဲထွက်၍ DKBA ကို စတင် တည်ထောင်ခဲ့ကြ သည်။ DKBA သည် ယခုအချိန်၌ အင်အား ၆၀၀၀ ခန့် ရှိနေပြီ ဖြစ်သည်။ KNU မှ ခရစ်ယာန် ဘာသာဝင် အများစု၏ ဦးဆောင်မှုအပေါ် အမြင် မကြည်မလင် ဖြစ်လာသည့် DKBA တပ်ဖွဲ့ဝင်များသည် ခရစ်ယာန် ဘာသာဝင်များ နေထိုင်ရာ နေရာများကို ထိုင်းနိုင်ငံထဲ အထိပင် လိုက်လံတိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် စစ်အစိုးရတပ်များနှင့် ပူးပေါင်းခဲ့ပြီး ၁၉၉၅ ၌ KNU ၏ မာနယ်ပလော ဌာနချုပ်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲများ စတင်ချိန်၌ ဆရာတော်သည် ၄၉ လ တရားစခန်း ၀င်မည်ဟုဆိုကာ ထွက်ခွာသွားခဲ့သည်။ နိုင်ငံရေးတွင် ပါဝင်မိသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်တပါး၏ သွေးထွက် သံယိုမှုများမှ ခပ်ခွာခွာနေလိုသော အကျပ်အတည်းကို ပြသလိုက်ခြင်း ဖြစ်သည်ဟု မြင်ကြသည်။

ထိုအချိန်မှစ၍ DKBA သည် KNU ကို တိုက်ခိုက်ရာတွင် မြန်မာစစ်တပ်၏ လက်ကိုင်တုတ် အဖြစ် အသုံးပြုခံခဲ့ရသည်။ နှစ်ဘက်စလုံးက အရပ်သားပြည်သူ ကရင်လူမျိုးများအပေါ် သတ်ဖြတ်မှုများ၊ ရာဇ၀တ်မှုများ ကျူးလွန်သည်ဟု အပြန် အလှန် စွပ်စွဲနေကြဆဲလည်း ဖြစ်သည်။

သို့သော် ထိုကာလများအတွင်း ဆရာတော်နှင့် သူ၏ နောက်လိုက်တပည့်များသည် ပြည်သူလူထု တိုးတက်အောင် တဖြည်းဖြည်း စီမံ ဆောင်ရွက်နိုင်ခဲ့သည်။ လမ်းဖောက်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ ကျန်းမာရေး ဆေးပေးခန်းများ တည်ထောင်ခြင်းနှင့် ရွာသစ် တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ အလုပ်သမား များကို သက်သတ်လွတ် အစားအစာဖြင့် ကျွေးမွေးသည်။ DKBA ၏ တပ်သားသစ် စုဆောင်းမှုပုံစံသည် မိမိဆန္ဒ အလျောက် တာဝန် ထမ်းဆောင် လိုသူများကိုသာ လက်ခံသည့် ပုံစံမျိုး အလုံးစုံ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ သို့သော် ဆရာတော်ကို ထောက်ခံသူများ၏ အဆိုအရ အလုပ်သမားများကို မြန်မာစစ်တပ်က ပြုမူသကဲ့သို့ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ မရှိဟု သိရသည်။

ဆရာတော်သည် ငြိမ်းချမ်းသော၊ အကြမ်းဖက်တိုက်ခိုက်မှုများ မရှိသော “သာသနာ့ ၀တ္တက” နယ်မြေတခု ဖန်းတီး ထားသည်ဟု ထောက်ခံသူများက ပြောကြသည်။ ထိုနေရာသို့ မြန်မာစစ်တပ်က မ၀င်ရဲပေ။ ဆရာတော်သည် စစ် အစိုးရက ကြိုးကိုင်ထားသော သံဃာ့ အဖွဲ့အစည်းက ကပ်လှူသည့် ဘွဲ့တံဆိပ်တော်များကိုလည်း လက်မခံဘဲ ငြင်းပယ် ခဲ့သည်။ ဆရာတော်၏ ခေါင်းဆောင်မှုနှင့် လုပ်နိုင်စွမ်းကို ရည်ညွှန်းကာ ကရင်လူမျိုး ဒါယကာများက ဆရာတော်ကို “အဘိုး သူတော်စင်” ဟု ခေါ်ကြသည်။

ဆရာတော်၏ သြဇာတိက္ကမ ကြီးမားသည့် လျှို့ဝှက်ချက်များအနက် တခုမှာ ပျောက်ဆုံးနေသော ကရင်စာဖြစ်သည့် “ကြက်ယက်စာ” ကို ပြန်လည် ဖော်ထုတ်နိုင်ခြင်း ဖြစ်သည်။ ရှေးခေတ်နိမိတ် ဆိုရိုးစကားများအရ “ထိုစာကို ပြန်လည် ဖော်ထုတ်နိုင် ပါက ပိုးနှင့် စကော ကရင်တို့ ပြန်လည်ပေါင်းဖွဲ့ကြမည်။ ဇွဲကပင်တောင်ပေါ်တွင် ကြက်များတွန်ကြမည်၊ ကရင့် ဖားစည် သံလည်း ကြားရလိမ့်မည်”ဟု ဆိုခဲ့သည်။ တနည်းအားဖြင့်ဆိုသော် ဆရာတော်ဦးသုဇနက ပြည်သူများ ကို စောင့် ရှောက်လိမ့်မည်၊ ငြိမ်းချမ်းရေး တည်ဆောက်လိ့မ်မည်၊ ကရင်အားလုံး ညီညွတ်ကြရန် ဆော်သြလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကရင်ပြည်သူအများစု၏ စိတ်ကူးထဲတွင် ထိုအက္ခရာသည် ပျောက်ဆုံးသွားသော ကရင်ဉာဏ်ပညာ ဒဏ္ဍာရီစာအုပ်မှ ထွက်ပေါ်လာသော ဆရာတော်၏ ဘုန်းတန်ခိုးအာဏာကို ကိုယ်စားပြုသည်ဟု ထင်မှတ်ကြသည်။ ထိုစာအုပ်တွင် စကြ၀ဠာအရှင် က မြန်မာ၊ ထိုင်း၊ မွန်၊ ကရင် နှင့် နိုင်ငံခြားသားအားလုံးကို အသိပညာများ ပေးခဲ့သည်။ ကရင်လူမျိုးမှအပ ကျန်လူမျိုးများက ထိုအသိပညာကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

မကြာသေးမီက ဆရာတော်သည် အဆုတ်ရောဂါကြောင့် ဘန်ကောက်မြို့ရှိ ဆေးရုံတရုံတွင် ဆေးကုသမှု ခံယူခဲ့ရ သေးသည်။ ဆရာတော်သည် နောက်လိုက် တပည့်များနှင့် ယခုအချိန်အထိ အဆက်အသွယ် မပြတ် ရှိဆဲဟု သိရသည်။ ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ဆရာတော်သည် KNU အရာရှိများနှင့် အစည်းအဝေးတခု ပြုလုပ်ကာ KNU နှင့် DKBA အကြား အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် ကမ်းလှမ်း ခဲ့သည်ဟူ၍လည်း ပြောကြသည်။

ကရင်ပြည်နယ်သည် ဒုက္ခများ ဝေနေသော၊ တည်ငြိမ်မှု ကင်းမဲ့သော ပြည်နယ်တခု ဖြစ်နေဆဲဖြစ်သည်။ ထိုသို့သော အကျပ်အတည်း ကာလတွင် စစ်အစိုးရက DKBA အား နယ်ခြားစောင့်တပ်ဖွဲ့ ဖြစ်လာစေရေး တောင်းဆိုနေချိန်၌ ကရင်လူမျိုးများ အရေးအတွက် အရေးကြီးသော နေရာတွင် ပါဝင် ဆောင်ရွက်ပေးခဲ့သော၊ လူအများက ကြည်ညို လေးစားသည့် ဗုဒ္ဓဘာသာ ရဟန်းတပါးသည် ယခုအချိန်တွင် ကရင်လူမျိုးများ အကြား ပြန်လည် ရင်ကြားစေ့ရေး အတွက် မည်သို့ ဆောင်ရွက်နိုင်မည်ကို လေ့လာ စောင့်ကြည့်သူများက အကဲခတ် နေကြသည်။

The Monk in Command By Mikael Gravers ကိုဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Mikael Gravers သည် ဒိန်းမတ်နိုင်ငံ Aarhus တက္ကသိုလ်မှ မနုဿဗေဒ ပညာရှင်တဦးဖြစ်ပြီး ၁၉၇၀ ခုနှစ်မှစ၍ ကရင်လူမျိုးများအကြား ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့သူဖြစ်သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့