အခုအခါ ဖက်ဆစ် စစ်ဝါဒီတွေဖြစ်တဲ့ နအဖစစ်အုပ်စုဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစား နေတာကို ပြည်တွင်း ပြည်ပမှာ သိနေကြပါပြီ။ ဒါကြောင့် အောက်ခြေ တပ်မတော်သားတွေ အပါအဝင် မြန်မာပြည်သူတွေ အနေနဲ့ နျူကလီးယား နည်းပညာကို တစုံတရာ သိနားလည်လာဖို့ လိုအပ်နေပါတယ်။ အခုဆောင်းပါးက အဲဒီ ကွက်လပ်ကို ဖြည့်ဖို့ ရည်ရွယ်ပါတယ်။
၁။ သတ္တုတူးဖော်ခြင်း
အရပ်ဘက်နျူကလီးယားဖြစ်စေ၊ စစ်ဘက်နျူကလီးယားဖြစ်စေ အခြေခံ ကုန်ကြမ်းက ယူရေနီယမ် ဖြစ်ပါတယ်။ ဒီ ယူရေနီယမ် သတ္တုကို မြေကြီးထဲက တူးယူရပါတယ်။ ကမ္ဘာမှာ ယူရေနီယမ် အဓိက ထွက်တဲ့ နိုင်ငံတွေက သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ကာဇက်စတန်၊ နမီးဘီးယား၊ နိုင်ဂျာ၊ ရုရှား၊ ဥဇဘက်ကစ္စတန်တို့ ဖြစ်ပြီး မြန်မာ ပြည်မှာတော့ ပင်းပက်၊ သပိတ်ကျဉ်း၊ ပုံတောင်ပုံညာ၊ ဖားကန့်၊ တနိုင်း၊ မိုးမိတ်တို့မှာ ထွက်ပါတယ်။
ယူရေနီယမ် အနုမြူတချို့ကို ဆက်တိုက်ခွဲစိတ်တဲ့ အခါ စွမ်းအင် ထွက်လာပါတယ်။ ဒီဖြစ်စဉ်ကို နျူကလီးယား ခွဲစိတ်မှု nuclear fission လို့ ခေါ်ပါတယ်။ နျူကလီးယား ဓာတ်အားပေးစက်ရုံ (ဓာတ်ပေါင်းဖို) မှာ ခွဲစိတ်မှုက ဖြည်းဖြည်းလေး ဖြစ်ပျက်နေပြီး နျူကလီးယား လက်နက်မှာတော့ တဟုန်ထိုး မြန်မြန်ဆန်ဆန် ဖြစ်ပျက်ပါတယ်။ နှစ်မျိုးစလုံး မှာတော့ ဒီခွဲစိတ်မှုကို သေသေချာချာ ဂရုတစိုက် ထိန်းချုပ်ဖို့ လိုပါတယ်။
နျူကလီးယားခွဲစိတ်မှုအတွက် ယူရေနီယမ် (၂၃၅) လို့ခေါ်တဲ့ ယူရေနီယမ်အိုင်ဆိုတုပ်ကို သုံးရင် အကောင်းဆုံး ဖြစ်ပါတယ်။ (အိုင်ဆိုတုပ် ဆိုတာ ပရိုတွန် အရေအတွက်တူပြီး နျူထရွန် အရေအတွက်မတူတဲ့ မျိုးတူဒြပ်စင် ဖြစ်ပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ ယူရေနီယမ်က ယူရေနီယမ် (၂၃၈) ဖြစ်ပါတယ်။) ယူရေနီယမ် (၂၃၅) အစား ပလူတိုနီယမ် (၂၃၉) ကို သုံးရင်လည်း ထိရောက်မှု ကောင်းပါတယ်။ ယူရေနီယမ် ၂၃၅ (ယူ-၂၃၅) ဟာ ဆက်တိုက် ဆင့်ကဲ ဆင့်ကဲ ခွဲစိတ်မှုဖြစ်တတ်ပြီး စွမ်းအင်အဖြစ် အပူဓာတ်ကို ထုတ်လွှတ်ပါတယ်။
ယူရေနီယမ် (၂၃၅) အနုမြူ ကွဲထွက်တဲ့အခါ နျူထရွန် (၂) လုံး (၃) လုံး လွှတ်ထုတ်ပါတယ်။ ဘေးမှာ တခြားယူ -၂၃၅ အနုမြူတွေရှိနေရင် အဲဒီ နျူထရွန်တွေက ဝင်တိုက်ပြီး အတိုက်ခံရတဲ့ အနုမြူတွေကို ကွဲထွက် စေပါတယ်။ ဒါကြောင့် နျူထရွန်တွေ ပိုများများ ထပ်ထွက်လာပါတယ်။ အခုလိုမျိုး သူ့ဖာသာသူ ကွင်းဆက် ဓာတ်ပြုနိုင်ဖို့ ယူ -၂၃၅ အနုမြူ အလုံအလောက် ရှိနေရင် နျူကလီးယား တုံ့ပြန်မှု ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုဖြစ်ဖို့ အနည်းဆုံး လိုအပ်တဲ့ အနုမြူ အရေအတွက်ကို “အခြေပြောင်းဒြပ်ထု” critical mass လို့ခေါ်ပါတယ်။
ဒါပေမယ့် သဘာဝအတိုင်းတွေ့ရတဲ့ အနုမြူဒြပ်စင်မှာ အနုမြူ အလုံး (၁,၀၀၀) မှာ ယူ-၂၃၅ က (၇) လုံးပဲပါပြီး ကျန်တဲ့ အနုမြူ (၉၉၃) လုံးက ယူ-၂၃၈ ဖြစ်နေပါတယ်။
၂။ ဓာတ်ပြောင်းခြင်း
ယူရေနီယမ်သတ္တုရိုင်းကို တူးယူပြီးရင် စက်နဲ့ အမှုန့်ကြိတ်ပစ် ရပါတယ်။ ဒီအမှုန့်တွေကို ဓာတု ဗေဒနည်းနဲ့ သန့်စင်ပစ်ပြီး “အဝါရောင်ကိတ်မုန့်” yellow cake လို့ခေါ်တဲ့ ယူရေနီယမ် အခဲ ပြန်လုပ် ရပါတယ်။ ဒီအဝါရောင် ကိတ်မုန့်မှာ ယူရေနီယမ် (၆၀-၇၀) ရာခိုင်နှုန်း ပါဝင်ပြီး ရေဒီယို သတ္တိကြွ အန္တရာယ် ရှိနေပါပြီ။
ဒီနေရာမှာ နျူကလီးယားပညာရှင်တွေရဲ့ အဓိက အလုပ်က ရထားတဲ့ယူရေနီယမ် ထုထဲမှာ ယူ-၂၃၅ အနုမြူ ပမာဏ တိုးလာအောင် လုပ်ဖို့ဖြစ်ပါတယ်။ ဒါကို ယူရေနီယမ် သန့်စင်မှု enrichment လို့ ခေါ်ပါတယ်။ သန့်စင်ဖို့ အတွက် အဝါရောင် ကိတ်မုန့်ကို နိုက်ထရစ် အက်ဆစ်နဲ့ ဖျော်ပြီး ဓာတုဗေဒနည်းနဲ့ ပြုပြင်ရပါတယ်။ ဒီ့နောက်မှာ အပူပေးပြီး ယူရေနီယမ် ဟက်ဆာဖလိုရိုက်ဒ် ဓာတ်ငွေ့ ဖြစ်လာစေပါတယ်။
ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ဓာတ်ငွေ့ဟာ ထိတဲ့ပစ္စည်းတွေကို လောင်တတ် စားတတ်တဲ့ အတွက် အင်မတန် သတိထား ကိုင်တွယ်ရပါတယ်။ ဒီဓာတ်ငွေ့ထုတ်လုပ်တဲ့ စက်ရုံက ပိုက်လိုင်းတွေ မော်တာ စက်တွေကို ခံနိုင်ရည်ရှိတဲ့ အလျူမီနီယမ်-နီကယ် သတ္တုစပ်တွေနဲ့ အထူး တည်ဆောက်ရပါတယ်။ ဒါ့အပြင် ဒီဓာတ်ငွေ့ကို ဆီအမျိုးမျိုး၊ အမဲဆီ၊ အင်ဂျင်ဝိုင် စတာတွေနဲ့ မထိတွေ့အောင်လည်း ထားရပါတယ်။ နို့မဟုတ်ရင် မတော်တဆ ဓာတု တုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။
၃။ သန့်စင်ခြင်း
နျူကလီးယားဓာတ်ပေါင်းဖိုမှာသုံးမယ့် ယူရေနီယမ်ကို ယူ-၂၃၅ (၂-၃) ရာခိုင်နှုန်းပါအောင် သန့်စင်ယူရပါတယ်။ လက်နက်အတွက်ဆိုရင်တော့ ယူ-၂၃၅ (၉၀) ရာခိုင်နှုန်းပါတဲ့အထိ သန့်စင်ပစ်ဖို့လိုပါတယ်။
အများဆုံးသုံးတဲ့ သန့်စင်နည်းကတော့ gas centrifuge ဓာတ်ငွေ့ ဗဟိုခွာအားနည်း ဖြစ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ် ဟက်ဆာဖလိုရိုက်ဒ် ဓာတ်ငွေ့ကို ပြွန်လုံးရှည်ထဲ ထည့်ပြီး အရှိန်မြင့် လှည့်ပေးတဲ့အခါ ပိုလေးတဲ့ ယူ-၂၃၈ အိုင်ဆိုတုပ်က ဘေးမှာ လာစုပါတယ်။ ဒီ ယူ-၂၃၈ ကို ပြွန်အောက် ဘက်ကနေ ထုတ်ယူပြီး အလယ်မှာ စုနေတဲ့ ယူ-၂၃၅ များတဲ့ ဓာတ်ငွေ့ကို သီးသန့် ထုတ်ယူပါတယ်။ ဒီ ယူ-၂၃၅ ဓာတ်ငွေ့ကို နောက်ထပ် ဗဟိုခွာအား စက်ထဲပို့ပြီး ထပ်'ကျင်' ရပါတယ်။ ဒီလို ထပ်တလဲလဲ ဆက်တိုက်လုပ်ဖို့ ဗဟိုခွာအားစက်တွေ ထောင်နဲ့ချီပြီး အတန်းလိုက် တပ်ဆင် ထားရပါတယ်။ ရေဒီယို သတ္တိကြွမှု နည်းနည်းရှိတဲ့ လက်ကျန် ယူ-၂၃၈ တွေကိုတော့ အားပျော့ ယူရေနီယမ် depleted uranium လို့ခေါ်ပြီး သံချပ်ကာဖောက် အမြောက်ဆန်တွေ၊ ကျည်ဆန်တွေမှာ ထည့်သွင်း အသုံးပြုပါတယ်။
နောက်ထပ်သန့်စင်နည်းကတော့ စိမ့်ထွက်နည်း diffusion လို့ခေါ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ် ဟက်ဆာ ဖလိုရိုက်ဒ် ဓာတ်ငွေ့ကို အမှေးပါးတခုကို ဖြတ်သန်းခိုင်းတဲ့ အခါ ပိုပေါ့တဲ့ ယူ -၂၃၅ က အမှေးပါး ဇကာကို ပိုမြန်မြန်ဖြတ် နိုင်တဲ့အတွက် ခွဲထုတ် ယူလို့ရပါတယ်။ ဗဟိုခွာအား နည်းလိုပဲ ဒီနည်း မှာလည်း အမှေးပါး ဖြတ်တာကို ထပ်တလဲလဲ လုပ်ရပါတယ်။
၎။ ဓာတ်ပေါင်းဖို
ရလာတဲ့ ယူ-၂၃၅ ကို နျူကလီးယားဓာတ်ပေါင်းဖိုမှာဖြစ်စေ၊ နျူကလီးယားလက်နက်မှာဖြစ်စေ သုံးနိုင်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှာ နျူကလီးယား ခွဲစိတ်ခြင်းက ထွက်လာတဲ့ အပူဓာတ်ကို ထိန်းချုပ်ပြီး ရေနွေးငွေ့ ထွက်အောင်လုပ်၊ တာဘိုင်တွေကို လည်စေပြီး လျှပ်စစ်ဓာတ်အား ထုတ်ပါတယ်။ သာမန် နျူကလီးယား ဓာတ်ပေါင်းဖိုမှာ (၂-၃) ရာခိုင်နှုန်းသန့်စင်ပြီး ယူရေနီယမ်ကို လောင်စာအခဲလေးတွေ ပုံစံနဲ့ သုံးပါတယ်။ ဒီ အခဲလေးတွေက ကျပ်လုံးလောက်ရှိပြီး တလက်မရှည်ပါတယ်။ ဒါလေးတွေကို အချောင်းရှည်တွေ ဖြစ်အောင် စုထပ်ပြီး အပူကာ နံရံထူတဲ့ အလုံပိတ် အခန်းထဲ ထည့်ထားပါတယ်။ ဓာတ်ပေါင်းဖို တော်တော်များများမှာ လောင်စာချောင်း အထုပ်တွေကို အေးအောင်လို့ ရေအောက်မှာ မြှုပ်ထားပါတယ်။ တချို့ ဓာတ်ပေါင်းဖိုတွေ မှာတော့ အေးအောင် ကာဘွန်ဒိုင်အောက်ဆိုက် သို့မဟုတ် သတ္တုအရည် သုံးပါတယ်။
ခွဲစိတ်တုံ့ပြန်မှုနဲ့ အပူထွက်နိုင်ဖို့အတွက် ယူရေနီယမ်လောင်စာ အနှစ်သားဟာ 'အခြေပြောင်း' အနေအထားမှာ ရှိရပါမယ်။ ဆိုလိုတာက ယူရေနီယမ်ဟာ ကိုယ့်ဖာသာကိုယ် ကွင်းဆက်တုံ့ပြန်မှု ဖြစ်နိုင်မယ့် အလုံအလောက် သန့်စင်မှု ရှိရပါမယ်။
နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ထိန်းချုပ်တံတွေကို ဓာတ်ပေါင်းဖို အခန်းထဲ မြှုပ်သွင်း ထားပါတယ်။ ဒီ ထိန်းချုပ်တံတွေကို နျူထရွန်တွေစုပ်ယူနိုင်တဲ့ ဓာတ်ပစ္စည်း၊ ဥပမာ ကက်ဒ်မီယမ်နဲ့ လုပ်ထား ပါတယ်။ နျူထရွန်တွေကို စုပ်ယူလိုက်လို့ နျူထရွန် အရေအတွက် နည်းသွားရင် ကွင်းဆက် တုံ့ပြန်မှု နည်းသွားတဲ့ အတွက် ခွဲစိတ်မှုဖြစ်စဉ် နှေးကွေးသွားပါတယ်။
ဒီကနေ့ ကမ္ဘာပေါ်မှာ နျူကလီးယားဓာတ်အားပေးရုံ (၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ (၁၇) ရာခိုင်နှုန်းကို ထုတ်လုပ် ပေးနေပါတယ်။ ဒါတင်မက နျူကလီးယား ဓာတ်ပေါင်းဖို သုံးပြီးသွားတဲ့ သင်္ဘောနဲ့ ရေငုပ်သင်္ဘော တွေလည်း ရှိနေပါတယ်။
၅။ ယူရေနီယမ် နျူကလီးယားဗုံး
နျူကလီးယားဗုံးထုတ်လုပ်တဲ့အခါ ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်စေပြီး အပူဓာတ် အများကြီး ဒလကြမ်း ထုတ်လွှတ်မယ့် မဟာ့မဟာ အခြေပြောင်း ဒြပ်ထု ဖြစ်စေဖို့ ရည်ရွယ် ထုတ်လုပ်ရပါတယ်။ အလွယ်ဆုံး ပုံစံတခုက 'သေနတ်' ပုံစံလို့ ခေါ်တဲ့ဟာ ဖြစ်ပါတယ်။ ဒီပုံစံမှာ အခြေပြောင်း ရောက်ခါနီး ယူရေနီယမ်ဒြပ်ထု အလုံးငယ် တခုကို ယူရေနီယမ်ဒြပ်ထု အလုံးကြီးတခုဆီ ပြေးဆောင့်ခိုင်းတဲ့ အခါ အလုံးနှစ်ခု ပေါင်းပြီး မဟာ့မဟာ အခြေပြောင်းအဆင့် ရောက်သွားတဲ့အတွက် နျူကလီးယား ပေါက်ကွဲမှု ဖြစ်သွားပါတယ်။ ဒီလိုဖြစ်ဖို့ အချိန်က တစက္ကန့်တောင် မရှိပါဘူး။
အလွန်အမင်းသန့်စင်ထားတဲ့ (၉၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့) ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ် ကို ယူရေနီယမ် အောက်ဆိုက် အဖြစ် အရင် ဓာတ်ပြောင်းပြီးနောက် ယူရေနီယမ် သတ္တုတုံးတွေ အဖြစ် ပုံသွင်း လိုက်ရင် ယူရေနီယမ် အနုမြူဗုံးအတွက် လိုအပ်တဲ့ လောင်စာ ရပါတယ်။ ဒီလုပ်ငန်းကို အတော်လေး လွယ်ကူတဲ့ ဓာတု ဗေဒနည်း၊ အတော်လေး လွယ်ကူတဲ့ အင်ဂျင်နီယာနည်းတွေနဲ့ လုပ်နိုင်ပါတယ်။
အင်အားအကောင်းဆုံး အခြေခံနျူကလီးယားခွဲစိတ်လက်နက် သို့မဟုတ် အနုမြူဗုံးဟာ ပေါက်ကွဲအား ကီလိုတန် (၅၀) ရှိပါတယ်။ ဒီပေါက်ကွဲအားကို နျူကလီးယား ပေါင်းစည်းမှု nuclear fusion သတ္တိ အသုံးချပြီး တိုးမြှင့် ပေးနိုင်ပါတယ်။ ပေါင်းစည်းမှုဆိုတာက ဟိုက်ဒြိုဂျင် အနုမြူအိုက်ဆိုတုပ်ရဲ့ နျူးကလီးယပ်စ်တွေကို ပေါင်းစည်းပေးပြီး ဟီလီယမ်နျူးကလီးယပ်စ် ဖြစ်အောင် လုပ်တာဖြစ်တယ်။ ဒီလိုဖြစ်ဖို့ ဟိုက်ဒြိုဂျင် နျူးကလီးယပ်စ် တွေကို အင်မတန် မြင့်မားတဲ့ အပူချိန်နဲ့ဖိအား ပေးရတယ်။ ဒီလို အပူချိန်နဲ့ဖိအား အများကြီးရဖို့ အနုမြူဗုံးကနေ ယူရပါတယ်။
နျူကလီးယားပေါင်းစည်းမှုကနေ ခွဲစိတ်တုံ့ပြန်မှုထဲကို ပိုအားပြင်းတဲ့ နျူထရွန်တွေ သွင်းပေးတဲ့ အတွက် ပေါက်ကွဲအား ပိုကြီးသွားစေ ပါတယ်။ အဲသလို ခွဲစိတ်-ပေါင်းစည်း ကိရိယာတွေကို ဟိုက်ဒြိုဂျင်ဗုံး သို့မဟုတ် သာမို နျူကလီးယား လက်နက်လို့ ခေါ်ကြပါတယ်။
၆။ တကျော့ပြန်သန့်စင်ခြင်း
နျူကလီးယားဓာတ်ပေါင်းဖိုကထွက်တဲ့ အညစ်အကြေးတွေကနေ ဓာတုဗေဒနည်းနဲ့ အသုံးဝင်တဲ့ လောင်စာ ခွဲထုတ် ရီဆိုင်ကယ်လုပ် ပြန်အသုံးချတာကို တကျော့ ပြန်သန့်စင်မှု reprocessing လို့ခေါ်ပါတယ်။ သုံးပြီးသား လောင်စာ ချောင်းတွေကို အပြင်က သတ္တု အခွံခွာပြီးတော့ အပူပေးထားတဲ့ နိုက်ထရစ် အက်ဆစ်ထဲမှာ ဖျော်ပစ်လိုက်ရင် ဓာတ်ပေါင်းဖိုမှာ ပြန်သုံးနိုင်တဲ့ ယူရေနီယမ်က (၉၆) ရာခိုင်နှုန်း၊ အလွန်အမင်း ရေဒီယို ဓာတ်ကြွ အညစ်အကြေးက (၃) ရာခိုင်နှုန်း၊ ပလူတိုနီယမ်က (၁) ရာခိုင်နှုန်း ရပါတယ်။
နျူကလီးယားဓာတ်ပေါင်းဖိုအားလုံးက ပလူတိုနီယမ်ထွက်ပါတယ်။ ဒါပေမယ့် စစ်ရေးအတွက် ရည်ရွယ် တည်ဆောက်ထားတဲ့ ဓာတ်ပေါင်းဖိုတွေက ပိုပြီး ထိထိရောက်ရောက် ထုတ်လုပ် နိုင်ပါတယ်။
ပလူတိုနီယမ်ထုတ်လုပ်ဖို့အတွက် နျူကလီးယားဓာတ်ပေါင်းဖို တခုနဲ့ တကျော့ပြန် သန့်စင်စက်ကို သာမန် အဆောက်အဦး တခုတည်းမှာပဲ လူမသိသူမသိ တပ်ဆင်ထားလို့ ရပါတယ်။ ဒါကြောင့် လျှို့ဝှက် လက်နက်လုပ်ငန်း လုပ်ချင်တဲ့ နိုင်ငံတွေအတွက် အခုလို တကျော့ပြန် သန့်စင်နည်းနဲ့ ပလူတိုနီယမ် ထုတ်ရတာက တွက်ခြေကိုက်ပြီး ဖုံးကွယ်နိုင်မှုလည်း ရှိလို့ သဘောကျကြပါတယ်။
၇။ ပလူတိုနီယမ် နျူကလီးယားဗုံး
နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာ ပလူတိုနီယမ်နဲ့ လုပ်တာက ယူရေနီယမ်နဲ့ လုပ်တာထက် အားသာချက်တွေ အတော်များများ ရှိပါတယ်။ သာလွန်ချက်တခုက ပလူတိုနီယမ်က ပမာဏ နည်းနည်းနဲ့ ပိုအားပြင်းတဲ့ဗုံး လုပ်လို့ ရတာဖြစ်ပါတယ်။ ကီလိုတန် (၂၀) ပေါက်ကွဲအား ရှိတဲ့ဗုံး လုပ်ဖို့ ပလူတိုနီယမ် (၄) ကီလိုပဲ လိုပါတယ်။ တနှစ်ကို ပလူတိုနီယမ် (၁၂) ကီလို ထုတ်လုပ်နိုင်ဖို့ အတွက် တကျော့ပြန် သန့်စင်ရေးစက်ရုံ ခတ်သေးသေး ရှိရင် ရပါတယ်။
ပလူတိုနီယမ်ဗုံးတခုမှာ ပလူတိုနီယမ်အလုံးတလုံးကို ဘယ်ရီလီယမ် အခွံနဲ့ ဖုံးထားပါတယ်။ ဒီအခွံက နျူထရွန်တွေကို ခွဲစိတ်ဖြစ်စဉ်ထဲ ပြန်ရိုက်ခတ်စေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အခြေပြောင်းဒြပ်ထု ဖြစ်လာပြီး ကိုယ့်ဖာသာ ဆက်တိုက် ခွဲစိတ်တုံ့ပြန်မှုဖြစ်ဖို့ ပလူတိုနီယမ် ပမာဏ နည်းနည်းပဲ လိုတာဖြစ်ပါတယ်။
အကြမ်းဖက်အဖွဲ့တဖွဲ့ ဒါမှမဟုတ် ဆိုးသွမ်းနိုင်ငံတခုဟာ နျူကလီးယားဗုံးလုပ်ဖို့အတွက် ယူရေနီယမ်ကို သန့်စင် ပြီးလုပ်တာထက် ကမ္ဘာအနှံ့က အရပ်ဘက်သုံးနျူကလီးယား ဓာတ်ပေါင်းဖိုတွေ ကနေ ပလူတိုနီယမ် ရယူ လုပ်တာက ပိုလွယ်နိုင်ပါတယ်။
ပလူတိုနီယမ်ဗုံး အကြမ်းစားတခုကို အကြမ်းဖက်သမားတွေ လုပ်နိုင်ဖို့ဆိုတာ အရင်တခါ ဂျပန်မှာ အဆိပ်ငွေ့နဲ့ အကြမ်းဖက် သွားတဲ့ ဥုံ ဂိုဏ်း အဆင့်လောက်က တတ်တဲ့ ကျွမ်းကျင်မှု အရည်အချင်းနဲ့ တည်ဆောက် နိုင်တယ်လို့ ပါရဂူ တွေကဆိုပါတယ်။ အဲသလို နျူကလီးယားဗုံးဟာ ပေါက်ကွဲအား တီအင်တီယမ်း တန်ချိန် (၁၀၀) နဲ့ ညီမျှပါလိမ့်မယ်။
၈။ ဓာတ်ရောင်ခြည်သင့်ရောဂါ
ရေဒီယိုသတ္တိကြွပစ္စည်းတွေဖြစ်တဲ့ ယူရေနီယမ်၊ ပလူတိုနီယမ်တွေကို ကိုင်တွယ်လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ ပညာရှင်တွေနဲ့ တပ်မတော် သားတွေဟာ နျူကလီးယား ဓာတ်ရောင်ခြည်သင့်မှု အန္တရာယ် ကျရောက်နေပါတယ်။ ဓာတ်ရောင်ခြည်သင့်ရောဂါ လက္ခဏာတွေ ကတော့ ဓာတ်ရောင်ခြည် ပမာဏပေါ် မူတည်ပြီး ပြင်းထန်မှု ရှိပါတယ်။ အများဆုံး (၆) နာရီကြာမှ စပေါ်တာ ရှိသလို များရင်တော့ ချက်ချင်း လက္ခဏာပြပါတယ်။
ဖြစ်တတ်တာတွေက ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အဖျားတက်ခြင်း၊ အရေပြား ရောင်ရမ်း ပျက်စီးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အကြောဆွဲခြင်း၊ အားနည်းခြင်း၊ ခြေတုန် လက်တုန်ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ သွေးအားနည်းခြင်း၊ သွေးပေါင်ကျ သွေးလန့်ခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ အင်္ဂါမစုံ ကလေးမွေးခြင်း၊ ကိုယ်ခံအား ကျဆင်းခြင်း၊ ရောဂါပိုး အမျိုးမျိုးဝင်ခြင်း၊ သွေးကင်ဆာနဲ့ တခြား ကင်ဆာများဖြစ်ခြင်း၊ သေဆုံးခြင်း တို့ ဖြစ်တတ်ပါတယ်။
အရင်က ရုရှနိုင်ငံမှာ ချာနိုဘိုင်း နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ကြောင့် လူ (၃၁) ယောက် ပွဲချင်းပြီး သေသွားခဲ့ပါတယ်။ အခုလည်း မြန်မာနိုင်ငံမှာ အရည်အချင်းညံ့ဖျင်းပြီး ဖြစ်ကတတ်ဆန်းနဲ့ လဘော်သရေကျလှတဲ့ နအဖစစ်တပ်ရဲ့ လျှို့ဝှက်နျူကလီးယားစီမံကိန်းကြောင့် အရပ်သားပညာရှင်တွေ၊ အလုပ်သမားတွေနဲ့ တပ်မတော်သားတွေ ဓာတ်ရောင်ခြည်သင့်ရောဂါရပြီး ဆေးရုံတက်ရတဲ့သတင်းတွေ ကြားနေရပါပြီ။
ဓာတ်ရောင်ခြည်သင့်မှုကနေ ကာကွယ်ဖို့ဆိုရင် အချိန်ကြာထိတွေ့မှု မပြုဖို့၊ အနီးကပ် မကိုင်တွယ်ဘဲ ညှပ်ရှည်ရှည်တွေသုံး ကိုင်တွယ်ဖို့၊ ခဲသုတ်ထားတဲ့ ဝတ်ရုံတွေ ဝတ်ဖို့ လိုပါတယ်။ ဓာတ်ရောင်ခြည်သင့် ရောဂါအတွက် ဆေးမရှိပါ။ သက်သာရုံပဲ တတ်နိုင်ပါတယ်။
ရည်ညွှန်း။ BBC မှ The Nuclear Fuel Cycle ဆောင်းပါး
Ref: ခေတ်ပြိုင်
0 comments:
Post a Comment