Friday, August 13, 2010

“ရေသာများ၍ ငါးမတွေ့သေးသော အားထုတ်မှုများနှင့် ကျွန်ုပ်တို့၏ …”

စိုးနေလင်း
ကြာသပတေးနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၀

ဗီယက်နမ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကြီးလည်း ပြီးသွားပြန်ပါပြီ၊ အိမ်နီးချင်း နိုင်ငံတချို့ရဲ့ ဝန်ကြီးတွေက ၂ဝ၁ဝ မြန်မာနိင်ငံ ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ဘယ်လိုပြင်ဆင် ဆောင်ရွက် နေကြတယ် ဆိုတာ လေ့လာရအောင် အာဆီယံက ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်ဖို့ ပြောဆို ဆွေးနွေးတာကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးဆိုသူက ဘာမှမတုန့်ပြန်ပဲ တုံဏိဘာဝေ လုပ်ပစ်လိုက်တာနဲ့ ဘာမှ ရေရေရာရာမရှိပဲ မြန်မာ စစ်အစိုးရ လုပ်နေတာတွေကို လက်ခံ သဘောတူကြမယ့် အခြေအနေ ဖြစ်နေတယ်လို့ ဆိုရမှာပါပဲ။ ဒါက ဒေသဆိုင်ရာ အဖွဲ့ကြီးဖြစ်တဲ့ အာဆီယံက မြန်မာ စစ်အစိုးရအပေါ် ခိုင်မာ အားကောင်းတဲ့ ချဉ်းကပ်ဆောင်ရွက်မှု မလုပ်နိုင်ဘူး ဆိုတာကို အထင်အရှား ပြနေတာပါ။

ဒီလိုပဲ မဟာအင်အားကြီး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်က မြန်မာအပေါ် အရေးယူပိတ်ဆို့မှုကို တနှစ်တာ သက်တမ်း ထပ်တိုးလိုက်တဲ့ ဖိအားပေး အရေးယူ ဆောင်ရွက်မှုဟာလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် ဆောင်ရွက်တာ ဖြစ်လို့ ကျေးဇူးတင်ရမှာ ဖြစ်ပေမယ့် ခုနောက်ဆုံး သူတို့ပြောင်းလဲ အသုံးပြုနေတဲ့ တွေ့လည်းတွေ့ဆုံ အရေးလည်းယူ မူဝါဒအရ မြန်မာနိုင်ငံအရေး ကိုင်တွယ် ဆောင်ရွက်မှုဟာလည်း စစ်အစိုးရကို ခုထိ ဘာမှ လောက်လောက်လားလား ဒီမိုကရေစီရေးအတွက် လိုက်လျှော ဆောင်ရွက်လာအောင် မလုပ်နိုင်သေးသလို အရေးယူ ပိတ်ဆို့မှုဟာလည်း စစ်အစိုးရဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ရင်းနှီး ကျွမ်းဝင်မှုကြောင့် အနည်းအကျဉ်း လောက်ပဲ ထိရောက်မှု ရှိတဲ့အတွက် မြန်မာ့ ဒီမိုကရေစီရေး အတွက် အမေရိကန် ပေါ်လစီရဲ့ အကျိုး သက်ရောက်မှုဟာ အားကိုးအားထား ပြုလို့ မရနိုင်ဘူးလို့ ပြောရမှာပါပဲ။

ဥရောပသမဂ္ဂကလည်း အမေရိကန်လိုပဲ စီးပွားရေးအရ စစ်လက်နက်ပစ္စည်းနဲ့ ငွေကြေးပိုင်းဆိုင်ရာတွေ အရ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ချမှတ် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီ လိုလားတဲ့ ပြည်သူ လူထုတွေ ပြည်တွင်းပြည်ပက ဒီမိုကရေစီ အင်အားစုတွေ အတွက် အထောက်အကူ ပေးတဲ့ ဆောင်ရွက်ချက် ဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ရမှာပါ။ ဒါပေမယ့် အီးယူရဲ့ အရေးယူ ဆောင်ရွက်မှုဟာလည်း တရုတ် ရုရှားနဲ့ အခု မြောက်ကိုရီးယား နိုင်ငံတွေနဲ့ မြန်မာနိင်ငံရဲ့ ဆက်ဆံရေး ကောင်းမွန်မှုကြောင့် ထိရောက်မှု အားနည်းလှပါတယ်။

မြန်မာ စစ်အစိုးရကတော့ ဒီလိုမျိုး အရေးယူ ပိတ်ဆို့မှုမျိုးကို ဘာမှ မတုံ့ပြန်ဘဲသူနဲ့ အပေးအယူ လုပ်လို့ရတဲ့ နိုင်ငံတွေက လိုအပ်နေတဲ့ စွမ်းအင်ဖြစ်တဲ့ သဘာဝဓာတ်ငွေ့၊ သဘာဝ ရင်းမြစ်ဖြစ်တဲ့ သစ်တောထွက်ပစ္စည်း၊ စိုက်ပျိုးရေး ထွက်ကုန်၊ ရေထွက်ပစ္စည်းတွေကို ရောင်းချပြီး ကုန်သွယ်ရေး အတားအဆီးတွေကို ကျော်ဖြတ်နိုင်ပါတယ်။ သဘာဝဓာတ်ငွေ့ တမျိုးကနေတင် ဒေါ်လာ ဘီလျံပေါင်းများစွာ ရနေတဲ့အတွက် တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အနည်းအကျဉ်းလေး သုံးပြလိုက်ပြီး သူ့ရဲ့စစ်တပ် လက်နက်အင်အား ခေတ်မီ တောင့်တင်းရေး လူအင်အား တောင့်တင်းရေးတွေမှာ ဒေါ်လာ သန်းပေါင်းများစွာ အသုံးချနိုင်တာကို တွေ့ရပါတယ်။

ဆိုလိုတာကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကပဲဖြစ်ဖြစ် အမေရိကန် နဲ့ ဥရောပသမဂ္ဂကပဲဖြစ်ဖြစ် အာဆီယံ အဖွဲ့ကြီးကပဲဖြစ်ဖြစ် ဝေဖန်ရှုံ့ချ ရုံ သတိပေးရုံ တိုက်တွန်း ပြောဆိုနေရုံသာ လုပ်နိုင်တဲ့ အတွက် မြန်မာ စစ်အစိုးရဟာ နေသာသပ လေညာက ဆိုပြီး သူ့ပြည်သူလူထုကို သူထင်သလို ဖိနှိပ်ချုပ်ချယ် မတရား အုပ်ချုပ်ခွင့် ရနေမှာပါပဲ။ မြန်မာစစ်အစိုးရ ကျူးလွန် ဖောက်ဖျက်နေတဲ့
စစ်ရာဇဝတ်မှုတွေ၊ လူမဆန်တဲ့ ပြစ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လုပ်ကြံ သတ်ဖြတ်မှုတွေကို အပြစ်ပေး အရေးယူဖို့ မဖြစ်နိုင်ဘူး ဆိုရင်တောင်မှ အဲဒီလို ရာဇဝတ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန်းကမရပ်ရင် ဆက်ပြီး ဖောက်ဖျက် ကျူးလွန်နေရင် ဘယ်လို အပြစ်ပေး အရေးယူမယ် ဆိုတဲ့ ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှု အစီအမံတွေ ချမှတ်နိုင်ရပါမယ်။ အဲဒီလိုလည်း တကြိမ်တခါမှ မလုပ်နိုင်တဲ့အတွက် မြန်မာ့ ဒီမိုကရေစီ အရေးဟာ အုန်းအုန်းကျွက်ကျွက်ဖြစ်လိုက်၊ စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်း ချေမှုန်းလိုက်၊ ဖမ်းဆီးနှိပ်စက် နှစ်ရှည်ထောင်ဒဏ် ချလိုက်။ နိုင်ငံတကာက ပြစ်တင် ပြောဆိုလာရင် နိုင်ငံရေးမှုနဲ့ ထောင်ချထားတဲ့ အကျဉ်းသား နည်းနည်းကို ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသားတွေနဲ့ ရောလွှတ်ပေးပြီး နိုင်ငံတကာက သဘောထား ပျော့ပျောင်းလာပါပြီလို့ အသိအမှတ်ပြုတာကို ပြုံးပြုံးလေးနဲ့ ခံယူလိုက်နဲ့ ဂျာအေး သူ့အမေရိုက် ဖြစ်နေခဲ့တာ ခုဆို ၈၈ကစပြီး ရေတွက်ရင်တောင် ၂၂ နှစ်ရှိခဲ့ပါပြီ။

ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေ၊ အာဆီယံလို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ အဲဒီ အခြေ အနေတွေကို မှန်မှန်ကန်ကန် ပြန်ပြီး သုံးသပ်သင့်ပါတယ်။ အဲဒီလို ဖြစ်နေရခြင်း အကြောင်းရင်းကို တူးဖော် ရှာဖွေကြည့်သင့်ပါပြီ။ အကြောင်းရင်းကို တွေ့ရင် ဖြေရှင်းရမယ့် နည်းနာကိုလည်း တွေ့ရှိလာပါလိမ့်မယ်။ တကယ်တမ်း အဖိနှိပ် အညှဉ်းဆဲခံ ဆင်းရဲ မွန်းကျပ်မှုဒဏ်ကို ခံစားနေကြရတဲ့ မြန်မာနိုင်ငံ ပြည်သူလူထုကို စာနာထောက်ထား ကူညီချင်တယ် ဆိုရင်ပေါ့လေ။ စစ်အစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်နေရင်၊ အကျိုးစီးပွား တခုခု ရနေရင်ပြီးရော ဆိုရင်တော့ ခုလိုပဲ အပြောအပြ ကောင်းရုံ ဆက်ပြီး လုပ်နေကြရုံပါပဲ။

ဒါပေမယ့် ဒီကိစ္စက တခြားသူတွေရဲ့ကိစ္စသာ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိင်ငံသားတွေ အနေနဲ့က ကိုယ့်ပြဿနာကို ကိုယ်တိုင် စဉ်းစား ဖြေရှင်းကြရမှာပါ။ နှစ်ပေါင်းများစွာ ရရှိထားပြီးတဲ့ အတွေ့ အကြုံအရ နိုင်ငံတကာက ဘာလုပ်နိုင်တယ်။ စစ်အစိုးရက ဘာလုပ်နိုင်တယ်။ ဒီမိုကရေစီ ဘက်တော်သား မြန်မာနိုင်ငံသားတွေ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ လက်နက်ကိုင် အင်အားစုတွေက ဘာလုပ်နိုင်တယ်၊ ပြည်သူလူထုက ဘာလုပ်နိုင်တယ် ဆိုတာတွေကို အသေအချာ စဉ်းစားကြသင့်ပါတယ်။ အတွေ့အကြုံတွေက သင်ခန်းစာတွေကို ထုတ်ယူ၊ ပြင်ဆင်လို့ ရတာကို အချိန်မဆွဲပဲ ပြင်ဆင်၊ စွန့်ပစ်သင့်တာတွေကို စွန့်ပစ်ပြီး စစ်အာဏာရှင် အစိုးရကို ဖယ်ရှားနိုင်ရေး ဘုံဦးတည်ချက် တခုတည်းနဲ့ မဟာဗျူဟာ နည်းဗျူဟာရှိရှိ အင်တိုက် အားတိုက် ဆောင်ရွက်ရမယ့် အချိန်ပါ။ စည်းလုံးညီညွတ်မှု ရှိဖို့ ဆိုတာကတော့ ခုချိန်မှာ ထည့်ပြောနေစရာ မလိုလောက်တော့ပါဘူး။

ပြည်သူလူထုကြီး တရပ်လုံးကလည်း အတိုက်အခံ နိုင်ငံရေး ပါတီတွေ အင်အားစုတွေ လက်နက်ကိုင် အင်အားစုတွေ လုပ်နေကြသားပဲ၊ ကျောင်းသားတွေ ရှိသားပဲဆိုပြီး နိုင်ငံရေးကို ကိုယ်နဲ့ မဆိုင်သလို သဘောထား ကြလို့ မဖြစ်ပါဘူး။ နိုင်ငံသား တယောက် တဦးချင်းစီမှာ ရှိတဲ့ တာဝန်ကို တာဝန်သိသိနဲ့ ထမ်းဆောင်ဖို့ ကြိုးစား အားထုတ်ကြရပါလိမ့်မယ်။

မတရားတဲ့ အမိန့် အာဏာတွေကို တဦးချင်း အာခံ ဆန့်ကျင်ရင်း ပြည်သူလူထု တရပ်လုံးရဲ့အာခံ ဆန့်ကျင်မှုမှု အဖြစ် ကူးပြောင်းပြီး စစ်အာဏာရှင် အစိုးရကို ဖယ်ရှား ရှင်းလင်းပစ်ကြပါစို့။ ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့