“နည်းနည်းသက်သာတဲ့ မကောင်းဆိုးဝါး” (Lesser Evil) ဆိုတဲ့ အသုံးအနှုန်းတခု မြန်မာပြည် နိုင်ငံရေးမှာ အခုတလော အတော် ပြောလာကြတာကို တွေ့နေရပါတယ်။ ပြည်ပက စထွက်လာတဲ့ အယူအဆ - အသုံးအနှုန်းလို့ မှတ်မိနေပါတယ်။ ဒါဟာ မြန်မာပြည် နိုင်ငံရေးမှာ တွေ့ရတတ်တဲ့ ပြည်ပက ခြေရာ လက်ရာတွေထဲက တခုလို့ဆိုရင် ရမလားပဲ။
သူတို့တင်ပြတဲ့ အယူအဆရဲ့ အဓိကဆိုလိုချက်ကတော့ ရွေးကောက်ပွဲဝင်ဖို့၊ လက်ရှိ နအဖက ပေးတာကို လက်ခံ သဘောတူ လိုက်ဖို့ ဆိုတာပါပဲ။ ဒီအယူအဆပေါ်လာတာဟာ ပြည်တွင်းက မဆွတ်ခင်ကညွှတ်ချင်နေတဲ့ ရွေးကောက် ပွဲဝင်လိုသူတွေ အဖို့တော့ ‘တိုင်း၍ ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်’ ဖြစ်သွားပါတယ်။ နအဖအတွက် “ရွှေ ဘုန်းတော်တိုးပါလို့၊ ငွေမိုးတွေရွာ” ဆိုတာမျိုးတွေ ပုံမှန် ရေးနေကြသူတွေ အတွက်လည်း အကြောင်းပြစရာ ဆင်ခြေတခု ရသွားတယ်လို့ ဆိုရင် မမှားပါဘူး။ သူတို့အထဲက တချို့ကများ ဆိုရင် ပြည်တွင်း အခြေအနေတွေကို မသိဘဲ ပြည်ပကနေ လျှောက်ပြောမနေနဲ့ ဆိုတာမျိုးနဲ့ လှမ်းတောင် ဟောက်ပါတယ်။ ပြည်ပမှာ နေပြီး ပြည်တွင်း အခြေအနေကို မသိဘူးဆိုတာ ထားပါတော့၊ နအဖအတွက် ရှေ့နေ လိုက်နေတာကကော ပြည်တွင်းမှာ နေပြီး ပြည်တွင်း အခြေအနေကို သိနားလည်တာလို့ ဆိုနိုင်ပါသလားလို့ မေးလိုက်ဖို့ ကောင်းပါတယ်။
ဒီနေ့ နအဖပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရဆိုရင် နောက်တက်လာမယ့် အစိုးရဟာ ဘယ်ပုံ ဖြစ်မယ် ဆိုတာ ဘယ်သူမဆို စဉ်းစားလို့ ရတဲ့ ကိစ္စဖြစ်ပါတယ်။ တကယ်လို့သာ နောက်အစိုးရ ဖွဲ့ပြီးတဲ့ အခါမှာ တိုင်းပြည်ရဲ့ အဓိပတိ နေရာ၊ သမ္မတ နေရာမှာ ဗိုလ်သန်းရွှေ၊ ဒါမှမဟုတ် ဗိုလ်ရွှေမန်း ထိုင်နေရင် ဘယ်လို ပြောကြမလဲ။ ဒါဟာ မဖြစ်နိုင် တာကို ပြောနေတာ မဟုတ်ပါဘူး။ အဲဒီ အခါကျရင် သမ္မတကြီး ဗိုလ်သန်းရွှေ၊ ဗိုလ်ရွှေမန်းတို့ကို “နည်းနည်းသက်သာတဲ့ မကောင်းဆိုးဝါး” လို့ပဲ ပြောမှာလား။ အဲဒီလိုသာ ဖြစ်လာပြီဆိုရင် ဗိုလ်သန်းရွှေတို့က “ဒီအတိုက်အခံ ဆိုတဲ့ လူတွေဟာ သကာလေး လူးကျွေးလိုက်တော့ စားတာပဲ” လို့ ပြောမှာ သေချာပါတယ်။ တကယ်ကျတော့ “နည်းနည်းသက်သာတဲ့ မကောင်းဆိုးဝါး” ဆိုတာဟာ နအဖက အထင် ရောက်စေချင်တဲ့ မီးခိုးမှိုင်း တခုသာဖြစ်ပါတယ်။
ပြန်စဉ်းစားလိုက်ရင် ပြည်တွင်းမှာ ဘယ်သူနဲ့မှ မဆွေးနွေးဘဲ၊ ဘာအပေးအယူမှမလုပ်တဲ့ နအဖ ဗိုလ်ချုပ်တွေ ကို ဒီရွေး ကောက်ပွဲကျမှ ဈေးဆစ်လို့ ရမယ်၊ အပေးအယူ လုပ်လို့ရမယ်လို့ ပြောနေကြတာတွေဟာ ကိုယ့်ကိုယ်ကိုယ်ညာတာ မဟုတ်ရင် သူများကို ညာတာပဲ ဖြစ်မှာပါ။ မမေ့သင့်တာက ဒီရွေးကောက်ပွဲဟာလည်း “သူ့ပွဲ”၊ နအဖရဲ့ပွဲပဲဖြစ်ပါတယ်။ ကိုယ့်ပွဲလို့ ယူဆစရာ အကြောင်း ဘာမှ မရှိပါဘူး။ အားလုံးဟာ နအဖရဲ့အသေအချာ ပြင်ဆင်ထားတဲ့ အခင်းအကျင်းထဲကို ၀င်“က”ရတာ ဖြစ်ပါတယ်။ ဒါရိုက်တာ- နအဖ၊ ပရိုဂျူဆာ- နအဖ၊ အဓိကဇာတ်ကောင်- နအဖသာဖြစ်ပါတယ်။ ကျန်တဲ့ အင်အားစုတွေက ကံကောင်းပါမှ “ရော့ဆရာ-သော့”ဆိုတဲ့ တပည့်ကျော် အခန်းမျိုး လောက်ပါရမှာပါ။ ဗီလိန်ခန်းတောင် မပါရပါဘူး။ အကြောင်းက ဗီလိန်ကိုလည်း နအဖနဲ့ သူလူတွေကပဲ လုပ်ဦးမှာမို့ပါ။
အခုတော့ ရွေးကောက်ပွဲက ဘယ်မှာမှန်းမသိသေးဘူး၊ နအဖရဲ့မတရားမှုတွေ၊ ပုံမမှန်မှုတွေက ဟိုကပေါ်၊ ဒီကပေါ်၊ ပေါ်လာတာမို့ ရေဒီယိုတွေမှာ မကျေမနပ်ပြောသံတွေ မကြာခဏ ကြားနေရပါတယ်။ အဲဒီအထဲက တဖွဲ့ဖြစ်တဲ့ ဦးခင်မောင် ဆွေတို့ကိုတော့ ကြပ်ပြေးအထိ ခေါ်ယူပြီး “ကြပ်” လိုက်တာကို တွေ့လိုက် ကြရပါတယ်။ ရွေးကောက်ပွဲ ၀င်ချင်ရင် ပြန်တင်ဆိုပြီး ထောင်ထဲမှာ စာမေးပွဲ ဖြေခိုင်းတာမျိုး ထောင်ပြင်မှာ ထပ်ဖြေခိုင်းလိုက်တဲ့သဘောရှိပါတယ်။ အန်ဒီအက်ဖ် ခေါင်းဆောင်တွေ အသနားခံရမယ့် အခြေအနေ ဆိုက်သွား ရပါတယ်။ သူတို့တတွေ ဆုပ်စူး စားရူးဖြစ်နေတာ အမှန်ပါပဲ။ ဒါ့အပြင် နအဖက ပေးမယ့် ဒီမိုကရေစီကို နအဖ ထက်တောင် ယုံကြည် အမွှန်းတင်နေတဲ့ ပါတီတခု ဆိုရင်လည်း မြူနီစပယ် ဥပဒေနဲ့ “ကြပ်” တာ ခံနေရတာ တွေ့ရပါတယ်။ စံကျတဲ့ နအဖရဲ့ “စပေ့စ်” လေးတွေလို့ဆိုရင် မမှားပါဘူး။ တချို့လူတွေမတော့ ဒီရွေးကောက်ပွဲအကြောင်းပြုပြီး နအဖစစ်အစိုးရက မီဒီယာတွေကို တစုံတရာ လွတ်လပ်ခွင့်တွေ ပေးလာတယ်လို့ ပြောနေတုန်းမှာပဲ နအဖ စစ်အာဏာရှင် စနစ်ကို သဘောတရားတွေနဲ့ ကျားကန် ပေးနေတဲ့ ဂျာနယ် တစောင် အပိတ်ခံရတာ၊ ဆင်ဆာ ထိခံရတာတွေ တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ရွေးကောက်ပွဲနဲ့ နီးလာတာနဲ့အမျှ စံကျတဲ့ စပေ့စ်လေးတွေကို ခပ်စိပ်စိပ် ဆက်တိုက် တွေ့လာနေရတာကို သတိထား မိပါတယ်။
ဒီအဖြစ်အပျက်ကနေ ထောက်ပြနေတဲ့ နောက်အရေးကြီးတဲ့ အချက်တချက်ကတော့ နအဖစစ်အစိုးရဟာ နိုင်ငံရေး လုပ်သူတွေကို လွန်ခဲ့တာတွေ၊ မှတ်တမ်းတွေနဲ့ ထိန်းချုပ်တာ၊ အကျပ်ကိုင်တာ စတဲ့ မာဖီးယားဂိုဏ်း အစဉ်အလာနဲ့ ပုလိပ် အကျင့်တွေကို စွဲစွဲမြဲမြဲ ကျင့်သုံးနေတယ် ဆိုတဲ့အချက်ပါပဲ။ ဒီနေ့ကာလမှာ နိုင်ငံခြား သံရုံးတချို့ဟာ ဒီရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ၀င်မယ့် အဖွဲ့အစည်း တွေကို အတော် စိတ်ဝင်စားနေကြပြီး သူတို့ အတော်လေး ခြေသွက်လက်သွက် လှုပ်ရှားနေ ကြတယ်ဆိုတာကို နအဖ မသိတာ မဟုတ်ဘူး။ စောင့်မကြည့်ဘဲ နေမှာလည်းမဟုတ်ဘူး။ ဒါပေမယ့် အခုအထိတော့ ဘာမှ မပြော၊ ဘာမှအရေးမယူ၊ ဒီအတိုင်း လွှတ်ထားပါတယ်။ ဒါပေမယ့် တချိန်မှာ သူတို့က “ကိုင်” ချင်ပြီဆိုရင်တော့ “သက်သေ အထောက်အထားတွေ” အများကြီးနဲ့ ဖြစ်နေမှာ သေချာပါတယ်။
အခုလို မြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေမျိုးမှာ သဘောတရားအမျိုးမျိုး၊ အယူအဆအမျိုးမျိုး၊ အကြံဉာဏ် အမျိုးမျိုး ပေါ်ထွက် တာဟာ ဘာမှ မဆန်းပါဘူး။ တလျှောက်လုံး ကုပ်နေခဲ့ပြီး အခုကျမှ သဘောတရား ဆရာ ထလုပ်တာ၊ အမြဲတမ်း နှာစေးနေပြီး ဒီတလောကျမှ ပုရောဟိတ် ထွက်လုပ်တာ၊ စုံနေအောင် တွေ့နေရပါပြီ။ ဒါပေမယ့် လက်တွေ့ကျတော့ ဒီနေ့ ပြည်တွင်းက တရားဝင် မီဒီယာလောကမှာ “ရေးခွင့်ရတယ်” လို့ ဆိုတာမှန်သမျှ၊ “ပြောခွင့်ရတယ်” ဆိုတာ မှန်သမျှဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို မဆန့်ကျင်ရဘူးဆိုတဲ့ ဘောင်ထဲကသာ ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ နောက်ပြီး လက်ဝဲ လေသံကိုလည်း နည်းနည်းလေးမှ ဟခွင့်မပေးတာကိုလည်း သတိပြု သင့်ပါတယ်။ ဒါဟာ နအဖရဲ့စည်းကမ်းရှိတဲ့ ဒီမိုကရေစီပါ။ နအဖအတွက် ရှေ့နေ လိုက်ပေးနေကြတာဟာလည်း ဒီလို ဒီမိုကရေစီ အတွက် ဖြစ်ပါတယ်။
တကယ်က ဒီနေ့အချိန်ဟာ နအဖရဲ့ဒီမိုကရေစီ ဘယ်လောက်စစ်မှန်တယ်၊ ဘယ်လိုပြုပြင်ယူရမယ် ဆိုတာကို ဆွေး နွေးနေရမယ့် အချိန် မဟုတ်ပါဘူး။ ဒါကိုဆွေးနွေးနေ၊ ဒါကို ပြဿနာ လုပ်နေတယ်ဆိုရင် ဒါဟာ လူထုကို အာရုံ လွဲအောင်လုပ် တာ၊ မျက်စိလည်အောင် လုပ်တာဖြစ်တယ်လို့ ပြောရပါတော့မယ်။ အထက်မှာ တင်ပြခဲ့တာတွေကို ကြည့်ရင် နအဖဟာ သူက အရေးယူ ဖိနှိပ်ရမှာနဲ့ ပတ်သက်လာရင် နည်းနည်းမှ မျက်စိမလည်၊ အာရုံမပြားဘူး ဆိုတာကို တွေ့ရပါမယ်။ ဒီတော့ ကိုယ့်ဘက်က မျက်စိလည်တယ်၊ အာရုံပြားတယ် ဆိုရင် ကိုယ်ပဲ လက်ဦးမှုမဲ့မှာပါ။ ကနေ့အချိန်ဟာ ပြည်သူတွေဘက်က လက်ဦးမှု ပြန်ရအောင် ဆွေးနွေးကြံဆ၊ လုံးပန်းရမယ့် အချိန် မဟုတ်ပါလား။
Ref: ခေတ်ပြိုင်
0 comments:
Post a Comment