Friday, June 3, 2011

ဂျွန်မက်ကိန်း မြန်မာ့အရေး ဆက်ထောက်ခံမည်

ရန်ပိုင်
Thursday, 02 June 2011 ။ ။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် ယနေ့ တွေ့ဆုံရာ မြန်မာ့ ဒီမိုကရေစီ အရေးကို ဆက်လက် ထောက်ခံ သွားမည်ဟု ပြောဆို လိုက်ကြောင်း သိရသည်။

ညနေ ၄နာရီခန့်က ၎င်းတို့ နှစ်ဦး တနာရီကြာ ဆွေးနွေးရာတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြည်တွင်း ပြည်ပ သတင်းထောက်များကို ပြောပြသည်။

မစ္စတာဂျွန်မက်ကိန်းသည် ယနေ့ နေ့လယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး အပါ အ၀င် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မကြာမီ ခရီး လှည့်လည်မည့် ဒေါ်အောင်ဆန်း စုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍လည်း ဆွေးနွေး ကြကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်တဲ့အခါ လုံခြုံရေးနဲ့ ပတ်သက်လို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတဲ့ အကြောင်းကို ဆွေးနွေးတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။

ဂျွန်မက်ကိန်းနှင့် ယနေ့ ဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ ခရီးထွက်မည် ဖြစ်ပြီး တိုင်းပြည်ကို အသိပေးပြီးမှ သွားရောက်မည်ဟု ပြောပြခဲ့သည်။

ဂျွန်မက်ကိန်းသည် ယမန်နေ့က နေပြည်တော်တွင် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် သီးခြားစီ
တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးကြသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

နေပြည်တော်တွင် ဂျွန်မက်ကိန်းက နိုင်ငံရေး အကျဉ်းသားများ အကျဉ်းသား အခွင့်အရေး အပြည်အ၀ ရရှိရေး၊ အကျဉ်းထောင် များသို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ (ICRC) သွားရောက် စစ်ဆေးခွင့် ပြန်လည် ရရှိရေးတို့ကို တောင်းဆိုခဲ့သည်ဟု သိရကြောင်း ဦးအုန်းကြိုင်က ပြောပြသည်။ မြန်မာပြည် အပေါ် စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးသည်ဟု ဆိုသည်။

ဂျွန်မက်ကိန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်ရှိ HIV/AIDS ဝေဒနာသည်များ စောင့်ရှောက်ရေး ဂေဟာ တခု၊ ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှု အသင်းရုံး တို့ကို သွားရောက် လေ့လာခဲ့သည်။

ထို့နောက် ဒု ဗိုလ်မှူးကြီးဟောင်း ဦးကျော်ဆန်း၊ ဦးနိုင်းနိုင်း၊ ကိုသိန်းဆွေ၊ အဆိုတော် ဇေယျာသော် စသည့် မကြာမီက လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်သားဟောင်း များနှင့် နေ့လယ်စာ စားခဲ့သည်။

ဂျွန်မက်ကိန်းက ဤခရီးစဉ်နှင့် ပတ်သက်ပြီး မနက်ဖြန် နံနက်ပိုင်း ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျိုးဇက်ယွန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရ အဖွဲ့ဝင်များ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။

ဦးသိန်းစိန် အစိုးရသစ် တာဝန်ယူပြီး ၂လကျော်တွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေ နမ်ဗီးယား၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင် ကျာချင့်လင်၊ တရုတ် စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့မှ စစ်ခေါင်းဆောင်များ လာရောက် လည်ပတ်ခဲ့သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့