Friday, June 3, 2011

ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး လူငယ်များ တပ်လှန့်

လင်းသန့်
03 June 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာမီ ပြုလုပ်မည့် ခရီးစဉ်အတွင်း အသက်အန္တရာယ် မကျရောက်စေရေး အတွက် နိုင်ငံသား အားလုံး အထူး သတိရှိကြရန် NLD လူငယ်များနှင့် နိုင်ငံရေး တက်ကြွသူများက နှိုးဆော်လျက်ရှိသည်။

ခရီးစဉ် လုံခြုံရေးအတွက် NLD လူငယ်များ၊ ဒေသခံပြည်သူများ နှင့် ဒေါ်အောင်ဆန်း စုကြည်၏ အစီအစဉ်ဖြင့် ပေါ်ပေါက်လာ သည့် လူငယ် ကွန်ရက် အဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရ သည်။

“ကျနော်တို့ဘက်က လူအားဖြင့်သာ ဆောင် ရွက်နိုင်ပြီး တကယ် အခွင့်နဲ့ အမိန့် အာဏာတွေကတော့ လက်ရှိ အာဏာပိုင်ကသာ ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်” ဟု လူငယ်ကွန်ရက်မှ ဦးဆောင်သူတဦး ဖြစ်သည့် ကိုဖြိုးမင်း သိန်းက ဧရာဝတီကို ပြောသည်။

လုံခြုံရေးအတွက် NLD လူငယ်များနှင့် လူငယ်ကွန်ရက်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သော်လည်း အသိစိတ်ဖြင့် တာဝန်ယူခြင်းမျိုးသာ ဖြစ်ကြောင်း NLD လူငယ် ခေါင်းဆောင် တဦးဖြစ်သူ ကိုရာဇာက ဧရာဝတီကို ပြောသည်။

ထို့အပြင် လုံခြုံရေးအတွက် စနစ်တကျ လေ့ကျင့် သင်ယူထားကြခြင်း မရှိဟု သိရသည်။

ခရီးထွက်မည့် ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်မိကြောင်း၊ သို့သော်လည်း လုံခြုံရေးအတွက် အာဏာပိုင်တို့တွင် တာဝန် အရှိဆုံးဖြစ်ကြောင်း NLD လူငယ်များက သုံးသပ်မိသည်ဟု မကွေးတိုင်း NLDလူငယ် တာဝန်ခံ ကိုနေမျိုးကျော်က ဧရာဝတီ ကိုပြောသည်။

“နိုင်ငံတကာ သတင်းမီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ အနီးကပ် ရှိနေမယ် ဆိုရင်လည်း လုံခြုံရေး အရ စိုးရိမ်မှုတွေကို လျော့ပါးစေမယ်လို့ ထင်တယ်” ဟု သူက ဆက်ပြောသည်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်းကလည်း ဒေါ်အောင် ဆန်းစုကြည်၏ခရီးစဉ် လုံခြုံရေးအတွက် အစိုးရတွင် တာဝန်ရှိသည်ဟု ယနေ့ ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၆ လ ခန့်အကြာတွင် ရန်ကုန် ပြင်ပ ထွက်ကာ လူထုနှင့် အနီးကပ် တွေ့ဆုံရေး ခရီးစဉ်ကို ထုတ်ဖော် ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် ခရီးအတွက် အစီအစဉ် အတိအကျကိုမှု ကြေညာခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ခြိမ်းခြောက်ခံရမှု၊ တိုက်ခိုက်ခံရမှုတို့ကို ၁၉၈၉ ခုနှစ်က ဓနုဖြူ မြို့တွင် လည်းကောင်း၊ ၁၉၉၆ ခုနှစ်က ရန်ကုန်မြို့တွင် လည်းကောင်း ကြုံတွေ့ခဲ့ရသည်။

၂၀၀၃ ခုနှစ်က ဒီပဲယင်းမြို့သို့ ရောက်ရှိစဉ် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင် ထားသည့် လူ ၅၀၀၀ ၀န်းကျင်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုအခြေအနေများကြောင့် ယခု စီစဉ်နေသည့် ခရီးစဉ်အတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ လူထုခေါင်းဆောင်တဦး ခရီးသွားမည်ကို တားမြစ်လိုခြင်း မရှိဟု ဆိုသည်။

“နိုင်ငံရေးအရ ဒီခရီးစဉ်မျိုး ထွက်ရာမှာ အနှောင့်အယှက် အမျိုးမျိုး ပေးရင်တော့ ဒီမိုကရေစီကို ဖျက်ဆီးတာပဲဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ညနေ ၄ နာရီ နောက်ပိုင်း တနယ်က တနယ် မကူးဘဲ နေ့ခင်းပိုင်းမှာပဲ သွားသင့်တယ်” ဟု သခင်ချန်ထွန်း က ပြောသည်။

အာဏာပိုင်တို့က နိုင်ငံရေးလှုပ်ရှားသူများကို ဟန့်တား နှိပ်ကွပ်ရာတွင် လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့များကိုသာမက စွမ်းအားရှင်အဖွဲ့ ဟု ထင်ရှားသည့် အရပ်ဝတ် လူမိုက် များ ပါဝင်သည့် အဖွဲ့ကို အသုံးချခဲ့ကြသည်။

သမ္မတဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ယခင် စစ်အစိုးရ စက်မှု ၁ ၀န်ကြီး၊ ယခု အာဏာရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူးတဦးဖြစ်သူ ဦးအောင်သောင်း ခေါင်းဆောင်၍ စွမ်းအားရှင်များကို ပြန်လည် စုစည်းကာ ပြည်သူ့ လုံခြုံရေးအဖွဲ့ အဖြစ် ပြင်ဆင် ဖွဲ့စည်းထားကြောင်း သိရသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့သည် အစိမ်းရောင် စစ်ယူနီဖောင်းကို ၀တ်ဆင်ကာ ဒိုင်းနှင့် နံပါတ် တုတ်များ ကိုင်ဆောင်မည်ဟု သိရသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့