Friday, June 3, 2011

တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးမှာ လက်ရှိအစိုးရနဲ့လည်း သက်ဆိုင်ဟု ဒေါ်စုက ပြော



ဇွန် ၂ ၊ ၂၀၁၁ ။ ။

ယခု မက်ကိန်းခရီးစဉ်မှ အန်အယ်ဒီနဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ ပြန်လည် ရင်ကြားစေ့ရေး တို့ကို လမ်းစ တွေ့ရပါသလား လို့ မေးမြန်းသည့် အခါ ဒေါ်အောင်ဆန်းစုကြည်က “အဲဒါကတော့ အစိုးရ ကိုယ်တိုင် ဆုံးဖြတ်ရမည့် ကိစ္စဖြစ်နေသည် ” ဟု ပြန်ဖြေကြား ခဲ့သည်။

ဆွေးနွေးပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးခွန်းကို ဖြေကြားရာတွင် နိုင်ငံရေး အကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြသည့် ကိစ္စရပ်အပေါ် စိုးရိမ်စရာ ဖြစ်သည်ဟု ပြောဆိုပြီး အစိုးရသစ်က ယခုလို နိုင်ငံရေး အကျဉ်းသားများအား ဆက်ဆံပုံသည် ပျော်စရာမဟုတ်ကြောင်း မှတ်ချက်ချပြောဆိုသည်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရေးလမ်းခရီးမှာ မြန်မာပြည်သူ ပြည်သားများ အပေါ်တွင်သာ မူတည်ပြီး ခေါင်းဆောင်များနှင့် သံတမန်တို့ တွေ့ဆုံခြင်း အပေါ်တွင် မူမတည်ကြောင်းလည်း ပြောဆိုခဲ့ပြီး ယခုလို တွေ့ဆုံခြင်းများမှာ မြန်မာ့ နိုင်ငံရေး၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ သို့ ၃ ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်သည့် အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ယနေ့ညနေ ၃နာရီ ၅၀ မိနစ်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဂျွန်မက်ကိန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တစ်နာရီကျော်ကြာ တွေ့ဆုံ ကြပြီးနောက် ညနေ ၅ နာရီကျော်တွင် အဆိုပါ နေအိမ်မှ ဂျွန်မက်ကိန်း ပြန်လည် ထွက်ခွာ သွားခဲ့သည်။

ယနေ့ တွေ့ဆုံအပြီး ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရသည့် အဖြစ်ကို အလွန် ကျေနပ် အားရကြောင်း ပြောဆိုခဲ့သည်။

ဂျွန်မက်ကိန်း၏ ယခုခရီးစဉ်တွင် အစိုးရအဖွဲ့သစ်မှ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အန်အယ်ဒီ လူမှုထောက်ကူ အဖွဲ့၏ အိတ်ခ်ျအိုင်ဗီ ပြုစု စောင့်ရှောက်ရေး ဂေဟာ၊ ရန်ကုန်မြို့ နာရေးကူညီမှု အသင်းတို့သို့ သွားရောက် ကြည့်ရှုခဲ့သည်။ ထိုနောက် နေ့လည်စာကို မကြာမီက လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသားများနှင့် မိုင်ထိုင်း စားသောက်ဆိုင်တွင် စားသောက်ရင်း တွေ့ဆုံ စကားပြောခဲ့သည်။

ထို့နောက်မွန်းလွဲ ၂ နာရီတွင် ရွှေဂုံတိုင် အန်အယ်ဒီရုံးသို့ သွားရောက်ကာ အန်အယ်ဒီ စီးအီးစီ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီနောက် အန်အယ်ဒီ ရုံးရှိ အဖွဲ့ဝင်များကိုပါ ရင်းရင်းနှီးနီး လိုက်ပါ နှုတ်ဆက် ခဲ့သည်ဟု သွားရောက်ခဲ့သည့် သတင်းထောက် တဦးက ပြောသည်။

ယခုတစ်ခေါက် အမေရိကန် ဆီနိတ်တာ ဖြစ်သူနှင့် အင်န်အယ်ဒီခေါင်းဆောင်များ တွေ့ဆုံအပြီး အန်အယ်ဒီ ရုံးချုပ်မှ ရုံးအဖွဲ့ဝင် များကိုလည်း တဦးချင်း နှုတ်ဆက် စကားပြောကြား ခဲ့သည်။

နံနက်ဖြန် နံနက်တွင်လည်း ဂျွန်မက်ကိန်းနှင့် ပြည်တွင်းပြည်ပ အယ်ဒီတာ၊ သတင်းထောက်များ တွေ့ဆုံရန် ရှိပြီး ယခု ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်း မီဒီယာများသို့ ရှင်းလင်း ပြောပြမည်ဟု မျှော်လင့်ရသည်။

Ref: မိုးမခ

0 comments:

အပေါ်သို့