Friday, August 19, 2011

သမ္မတ ဦးသိန်းစိန် အစည်းအဝေးမှာ လက်တန်းပြောဆိုတာ ယုံကြည်လို့ မရနိုင်

18/8/2011

၂၀၁၁ ခုနှစ် သြဂတ်စ်လ ၁၇ ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်ဟာ ပြည်ပမှာ အကြောင်း အမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ပြစ်မူ ကျူးလွန်တာ မရှိဘူးဆိုရင် အချိန်မရွှေး ပြန်လာရန် စဉ်းစားပေးမှာ ဖြစ်ကြောင်း ပြောဆိုသွား ခဲ့သည်။

အဆိုပါ စကားကို နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမူရေး နယ်ပယ် အသီးသီး၊ အသင်း အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ပြောဆိုမူမှာ သာမန် အစည်းအဝေး တစ်ခုတွင် ပြောဆိုသွားသဖြင့် ယုံကြည်၍ မရနိုင်ကြောင်း ၈၈ အရေး အခင်း နောက် ပိုင်း ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိ နေသော ရခိုင်ခေါင်းဆောင်များက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်နှင့် ပတ်သက်ပြီး ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိနေသော ရန်ကုန်တက္ကသိုလ်မှ ၁၉၇၅ ခုနှစ်တွင် B.A (Philosophy) ဖြင့် ဘွဲ့ရရှိခဲ့ပြီး ၈၈ အရေးအခင်းတွင် မင်းပြားမြို့နယ် သပိတ်ကော်မီတီ အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဦးကျော်မြသာက ယခုကဲ့သို့ ပြောသည်။

" အမျိုးသား ရင်ကြားစေ့ရေး National Reconciliation အတွက် ဖိတ်ခေါ်တာကိုတော့ ကြိုဆိုဖို့ ကောင်းပါတယ်။ ဒါပေမယ့် ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်အစိုးရ ခေါင်းဆောင်တွေရော၊ သူတို့နဲ့ ပူးတွဲပြီး အကြံပေး နေကြတဲ့ နိုင်ငံရေး သမားတွေရော၊ ဒေ၀ါလီ နိုင်ငံဖြစ်နေတဲ့ မြန်မာနိုင်ငံတော်ရဲ့ ရှေ့ရေးကို တိကျ ခိုင်မာတဲ့ ပေါ်လစီ တခုကို မချမှတ်နိုင်တဲ့ အတွက်နဲ့ ဒီလို ကသောင်း ကနင်း ဖြစ်နေကြတာ ဖြစ်တယ်လို့ ပထမဆုံး ပြောလိုပါတယ်။"

၎င်းပြင် ဦးကျော်မြသာက သူ့ အမြင်ကို ယခုလို ဆက်ပြောသည်။

" ဦးသိန်းစိန်က ၈၈ ခုနောက်ပိုင်းမှာ ဗမာပြည်က ထွက်သွားတဲ့ လူတွေကို ပြန်လာဖို့အတွက် ခေါ်တဲ့နည်းက စနစ်မကျတာကို တွေ့ရပါတယ်။ ဦးသိန်းစိန် အစိုးရဟာ အမျိုးသား ရင်ကြားစေ့ရေးကို လိုချင်တယ်ဆိုရင် ပထမဆုံး နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ချွင်းချက်မရှိ လွတ်ပေးရမယ်။ နောက်ပြီးတော့ ဦးသိန်းစိန်ပြောတဲ့ စကားမှာ အဓိပ္ပါယ် နှစ်မျိုး ထွက်နေပါတယ်။ ၈၈ နောက်ပိုင်း ထွက်သွားတဲ့ လူတွေမှာ ရာဇ၀တ်ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုရင်လည်း အဲဒီရာဇ၀တ်ပြစ်မှုတွေကို လျော့ပေါ့ စဉ်း စား ပေးမယ်လို့ ပြောတဲ့ စကားရပ်လည်း ပါဝင်လာတာကြောင့် ၀င်လာတဲ့သူတွေကို အချိန် မရွေး ဖမ်းဆီး နိုင်အောင် ပြောတဲ့ စကားဖြစ်တယ်လို့ ယူလို့ ရတယ်။ နောက်တခုက ဦးသိန်းစိန်ဟာ ဒီစကားကို လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ ပြောဖို့အစား လွှတ်တော်မှာ ပါတီ ပေါင်းစုံ၊ အမတ် ပေါင်းစုံနဲ့ အသေအချာ ဆွေးနွေး ပြီးတော့ ဥပဒေတခုကဲ့သို့ ပြုစုပြီးတော့ အမိန့် ထုတ်ဖို့ ကောင်းပါတယ်။ အထွေထွေ လွတ်ငြိမ်း ချမ်းသားခွင့် ပြန်တန်းတခု လုပ်ပြီး သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် လက် မှတ်ထိုးပြီး ပြည်သူသိအောင်၊ ကမ္ဘာက သိအောင် တရားဝင် ကြေငြာရပါမယ်။ အဲဒီလိုမှသာ သူပြောတဲ့ စကားဟာ တရားဝင်ပြီး လုပ်ထုံး လုပ်နည်း ကျမှာ ဖြစ်တယ်။ ဦးသိန်းစိန်က ခုလို အစည်းအဝေးမှာ ပြောလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ တိုင်းပြည်ရဲ့ အမိန့်ပြန်တန်း မဟုတ်၊ တိုင်းပြည်ရဲ့ ဥပေဒလည်း မဟုတ်၊ အခုလို အစည်းအဝေးမှာ အလွတ် သဘော ခေါ်တာဟာ ဟန်ပြ နိုင်ငံရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဟန်ပြ နိုင်ငံရေး ပြေလည်မှု ရအောင် လုပ်နေခြင်းသာ ဖြစ်ပါတယ်။ တကယ့်စေတနာရှိလို့ လုပ်တယ်လို့ ယုံကြည်လို့ မရနိုင်သေးဘူး။ စောင့်ကြည့်ရ ပါလိမ့်မယ်" ဟု ပြောသည်။

ရှစ်လေးလုံး အရေးတော်ပုံတွင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ ကျောင်းသား ဥက္ကဌ အနေဖြင့် လှုပ်ရှား ခဲ့ပြီး အာဏာသိမ်း ပြီးနောက် ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိလာက ABSDF (Arakan) တွင် ဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ကိုခိုင်ဆန်း အောင်ကလည်း ယခုကဲ့သို့ ပြောသည်။

" ပြည်ပရောက် မြန်မာတွေကို ပြန်ခေါ်လိုက်တယ်ဆိုတဲ့ အပေါ်မှာ ကျနော့်အမြင်ကတော့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောတဲ့ ပုံစံသာဖြစ်တယ်။ ဒါကတော့ နိုင်ငံတော်အစိုးရ တရပ် အနေနဲ့ တရာဝင် လွတ်ငြိမ်း ချမ်းသာခွင့် ပုံစံမျိုးနဲ့ ခေါ်တာမဟုတ်ဘူးလို့ မြင်ပါတယ်။ တကယ်တမ်းသာ ဒီလိုမျိုး ဦးသိန်းစိန်အနေနဲ့ ဖြစ်ချင်တယ်။ လုပ်ချင်တယ် ဆိုရင် ကျနော့်အနေနဲ့ အချက် (၃)ချက် မြင်ပါတယ်။ နံပတ်(၁) အနေနဲ့ နိုင်ငံရေးအကျဉ်းသား တွေ အားလုံးကို လွတ်ပေးရမယ်။ နံပတ်(၂) အစိုးရအနေနဲ့ တရားဝင် လွတ်ငြိမ်း ချမ်းခွင့်ကို နှောင်းကြိုးမဲ့ အချက်အလက်တွေနဲ့ ခေါ်ပေးရမယ်။ ဘာတခုမှ နှောင်းကြိုးတွေမရှိစေရဘူး။ နံပတ်(၃) ကတော့ နိုင်ငံရေးအရ ပြည်ပမှာရောက်ရှိနေကြတဲ့ နိုင်ငံရေး လှုပ်ရှားသူ အားလုံးကို ရာဇဝတ်မှု ကျူးလွန်သူများ ဖြစ်တယ် ဆိုပီးတော့ တစုံတရာ သတ်မှတ်ခြင်းမရှိရ၊ ဒီအချက်သုံးချက် လိုအပ်မယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်" ဟု ပြောသည်။

၎င်းပြင် သမ္မတ ဦးသိန်းစိန်မှ " ရိုးသားတဲ့ စိတ်ရင်းစေတနာ ရှိသူတိုင်းဟာကိုယ်နိုင်ကို ချစ်ကြပါတယ်။ ကိုယ့်နိုင်ငံကို ကောင်းစား စေလိုကြပါတယ်။ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ နေလိုကြပါတယ်။ ကိုယ့်မြေ၊ ကိုယ်ပြည်၊ ကိုယ်ဆွေမျိုး အသိုင်းအ၀ိုင်းကို ခင်တွယ်ကြပါတယ်။ ငြိမ်းချမ်းသာယာ ၀ပြောတဲ့ လူ့ဘောင် အဖွဲ့အစည်းကြီးကို ထူထောင်လိုကြပါတယ်။ ဒါဟာ ကျွန်တော်တို့နဲ့ တူညီတဲ့ ဆန္ဒဖြစ်ပါတယ်။ ဒီ Common Ground အပေါ်မှာ အခြေခံပြီး ငြိမ်းချမ်း သာယာတဲ့ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ၊ ကမ္ဘာအလယ်မှာ ထည်ထည်ဝါ၀ါ နေနိုင်တဲ့ နိုင်ငံ ဖြစ်အောင် ၀ိုင်းဝန်း တည်ဆောက်ကြဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်းလိုပါတယ်" ဟုလည်း ပြောဆိုသွားခဲ့ကြောင်း သိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့