August 17, 2011
အံ့ဘုန်းမြတ်
နိုင်ငံ တော်သမ္မတဦးသိန်းစိန်က ပြည်ပရောက်နိုင်ငံသားတွေ ပြန်လာပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်လိုက်တဲ့အပေါ် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ကြိုဆိုလိုက်ကြသလို ယုံကြည်ချက်တွေကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုပါ လွှတ်ပေးဖို့ လိုအပ်ကြောင်း တောင်းဆိုလိုက်ကြပါတယ်။
ဒီကနေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာက စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တဲ့ သမ္မတမိန့်ခွန်းပါ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ ကမ်းလှမ်းချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲချုပ်အပါအဝင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီခေါင်းဆောင် တွေက ကြိုဆိုလိုက်ကြတာဖြစ်ပါတယ်။
အဲ့ဒီထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ဒီဥစ္စာက သတင်းကောင်းပါ။ ကျနော်တို့အနေနဲ့လည်း အဲဒီလိုပြောတယ်ဆိုရင် ကြိုဆိုပါတယ်။ အခုဖြစ်စဉ်တွေကို ဒီထက်တိုးတက်လာဖို့ကို ကျနော်တို့ မျှော်လင့်တယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။
ရွေး ကောက်ပွဲဝင် နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပြီး နိုင်ငံရေးမှာပါဝင်ခွင့်ပေးဖို့ လိုအပ်ကြောင်း အခုလို ပြောကြားပါတယ်။
“ပထမဆုံးအ ခေါက်မှာထဲကို ငြိမ်းချမ်းရေးသဘောတွေ ပြေလည်ရေး သဘောတွေ ပြောသွားတဲ့မိန့်ခွန်းတွေ ပြောသွားတာရှိ တာကို။ အခုဒါကို ထပ်ပြောတယ်ဆိုတာတော့ ကျနော်တို့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် နောက်ဆက်တွဲတွေက ထပ်ပြီးလွှတ်ပေးသင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါမှလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးကို သွားတဲ့နေရာမှာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်ကြီးပေါ်လာပြီး အားလုံးမျှတတဲ့ အနေအထားတရပ်ကို ရောက်အောင် သွားနိုင်ခွင့်တွေ ဖြစ်လာဖို့ အကြောင်းတွေ ဖြစ်လာတယ်လို့ပဲ မှန်းဆနိုင်တယ်ပေါ့။”
သမ္မတမိန့်ခွန်းကို နားထောင်ခဲ့ရတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာဦးခင်ရွှေကလည်း
“သမ္မတကြီးက တော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ စီးပွားရေး တိုးတက်ရာ တိုးတက်ကြောင်းကို အဓိက စဉ်းစားနေတယ်။ စဉ်းစားပြီးတော့ အပွင့်လင်းဆုံးပြောရင် သူက တခြားပြည်ပတွေနဲ့လည်း ပြေလည်အောင်လုပ်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေ ကအစ သူ့အလိုအလျောက် ပြန်ရုပ်သိမ်းသွားအောင် လုပ်မယ့်သဘောရှိတယ်။ မြန်မာပြည်က စီးပွားရေးတိုးတက်အောင် သူကြိုးစားနေတဲ့ အနေအထားမျိုးရှိပါတယ်။ တံခါးကို တကယ်ဖွင့်မယ့် အနေအထားမျိုး။ ဘာလို့လည်းဆိုတော့ လေးလဆိုတဲ့ အချိန် ကာလက ဘာမှမရှိဘူး။ ဒီအပေါ်မှာ သူ့အနေနဲ့လည်း ပြောင်းလဲသင့်တာတွေ လျှော့ပေးသင့်တာတွေ၊ အခုလည်း မျက်မြင်ကိုယ်တွေ့ လျှော့နေတာ ပြောင်းလဲနေတာတွေ တွေ့ပြီဆိုတဲ့အတွက်ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် တနှစ်အတွင်းမှာတော့ အခြေအနေတွေ အများကြီးပြောင်းသွားမယ်။”
စီးပွားရေး နဲ့အတူ နိုင်ငံရေးနဲ့ လူမှုရေးကဏ္ဍတွေကို ပြိုင်တူမြှင့်တင်သင့်တယ်လို့လည်း သမ္မတမိန့်ခွန်းအပေါ် ၂၀၁၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာ ဘုန်းဝင်းကလည်း အခုလို ပြောကြားထားပါတယ်။
“အဆုံးပိုင်း မှာပြောတာက သူက ဒီမိုကရေစီ စနစ်ကို တည်ဆောက်မယ်။ အခုလက်ရှိရှိနေတဲ့ အခွင့်အရေးတွေကို အရယူပြီး တယောက်နဲ့တယောက် အပြစ်မယူဘဲ နိုင်ငံကိုလည်း ရေခံမြေခံကောင်းပြီးသားဆိုတော့ တိုးတက်အောင်လုပ်မယ်ဆိုတော့ ဒါကတော့ ကောင်းတာပေါ့။ ဆိုလိုတာက တယောက်နဲ့တယောက် အပြစ်မတင်ဘူးဆိုတာက ကျနော်တို့ အရင်တုန်းကလို သတင်းစာထဲကနေ တယောက်နဲ့တယောက် ပုတ်ခတ်နေတာမရှိတော့ဘူး။ ပြီးတော့ အခွင့်အရေးကိုလည်း အရယူမယ်ဆိုတော့ အခု လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောနေတာကိုလည်း အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ သဘော၊ ဒီတခါကတော့ သူတို့က စီးပွားရေးကိစ္စကို အဓိကပြောတယ်လို့ ထင်တယ်။ ကျနော်တို့ကတော့ အားလုံး စီးပွားရေးရော၊ လူမှုရေးရော၊ နိုင်ငံရေးရော အားလုံးမျှပြီးတော့ လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။”
ဒီကနေ့ တွေ့ဆုံပွဲမှာတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) က အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်တို့ အပါအဝင်လူမှုရေး အသင်းအဖွဲ့တွေနဲ့ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တွေက ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ကြပြီး စီးပွားရေးဆိုင်ရာ မူဝါဒနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကိုလည်း ဦးသိန်းစိန်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: ဒီဗွီဘီ
Thursday, August 18, 2011
ပြည်တော်ပြန်ရေး သမ္မတမိန့်ခွန်း နိုင်ငံရေးအင်အားစုများကြိုဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment