August 17, 2011
အံ့ဘုန်းမြတ်
လာမယ့် ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပပြုလုပ်မယ့် အစိုးရသစ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကိုတက်ရောက်ဖို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားပညာရှင်တွေကို တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ပြည် ထောင်စုအစိုးရရဲ့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးမှုဝန်ကြီးဌာနက စီစဉ်ကျင်းပတဲ့ ဒီအခမ်းအနားကို တက်ရောက်ဖို့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကတဆင့် နိုင်ငံရေးပါတီ ၃၇ ပါတီက ခေါင်းဆောင်တွေကို ဒီလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဖိတ်စာလက်ခံရရှိထားတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်အေးက အခုလိုပြောပြပါတယ်။
“တိုင်း ကော်မရှင်က စာ သုံးစောင်ပေးတယ်။ ပထမတစောင်က ဖိတ်ကြားစာ၊ ဒုတိယအစောင်က ကျနော်တို့ကို နေပြည်တော်ကော်မရှင်ကနေတဆင့် တိုင်းကော်မရှင်၊ အဲဒီကနေ ကျနော်တို့ပါတီကို ရောက်လာတဲ့စာပါ။ အလုပ်ရုံဆွေးနွေးပွဲ ဦးဆောင်ကျင်းပရေး ကော်မတီကနေ ဖိတ်တာ။ အဲဒီပြည်ထောင်စု ကော်မရှင်ကိုပို့တယ်။ ပြည်ထောင်စုကော်မရှင်ကို အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဆိုပြီး ဝန်ကြီးရုံးအမိန့်၁၆ ရက်၊ ဂလ၊ ၂၀၁၁ ရက်စွဲနဲ့ပို့တယ်။ ပို့တော့ အဲဒီစာကို ပြည်ထောင်စုကော်မရှင် က နိုင်ငံရေးပါတီများအားလုံးဆိုပြီး ထပ်ပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်များ အားလုံးဆိုပြီးတော့ နိုင်ငံရေးပါတီများကို ဆက်လက်အကြောင်းကြားရန်ဆိုပြီးတော့ ဖြစ်တဲ့အတွက် ကျနော်တို့ကို တိုင်းကော်မရှင်ကနေ လှမ်းအကြောင်းကြားတာ။”
ပြည်ပ တက္ကသိုလ်အသီးသီးမှာ ပြန်လည်ပညာသင်ကြားပေးနေကြတဲ့ မြန်မာနိုင်ငံသားပညာရှင်အချို့ကိုလည်း အစိုးရအဖွဲ့က တိုက်ရိုက်ဖိတ်ကြားမှုတွေ ပြုလုပ်ထားတယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူအချို့က ဆိုပါတယ်။
ဒီလို နိုင်ငံရေးပါတီတွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသား ပညာရှင်တွေကို အစိုးရအဖွဲ့က ပထမဆုံး အနေနဲ့ ဖိတ်ကြားလာတဲ့အပေါ် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ အခုလို မှတ်ချက်ပေး ပြောကြားပါတယ်။
“ဒါက ကောင်းတဲ့လက္ခဏာပါပဲ။ နိုင်ငံနဲ့ပတ်သက်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ နိုင်ငံရေးပါတီတွေ ပါဝင်သင့်တယ်လို့ အစိုးရက သဘောပေါက်လက်ခံတဲ့ သဘောပါ။ ကျနော်တို့ကလည်း မူဝါဒတွေ ရေးဆွဲထားတာရှိတော့ အလုပ်ရုံဆွေးနွေးပွဲတွေ တတ်ရောက်တဲ့အခါ ကြားနာမှုတွေ၊ ပြုလုပ်မယ့်အစီအစဉ်တွေအပေါ်မှာ အကြံပေးနိုင်ရင်လည်း ပေးသွားမှာပါ။”
ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားဖို့ အစီအစဉ်ရှိတဲ့ အကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်အထိတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အတည်ပြု ပြော ကြားတာမျိုးတော့ မရှိသေးပါဘူး။
ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ သမ္မတဦးသိန်စိန်ရဲ့ စီးပွားရေးအကြံပေး ဦးမြင့်အပါဝင် ပညာရှင်အသီးသီးက အဓိကဆွေးနွေးကြမှာပြီး သတင်းမီဒီယာအချို့က အယ်ဒီတာချုပ်တွေကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားပါတယ်။
ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်ဟာ အာဏာလွှဲပြောင်းယူပြီး ၄ လကျော် သက်တမ်းကာလအတွင်း ပထမဆုံး အနေနဲ့ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွေ စတင်ပြုလုပ်ခဲ့သလို ကဏ္ဍအလိုက် အလုပ်ရုံဆွေးနွေး ပွဲတွေပြုလုပ်ပြီး ပြုပြင်ပြောင်းလဲရေးတွေကို အမှန်တကယ် လုပ်ဆောင်တော့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ပြောကြားထားပါတယ်။
Ref: ဒီဗွီဘီ
Thursday, August 18, 2011
စီးပွားရေးဖွံ့ဖြိုးမှုအလုပ်ရုံဆွေးနွေးပွဲ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ပညာရှင်များကို ဖိတ်ကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment