August 17, 2011
မန်းစိုင်းမွန်
ထိုင်း နိုင်ငံက ထိုင်း-မြန်မာနယ်စပ် ခရိုင်တွေဖြစ်တဲ့ ချင်းမိုင်နဲ့ တပ်ခရိုင်မှာ စစ်ဘေးတိမ်းရှောင်မှုလေ့ကျင့်ခန်းတွေ လုပ်နေပါတယ်။
ထိုင်း နိုင်ငံ ချင်းမိုင်ခရိုင်မှာရှိတဲ့ အမှတ် ၃ စစ်တိုင်းနဲ့ ပြည်သူ့ဘေးဒုက္ခကာကွယ်စောင့်ရှောက်ရေး ဌာနတွေပူးပေါင်းပြီး ရှမ်းပြည်နယ် မိုင်းတုံမြို့နယ် နဲ့ နယ်နိမိတ် ဆက်စပ်နေတဲ့ မြို့နယ်တွေက ကျေးရွာ ၂ဝ ကျော်မှာ ထိုင်းလူထု ၂၀၀၀ ကျော်ကို စစ်ဘေးတိမ်းရှောင်မှု အစမ်းလေ့ကျင့်ခန်းတွေ လုပ်ပေးနေတယ်လို့ ထိုင်းဒေသခံတဦးက ပြောပါတယ်။
“ကျနော်တို့ ကြောက်တာက တကယ်လို့မြန်မာပြည်ဘက်မှာ အစိုးရစစ်တပ်နဲ့လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေတိုက်ပွဲဖြစ်တဲ့အခါ နယ်စပ်မှာရှိတဲ့ကျနော်တို့ ထိုင်းရွာတွေအတွက် အန္တရာယ်ဖြစ်တယ်ဗျ။ အဲဒါတွေကို ကာကွယ်နိုင်ဖို့ကျနော်တို့ကို လေ့ကျင့်ပေးနေတာပါ။ ခုဟာက မိုးရာသီဆိုတော့ သွားလာရေးအခက်အခဲရှိလို့တိုက်ပွဲတွေနည်းသေးတာ။ မိုးကုန်ပြီဆိုရင်တော့ တိုက်ပွဲတွေထပ်ဖြစ်မှာပဲ။ ခုလိုလေ့ကျင့်တာတွေကို မလုပ်တာကြာပြီ။ ခုမှ အကြီးအကျယ်လာပြီး လေ့ကျင့်ပေးတာ။”
လေ့ကျင့်ပွဲကြီးကို တကယ်ဖြစ်ပျက်နေတာနဲ့ ဆင်တူယိုးမှားဖြစ်အောင် လုပ်ထားတယ်လို့လည်း ဆိုပါတယ်။
ထိုင်း နိုင်ငံက အဲဒီမြို့နယ်တွေဟာ မြန်မာစစ်တပ်နဲ့ရှမ်းလက်နက်ကိုင်တပ်တွေ အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီး ဗုံးဆန်တွေ လာကျလေ့ရှိလို့ နယ်မြေခံ ထိုင်းလူထုတွေ အေးအေးချမ်းချမ်း မနေနိုင်ကြပါဘူးလို့လည်း ဆိုပါတယ်။
စစ်ဘေးတိမ်း ရှောင်ရေး လေ့ကျင့်မှုတွေအပြင် မြန်မာပြည်က တရားမဝင် ဝင်ရောက်ပြီး ထိုင်းရွာတွေထဲမှာခိုလှုံနေတဲ့ လူတွေ ကိုလည်း စစ်ဆေးပြီး စာရင်းကောက်ယူနေကာ ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်တပ်ဖွဲ့တွေကိုလည်း ဖွဲ့စည်းလေ့ကျင့် ပေးနေ တယ်လို့ဆိုပါတယ်။
မြန်မာပြည်ဟာ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်းမှာ လူမျိုးစုနဲ့လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရှင်းလင်းပစ်ဖို့အလားအလာတွေရှိနေပြီး အဲဒီက ဖြစ်လာတဲ့တိုက်ပွဲတွေက လက်နက်ကြီးငယ် ဗုံးဆန်တွေဟာ ထိုင်းနိုင်ငံဘက်က ကျေးရွာလူထုကို ထိခိုက် နိုင်တယ်လို့ အမှတ် ၃ ထိုင်းစစ်တိုင်း စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ဒုတိယဌာနမှူး ဗိုလ်မှူးကြီး ချလောင်ချိုင်း ချိုင်ယခမ်က ထိုင်းမီဒီယာတွေကို ပြောပါတယ်။
အလားတူ စစ်ဘေးတိမ်းရှောင်ရေး လေ့ကျင့်မှုတွေကို တပ်ခရိုင် မဲဆောက်မြို့နယ် ဘောလုံးကွင်းမှာလည်း ပထမဆုံးအကြိမ် အဖြစ် မနေ့က အမျိုးသားလုံခြုံရေးကောင်စီက တာဝန်ယူပြီး ဆိုင်ရာဌာနအသီးသီး ပါဝင်လုပ်ဆောင်ပြသကြပါတယ်။
လွန်ခဲ့တဲ့ နှစ်လလောက်က ဖြစ်ပွားခဲ့တဲ့ ထိုင်း၊ ကမ္ဘောဒီယား တိုက်ပွဲတွေကြောင့် ထိုင်းကျေးရွာ လူထုတွေကို အလားတူ လေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့ဖူးပါတယ်။
ထိုင်းတပ်မ တော်ဟာ ဒီလိုလေ့ကျင့်မှုတွေကို ချင်းမိုင်ခရိုင်မှာ အရင်ကလုပ်ခဲ့ဖူးပေမယ့် အခုအခေါက်လောက် မကြီးကျယ်ဘူးလို့ရွာသားတွေက ပြောပါတယ်။
Ref: ဒီဗွီဘီ
Thursday, August 18, 2011
ထိုင်း- မြန်မာနယ်စပ်တွင် စစ်ဘေးတိမ်းရှောင်မှု လေ့ကျင့်ခန်းများလုပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment