ဇေဝင်းနောင်
Sunday, 28 August 2011
အလက်ဇန်းဒါးဟာ အိန္ဒိယကို အောင်နိုင်ခဲ့တယ်။
သူတစ်ယောက်တည်းနဲ့လား။
ဆီဇာဟာ ဂေါလ်တွေကို အနိုင် တိုက်ခဲ့တယ်။
သူ့တပ်မှာ ထမင်းချက် တစ်ယောက်တောင် မပါဘဲနဲ့လား။
စပိန်ဘုရင် ဖိလစ်ဟာ သူ့ရေတပ်မတော်ကြီး နှစ်မြှုပ် ဖျက်ဆီးခံရချိန်မှာ မျက်ရည် ကျသတဲ့။ အခြားသော မျက်ရည်များရော မရှိခဲ့လေသလား။
ဘားထရော့ ဘရီချက်
၁၉၃၀ ပြည့်နှစ်တွေတုန်းက ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ခ်ျအော်ဝဲလ် ရေးခဲ့သော မြန်မာပြည်အကြောင်း ၀တ္ထုတစ်ပုဒ်။ ထိုစဉ်က ဗြိတိသျှ နေမ၀င်အင်ပါယာ၏ အရာရှိလေး တစ်ဦး ဖြစ်ခဲ့ဖူးသော အော်ဝဲလ်သည် ကိုယ်တွေ့ ကြုံခဲ့ရသော ဖြစ်ရပ် တစ်ခုကို 'ဆင်ပစ်ခြင်း' (Shooting an Elephant) အမည်ဖြင့် ရေးခဲ့ဖူးသည်။
တစ်နေ့မှာ ဂျော့ခ်ျအော်ဝဲလ်ထံ ဖုန်းဝင်လာသည်။ မဝေးလှသော တစ်နေရာမှာ ခိုင်းဆင် တစ်ကောင် စိတ်ရိုင်းဝင်ပြီး ဈေးတစ်ဈေးကို ဖျက်ကာ လူတစ်ယောက်ကို နင်းသတ် သွားခဲ့သည်။ ဒီအခြေအနေကို အော်ဝဲလ် ကိုင်တွယ် ရတော့မည်။
သူရောက်သွားသော အချိန်တွင် လူအုပ်ကြီးက သူ့ကို ၀ိုင်းလာကြသည်။ ရိုင်ဖယ်ကို လွယ်ထားသော သခင်ကြီး၏ ဆင်ပစ်ပွဲကို ကြည့်ဖို့။ဒီအချိန်မှာ ဆင်ကြီးက ပုံမှန် ပြန်ဖြစ်နေပြီ။ ဂျော့ခ်ျအော်ဝဲလ် ရေးထားသည့် အတိုင်း ဆိုလျှင် ''မြက်ဖုတ်ကို ဆွဲဆုတ်ပြီး သူ့ဒူးကို သန့်စင်နေသည်။ ယင်းမြက်တို့ ကိုပင် မြိန်ရည်ယှက်ရည် စားနေပြန်သည်'' ဟူ၍ ဖြစ်သည်။ ပုံမှန် ပြန်ဖြစ်နေသော ခိုင်းဆင် တစ်ကောင်ကို သတ်ပစ်ဖို့ သူ့မှာ အကြောင်း မရှိတော့။
သို့ပေမဲ့ သူ့နောက်က လူအုပ်ကြီး၏ ဆန္ဒက ပြင်းပြလွန်း လှသည်။ လူက နှစ်ထောင်လောက် ရှိလာသည်။ သူတို့ နားလည် ထားသည်က ဒီဆင်ကို ပစ်ရမည်၊ ပစ်မည့်သူက အော်ဝဲလ်။ သူ့မှာ ရွေးချယ်စရာ မရှိ။ ပစ်လိုက်ရသည်။ အာဏာပိုင်သည် ဆိုသော အနေအထားကို ရယူထားသူ၊ ရိုင်ဖယ် သေနတ်ကြီးကို ကိုင်ထားသူ အော်ဝဲလ်သည် ''သူ့ကို ရှေ့ဆက်ရန် ဖိအားပေးနေသော တွန်းလှန် မရနိုင်လောက်အောင် ကြီးမားလှသော လူနှစ်ထောင်၏ ဆန္ဒ'' အောက်တွင် ရောက်သွားခဲ့သည်။
သူလွန်ဆန်ခဲ့လျှင် ဒီလူအုပ်ကြီးကသူ့ကို တစ်စစီ ဆွဲဖြဲပစ်မှာကိုလည်း သူကြောက်မိ ခဲ့သည်ဟု ဆိုသည်။ အော်ဝဲလ် ရေးသွားသော ၀တ္ထု နောက်ဆုံး စာသားမှာ ''သေနတ်ကို ကိုင်ပြီး လက်နက်မဲ့ ဒေသခံတို့ ရှေ့တွင် ရပ်နေသော လူဖြူ ကျွန်တော်သည် ဒီဇာတ်လမ်း၏ ဇာတ်လိုက် ကျော်ကြီးဟု ထင်နေရသည်။ စင်စစ်တွင်ကား နောက်တွင်ရှိသော မျက်နှာဝါတို့ ဆန္ဒအရ ကြိုးဆွဲရာ ကရသည့် ရုပ်သေးရုပ် မျှသာ ဖြစ်နေတော့သည်'' ဟူ၍ ဖြစ်သည်။ ဒီဇာတ်လမ်းသည် မည်သူက နောက်လိုက်၊ မည်သူက ခေါင်းဆောင် ဆိုခြင်းအတွက် တွေးစရာတွေ အများကြီး ပေးနေသည်။ ကျွန်တော်တို့ တစ်တွေက ခေါင်းဆောင်မှု အကြောင်းကိုပဲ ပြောနေကြသည်။ နောက်လိုက်မှု အကြောင်းကိုတော့ မေ့လျော့ ထားကြသည်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖြစ်သည်။ အားလုံးလိုလို၏ ငယ်ငယ်တုန်းကလည်း ဒီလိုပဲ ဖြစ်မည် ထင်သည်။ စူပါမင်း၊ ဘတ်မင်န်း၊ မျောက်မင်းဝူခုန်း စသော စသော စူပါဟီးရိုးတွေ။ ကျွန်တော်တို့ သိပ်ကြိုက် ခဲ့ကြသည်။ ၀ါးလုံးကလေးကို အချောသပ်၊ တိုအောင်ဖြတ်ပြီး ၀ူခုန်းကြိမ်လုံး လုပ်ကြသည်။
မျက်နှာသုတ်ပ၀ါကိုယူ၊ ကျောမှာချည်ပြီး စူပါမင်းန် လုပ်ကြသည်။ အကုန်လုံး ၀ူခုန်း၊ အကုန်လုံး စူပါမင်းန် ဖြစ်သည်။ မှတ်မိ သလောက်ကတော့ ပါကျဲ လုပ်ချင်သည့်သူက အတော်ရှားသား။ နောက်ပိုင်းမှာ ပါဝါရိန်းဂျားလို အဖွဲ့လိုက်ပါသော သူရဲကောင်းတွေ ပေါ်လာတော့ နည်းနည်း အဆင်ပြေသည်။ အနီကောင်၊ အစိမ်းကောင်၊ အ၀ါကောင် ခွဲလုပ်ရသည်။ ဒါတောင် အနီကောင် လုပ်ချင်သည့်သူက များသည်။ သူက ခေါင်းဆောင်ဖြစ်သည် မဟုတ်ပါလား။ (တစ်ချို့ ဇာတ်လမ်းတွေမှာတော့ ပါဝါရိန်းဂျားက ခြောက်ယောက် ရှိပြီး အဖြူကောင်ပါ ပါလာသည်။ သူက ဟိုငါးယောက်စာလောက် စွမ်းတော့ အဖြူကောင်ပါလျှင် အားလုံးက အဖြူကောင် ဖြစ်ချင်ကြပြန်သည်) သူရဲကောင်းလုပ်တမ်း ကစားခဲ့ဖူးသည်။ ကမ္ဘာကြီးကို ကယ်တင်သော ဇာတ်လိုက်ကျော်ကြီးတွေ ကျွန်တော်တို့ ကလေးဘ၀ အိပ်မက်ထဲမှာ ရှိခဲ့သည်။
စာလေးဘာလေး တူတူတန်တန် ဖတ်လာတော့လည်း သူရဲကောင်း ဖြစ်ခဲ့သော ခေါင်းဆောင်တွေကို ကျွန်တော်တို့ အားကျကြသည်။ ကြည်ညိုကြသည်။ ထို့ထက်ပိုလျှင် သူတို့လို ဖြစ်လိုကြသည်။ ဗိုလ်ချုပ် အောင်ဆန်းမှ စပြီး ဂန္ဒီ၊ လင်ကွန်း၊ အလက်ဇန်းဒါး၊ ဒီကနေ့ခေတ် အိုဘားမား အထိ ဖြစ်သည်။ ယခု ကာလမှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရေးထားသည့် စာအုပ်တွေ အရမ်း ရောင်းကောင်းလှသည်။ ခေါင်းဆောင်မှု၊ အုပ်ချုပ်မှု အကြောင်း ရေးထားတာတွေ ဖတ်ကြသည်။ အဓိကက လူငယ်တွေ ဖြစ်သည်။ ကျွန်တော်တို့ အပါအ၀င် ဖြစ်သည်။ ကျွန်တော်တို့တွေ အားကျကြသည်။ သူတို့လို ဖြစ်လိုကြသည်။ သူတို့လို ခေါင်းဆောင်မျိုးကို တောင့်တကြသည်။ အနာဂတ်အတွက် ကောင်းသည့်လက္ခဏာ ဖြစ်သည်။
တစ်ခုတော့ရှိသည်။လက်တွေ့ဘ၀မှာ ကျွန်တော်တို့အားလုံး ခေါင်းဆောင်လုပ်လို့မရ။ ကြည်ညိုရုံ ကြည်နေရုံနဲ့လည်း မရ။ ခေါင်းဆောင်ဖြစ်ဖို့ အတွက် အနည်းဆုံး နောက်လိုက် တစ်ယောက်တော့ ရှိဖို့ လိုသည်။ ခေါင်းဆောင်မှုသည် နယ်ပယ် အသီးသီးမှာ အဆင့်လိုက် ရှိနေသည်။ ကျွန်တော်က ဒီလူတွေကို ခေါင်းဆောင်ရပေမဲ့ ကျွန်တော့်အထက်မှာ ကျွန်တော်တို့ကို ပြန်ပြီး ခေါင်းဆောင်သူတွေ အဆင့်ဆင့် ရှိနေနိုင်သည်။ နယ်ပယ်စုံမှာ ဖြစ်သည်။ တစ်ခါတစ်ရံ ကျတော့ ကျွန်တော်တို့ နောက်လိုက် လုပ်ဖို့ လိုလာသည်။ ခေါင်းဆောင် ဖြစ်ချင်တာလား၊ ဖြစ်စေချင်တာကို ဖြစ်သွားစေချင်တာလား ဆိုတာကို စဉ်းစားရသည့် အခါမျိုးတွေ ရှိလာသည်။
တကယ်တမ်းကျတော့ နောက်လိုက်တို့၏ အစွမ်းအစကို လျော့တွက်မိကြခြင်း ဖြစ်သည်။ ကမ္ဘာပေါ် မှာတောင် နောက်လိုက်မှုနှင့် ပတ်သက်ပြီး ရေးထားသော စာအုပ်က များများစားစား မရှိလှ။ သိပ်မရှိတာက ဖတ်မဲ့သူ မရှိလို့လည်း ဖြစ်သည်။ ခေါင်းဆောင်မှုကို သရုပ်ခွဲသလောက် နောက်လိုက်မှုကို ကျတော့ သရုပ်ခွဲပြတာက နည်းလှသည်။
လွတ်လပ်သော ခွဲခြမ်းစိတ်ဖြာတတ်သော အတွေးအခေါ်၊ မှီခိုတတ်သော ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်း မရှိသော အတွေးအခေါ် ဆိုသော ပုံစံနှစ်မျိုးကို တက်ကြွသော မတက်ကြွသော ဆိုသော ပုံစံနှစ်မျိုးကို တွဲလိုက်သော အခါ လေးမျိုး ရလာသည်။ ဒါက ရောဘတ်ကယ်လီ၏ပုံစံ ဖြစ်သည်။ လွတ်လပ်သော ခွဲခြမ်း စိတ်ဖြာတတ်သော ဆိုသော နာမ၀ိသေသနနှင့် တက်ကြွသောကို ပေါင်းလိုက်လျှင် စံနမူနာပြ နောက်လိုက်ကောင်း ဟူ၍ ဖြစ်လာသည်။
မှီခိုတတ်သောနှင့် တက်ကြွသောကို ပေါင်းလိုက်လျှင်လည်း ခိုင်းသည့် အတိုင်း လုပ်တတ်သော သစ္စာရှိ နောက်လိုက်ကောင်း ဖြစ်လာသည်။ မတက်ကြွသော ဆိုသော နာမ၀ိသေသနနှင့် လွတ်လပ်သော အမြင်ကိုပဲ ပေါင်းလျှင်လည်း ဘေးလူလို ဖြစ်သွားသည်။ မှီခို တတ်ရသည့်အထဲ မတက်ကြွလျှင်တော့ ခပ်ညံ့ညံ့ပဲ ဖြစ်သွားနိုင်သည်။ ဒီလေးမျိုးစလုံး ဖြစ်သွားနိုင်သော လက်တွေ့ ပဓာန ၀ါဒီများလည်း ရှိသည်။ ရောဘတ်ကယ်လီ၏ ပုံစံ အရ ဖြစ်ပါသည်။ သူ့ပုံစံက နားလည်ဖို့ နည်းနည်းရှုပ်သည်။
ဒီဆောင်းပါး ဖြစ်လာစေသည့် မူရင်းစာအုပ်ကို ရေးသူ ဘာဘရာကဲလားမင်းန် ကတော့ ငါးမျိုး ခွဲပြသည်။ တစ်သီးတခြား ဘေးထွက် ထိုင်နေသူများ(Isolates)၊ မပါဝင်ဘဲဘေးမှ ရပ်ကြည့်သူများ (Bystanders)၊ ပါဝင်သူများ (Participants)၊ တက်ကြွ လှုပ်ရှားသူများ(Activist)၊ ယုံကြည်မှုအရ အဆုံးစွန် စွန့်လွှတ် ရဲသူများ (Diehard) ဟူ၍ ဖြစ်သည်။ ဘယ်လို လူမျိုးတွေက သက်ဆိုင်ရာ လူ့အဖွဲ့အစည်း အတွက် သင့်တော်မည် ဆိုသည်ကတော့ ရှင်းပြစရာ မလိုဟု ထင်သည်။
ပြဿနာက ကျွန်တော်တို့သည် မလုပ်ချင်ဘဲ နောက်လိုက် ဖြစ်လာရသော အခါမှာ ဘေးထွက် ထိုင်ဖို့၊ ရပ်ကြည့်နေဖို့ ရွေးတတ်သည်က များနေသည့် ကိစ္စ ဖြစ်သည်။ သည့်အတွက်ကလည်း အကြောင်း ပြချက်တွေက ခိုင်ခိုင်လုံလုံ ရှိနေတတ်သည်။ နောက်က လိုက်လျှင်လည်း မျက်စိမှိတ်ပြီး လိုက်တတ်ကြသည့် ပြဿနာ ဖြစ်သည်။
နောက်လိုက် မလုပ်ချင်ကြသူများ၏ အကြောင်းကို စပြောရလျှင် ပထမတစ်မျိုးက ငါပါလည်း မထူးပါဘူး။ ဖြစ်လာမှ မဟုတ်တာ ဆိုသော သူမျိုး ဖြစ်သည်။ အစက တို့မပြောဘူးလား ဆိုပြီး ဖြစ်မလာမှု အပေါ် ကျေနပ် တတ်ကြသည်။ မရေရာသော လောကကြီးဝယ် လုပ်မကြည့်ဘဲနှင့် မဖြစ်နိုင်ဟု ဘယ်လိုမှ ပြော၍ မရ။
ငါတတ်ထားသော ပညာတွေနဲ့ ငါ့လောက် မတတ်သူဆီမှာ နောက်လိုက် မလုပ်နိုင် ဆိုသော အတွေးအခေါ် မျိုးကလည်း ရှိသည်။ မှန်ပါသည်။ ကိုယ်ကိုယ်တိုင် ဖြစ်စေချင်တာလည်း မဟုတ်ရင်တော့ ကိုယ့်လောက်မှ မတတ်သူထံမှာ ဘာအကြောင်းနဲ့မှ နောက်လိုက် လုပ်စရာမလို။ သို့ပေမဲ့ ရင်ခုန်သံချင်း တူရင်တော့ လက်တွဲဖို့ လိုကောင်းလိုနိုင်သည်။ကိုယ်တတ်ထားတာ ဘာလဲ ဆိုတာလဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုသည်။ ဒီလူတွေ အသုံးမှ မကျတာ၊ ငါသာ ဆိုရင်တော့ဟု ပြောဖို့က လွယ်ပါသည်။ သူတို့ ပြောသလို အသုံးမကျသည် ဆိုခြင်းကလည်း မှန်သည့်အခါ မှန်ပါသည်။
''ကျွန်တော် ၀င်ပါမယ်။ ထိပ်တန်း တစ်နေရာရဖို့ ကျွန်တော့်မှာ ထိုက်တန်တယ်'' ဆိုတာ မျိုးကလည်း အပြောနှင့် လုပ်လို့မရ။ တရုတ် သိုင်းကားတွေ၊ သိုင်းဝတ္ထုတွေထဲကလို ချောက်ထဲကျ၊ သိုင်းကျမ်းကြီး ရပြီး လူဆိုးတွေကို တစ်ယောက်တည်း ချမယ် ဆိုသော စိတ်ကူးမျိုး ဖြစ်သည်။ အောက်ခံ ဘောင်းဘီ အပြင် ထုတ်ဝတ်ပြီး ကိုယ့်ကိုယ်ကိုယ် စူပါမင်း ထင်နေကြသူမျိုး ဖြစ်သည်။
နောက်တစ်မျိုးက နောက်လိုက်ကောင်းပင် ဖြစ်သော်လည်း အလုပ်မဖြစ်နိုင်သည့် ပြဿနာ ဖြစ်သည်။ အထက်က ညွှန်ကြားချက်ကို စောင့်သည်။ သစ္စာရှိသည်။ သို့ပေမဲ့ အဖြေထွက်ရေးသည် ကိုယ့်ကိစ္စ မဟုတ်ဟု ခံယူထားသည်။ ဟိုတလောက ကျွန်တော့်အဖေ ပြောဖူးသည်။ သူ့သူငယ်ချင်း အသက် ၆၀ နီးပါး ရှိပြီ။ ကိစ္စတစ်ခု ဖြစ်လာတော့ အဖေက စိတ်ဝင်စားလို့ ဖုန်းဆက်မေးသည်။ ''အဲဒါ လူကြီးတွေ လုပ်နေတယ်၊ ငါတော့ မသိသေးဘူး''လို့ သူပြန်ဖြေတော့ အဖေက ''မင်း ဒီလောက် အသက်ကြီးတာတောင် လူကြီး မဟုတ်သေးဘူးလား''ဟု ပြန်မေးခဲ့ရသည့် အကြောင်း အားမလို အားမရ ပြောပြဖူးသည်။
ဘေးထွက်ထိုင်ပြီး ဘုပြောသည့် လူတန်းစားနှင့် လူဦးရေ မတိမ်းမယိမ်း ရှိသည်က နောက်တစ်မျိုး ရှိသေးသည်။ ငယ်စဉ်ကတည်းက မည်သည့် အချိန်တွင် လက်ညှိုး ထောင်ရမည်ကို ကောင်းစွာ သိရှိပြီး ကြီးပြင်း လာသောအခါ ခေါင်းကို လျင်မြန်စွာ ညိတ်တတ်လာသော လက်ခုပ်တီးရာတွင် ကျွမ်းကျင် လိမ္မာသည့် နောက်လိုက်များ ဖြစ်သည်။
ခေါင်းဆောင်မလုပ်ဘဲ နောက်လိုက်လုပ်ဖို့ပဲ ပြောနေခြင်းဟုတော့ မထင်စေလိုပါ။ အမေရိကန် သမ္မတ စနစ်နှင့် ခေါင်းဆောင်မှု အကြောင်း ဖတ်ဖူးသော စာအုပ်တစ်အုပ် ရှိသည်။ ဆစ်ဒနီမီလ်ကစ်၏ The American Presidency: Origins and Development, 1776-1993 ဆိုသော စာအုပ် ဖြစ်သည်။ ၁၇၈၇ ခုနှစ်တုန်းက အမေရိကန်တို့၏ နိုင်ငံသစ် တစ်ခုကို မွေးဖွားရေး ကြိုးပမ်းမှု အကြောင်း ဒီအထဲမှာ ဖတ်ရသည်။ အဲဒီတုန်းက ခေါင်းဆောင် လုပ်နိုင်သူတွေက များလှသည်။ ပြည်နယ် အသီးသီးမှ တက်လာသော ခေါင်းဆောင်တွေ အားလုံးသည် အမေရိကသစ်ကို ဦးဆောင် နိုင်ကြသူတွေချည်း ဖြစ်သည်။ အသက်အကြီးဆုံး ဘင်ဂျင်မင်ဖရင်ကလင် (၈၁ နှစ်)က လွဲပြီး အားလုံး လူရွယ်တွေ၊ လူငယ်တွေက များသည်။ ဒီအထဲမှ ထင်ရှားသည်က ဗြိတိသျှ တို့ကို တွန်းလှန်ခဲ့ရာတွင် ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ၀ါရှင်တန် ဖြစ်သည်။ သူ့ကို လူပိုသိသည်။ ဒါကြောင့်ပဲ သူ့ကို ပထမဆုံး သမ္မတ အဖြစ် ရွေးကောက် လိုက်ကြသည်။ သမိုင်းတွင်မည့် အခွင့်အရေးကို ၀ါရှင်တန်ကို ပေးလိုက်ကြသည်။ သမိုင်းအတွက် အရေးကြီးသော ကာလတွင် ခေါင်းဆောင်နေရာ လုခြင်းဖြင့် အချိန် မဖြုန်းဘဲ၊ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး မဖောက်ဘဲ ပိုသင့်တော်သူကို ခေါင်းဆောင်နေရာ ပေးခဲ့ကြသည်။
နိုင်ငံရေး၊ သိပ္ပံ၊ ဂီတစွယ်စုံရ သုခမိန် ဖြစ်သော ဘင်ဂျမင်ဖရင်ကလင်လို ပုဂ္ဂိုလ်ကြီးမျိုး ပါသည်။ အမေရိကန် အခြေခံ ဥပဒေ၏ ဖခင်ကြီး၏ သမိုင်းမှတ်တမ်း တင်ခံရမည့် ဂျိမ်းစ်မက်ဒီဆင်လည်း ပါသည်။ လူတော်တွေ များလှသည်။ ထိုစဉ်က အငယ်ဆုံး ကိုယ်စားလှယ်က ၂၆ နှစ် ဖြစ်သည်။ အခြားအခြားသော ခေါင်းဆောင်နိုင်စွမ်း ရှိသူတွေလည်း အမေရိကသစ်ကို တည်ထောင်မည့် စုဝေးမှုမှာ ပါခဲ့ကြသည်။ ၀ါရှင်တန် နှစ်ကြိမ် သမ္မတ လုပ်ပြီး ဆင်းပေးသည့်နောက် အဲဒီတုန်းက လွတ်လပ်ရေး တိုက်ပွဲမှာ ပါခဲ့ကြသည့် ခေါင်းဆောင်တွေ တစ်ယောက်ပြီး တစ်ယောက် သမ္မတ ဖြစ်လာကြသည်။ ဂျွန်အဒမ်၊ သောမတ်စ်ဂျက်ဖာဆင်၊ ဂျိမ်းစ်မက်ဒီဆင်၊ ဂျိမ်းစ်မွန်ရိုး။ ဒီအချိန်တွင်တော့ အချင်းချင်း ပြိုင်ကြရသည် ဆိုတာ ရှိလာခဲ့သည်။
ခေါင်းဆောင်ဖြစ်နိုင်စွမ်း ရှိသူတို့သည် တစ်ချိန်တွင် ခေါင်းဆောင် ဖြစ်လာ နိုင်ပါသည်။ ခေါင်းဆောင်ကောင်း တို့သည် နောက်လိုက်ကောင်းလည်း ဖြစ်ဖူးသည်ကို မေ့မထားရန် လိုပါသည်။
သင်္ချာပုစ္ဆာတစ်ပုဒ်လိုပဲ မသိကိန်းကို ရှာရာမှာ ညီမျှခြင်းချဖို့ လိုပါသည်။ တူရာတွေကိုတွဲဖို့ လိုပါသည်။ ညီမျှခြင်း ဟိုဘက်ဒီဘက် ချေသင့်တာတွေ ချေရပါမည်။ သို့မှသာ မသိကိန်း အဖြေထွက်မည် ဖြစ်ပါသည်။ ဘ၀များနှင့် ဆိုင်သော ပုစ္ဆာ တို့ကို အဖြေထုတ်ရာမှာလည်း ဒီလိုပဲ ဖြစ်သည်။ အဖြေ ထုတ်ရာမှာ ခေါင်းဆောင် အနေဖြင့် ပါဝင်ခွင့် ရချင်မှ ရပါလိမ့်မည်။ သို့ပေမဲ့ နောက်လိုက်လုပ်ခွင့် ဆိုသည်ကတော့ ရှိနေပါသည်။ နောက်လိုက်တို့သည် အပြောင်းအလဲ၏ တမန်များ ဖြစ်သည် ဆိုခြင်းကိုတော့ မေ့လျော့မထားဖို့ လိုပါလိမ့်မည်။ နောက်လိုက်တို့သည် ခေါင်းဆောင် တို့ကို စေ့ဆော်ပြီး အပြောင်းအလဲကို ဖန်တီးနိုင်သည် ဆိုခြင်းကို ယုံကြည်မှုရှိရန် လိုပါသည်။
ကျွန်တော်လည်း ဂျိမ်းစ်မက်ဒီဆင်ကို အားကျပါသည်။ သူ့လို ဖြစ်လိုလှပါသည်။ အခုနေ အခါမှာတော့ နောက်လိုက်ကောင်း ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ပါသည်။
(စာကြွင်း။ ဆရာမြသန်းတင့်က အင်ဒရေမော်ရွိုင်း၏ The Art of Living ကို ဘ၀နေနည်း အနုပညာဟု ပြန်သည်ကို နှစ်သက်သောကြောင့် နောက်လိုက်မှုကို အတတ်ပညာဟု မယူဘဲ အနုပညာဟု ယူပါသည်)
Ref: EMG News
Tuesday, August 30, 2011
နောက်လိုက်မှု အနုပညာ
Ref: Follwership: How Followers are Creating Change and Changing Leaders by Barbara Kellerman
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment