September 1, 2011
နေသွင်
လယ်ယာ မြေ နိုင်ငံပိုင်ပြုရေး အပါအဝင် လယ်သမားဆိုင်ရာ ဥပဒေ ၃ ခုကို ဖျက်သိမ်းပြီး ဥပဒေသစ်နှင့် အစားထိုးနိုင်ရေး လွှတ်တော်မှာ သဘောတူလိုက်ပါတယ်။
ဖျက်သိမ်းဖွယ်ရှိတဲ့ ဥပဒေ အဟောင်း ၃ ခု ကတော့ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ၊ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေတို့ ပါဝင်ပါတယ်။
မြေယာဥပဒေကို ပြုပြင်ဖို့ အတန်ကြာကတည်းက တိုက်တွန်းနေတဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးနေမျိုးဝေက လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး၊ အစားထိုးမယ့် ဥပဒေနဲ့ ပတ်သက်လို့လည်း အခုလို ပြောပါတယ်။
“ဖြစ်သင့်တာက တော့ ဒီ နိုင်ငံပိုင်စနစ်ကတော့ ပျောက်မှာ မဟုတ်သေးဘူး။ ဒီ လုပ်ကိုင်ခွင့်ကို ငှားရမ်းရောင်းချ ပေါင်နှံခွင့်တော့ ရကောင်း ရနိုင်တယ်။ ကမ္ဘာမှာ ရှိတဲ့ မြေပိုင်ဆိုင်မှု၊ မြေအသုံးချမှုတွေ ၃ မျိုးလောက် ရှိတယ်။ တခုက ပုဂ္ဂလိက အပြတ်ပိုင်တာ၊ အမေရိကန်လိုမျိုး၊ ရောင်းချလို့ရတယ် လွတ်လွတ်လပ်လပ်ပေါ့။ နောက်တဆင့်က ဂရမ်ချထားပေးပြီးတော့ မြေသုံးဆွဲမှု အပေါ်မှာ အဲဒီ အခွင့်အလမ်းကို ရောင်းတာ၊ ငှားတာ လုပ်လို့ရတယ်။ နောက်တဆင့်က နိုင်ငံတော်က လုံးဝပိုင်တာ၊ လုံးဝပိုင်တာဆိုတာ အဲဒီ အခွင့်အလမ်းကိုလည်း ရောင်းလို့ ငှားလို့ မရဘူး။
“ကျနော် နိုင်ငံရဲ့အဆင့်က ဒုတိယအဆင့် ရအောင်ပဲ ကြိုးစားသင့်တယ်။ ဖွဲ့စည်းပုံမှာကနိုင်ငံတော်ရဲ့ ရေထု၊ မြေထု၊ လေထုကို နိုင်ငံတော် ပိုင်တယ်ဆိုတော့ အမေရိကန် အဆင့်မျိုးကိုကြိုးစားမယ်ဆိုရင် ဖွဲ့စည်းပုံကို အရင်ပြင်ပြီးမှ ကြိုးစားရမယ့် သဘောရှိတယ်။ အခု လွှတ်တော်က ဖွဲ့စည်းပုံနဲ့အညီလုပ်တဲ့ လွှတ်တော် ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံနဲ့ ဘောင်ဝင်တဲ့ ဟာမျိုးဆိုရင် ရနိုင်ပါတယ်။”
မြေယာဥပဒေ တွေအရ လယ်လုပ်သူ လယ်ပိုင်ခွင့် မရှိတာကြောင့် လယ်သမားတွေက သူတို့ရဲ့ မြေယာအပေါ်မှာ မက်လုံးမရှိတာ၊ အရင်းအနှီးအဖြစ် အသုံးမချနိုင်တာ၊ အစိုးရနဲ့ ကုမ္ပဏီတွေက သိမ်းရင် အချိန်မရွေး ခံရတာ စတာတွေကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးမှာ အဟန့်အတားဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
မနေ့တုန်းက လွှတ်တော်အစည်းအဝေးမှာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ ရဲ့ကိုယ်စားလှယ် ဦးသိန်းဝင်း တင်သွင်းခဲ့တဲ့ အဆိုမှာ ဥပဒေဟောင်းကို ဖျက်သိမ်းပြီး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် မဆုံးရှုံးစေရေး၊ လုံခြုံမှု အပြည့်အဝ ပေးနိုင်ရေး၊ သီးနှံတွေကို ဈေးနှိမ်မခံရရေးဆိုတဲ့ အချက်တွေ ပါဝင်တဲ့ ဥပဒေ
သစ်နဲ့ အစားထိုးဖို့ ပါဝင်ပါတယ်။
Ref: အာရ်အဖ်အေ
Friday, September 2, 2011
လယ်ယာမြေ နိုင်ငံပိုင်ပြုရေး ဥပဒေကို အစားထိုးရန် သဘောတူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment