ရဲဘော်ဖိုးသံချောင်း
သြဂုတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ်
ပြီးခဲ့တဲ့ ၁၇ရက်နေ့တုန်းက ကြံ့ဖွတ်သမ္မတဦး(ဗိုလ်)သိန်းစိန်က မဟာမိန့်ခွန်းကြီးတခု ချွေပြီးတဲ့နောက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းတယ်ဆိုတဲ့ ကြေညာချက်တခု ဆက်ထွက်လာပါတယ်။ သူတို့ဟာ သတင်းစာ ရှင်းလင်းပွဲ ဆိုတာတွေ တခြိမ်းခြိမ်းကျင်းပသလို ဒေါ်အောင်ဆန်းစုကြည်ကို ကြပ်ပြေး နေပြည်တော်ကို ခေါ်ဆွေးနွေးတာတွေလည်း လုပ်ပါတယ်။ မီဒီယာသမားတွေ အတွက်တော့ သတင်းစည်ဝေနေတဲ့ ကာလပေါ့။
ဦး(ဗိုလ်)သိန်းစိန်ရဲ့ မိန့်ခွန်းမှာပါတဲ့ ဗမာပြည်က ထွက်သွားသူတွေ ဗမာပြည်ကို ပြန်လာနိုင်ပါတယ် ဆိုတာရော၊ ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး နာမည်နဲ့ ထုတ်တဲ့ “ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း”ဆိုတာကို ရောပါ ဘယ်သူကမှ (လက်နက်ချချင်သူကလွဲရင်) အလေးအနက်ထားတာ၊ ယုံကြည်တာ မရှိပေမယ့် တက်ကာစ ကြံ့ဖွတ် အစိုးရဟာတယ်လဲ ခြေသွက်လှပါကလားလို့ ပြောစရာ ဖြစ်နေပါတယ်။ အခုကာလကို ဗမာပြည် နိုင်ငံရေး မှာ ကြံ့ဖွတ် အစိုးရသစ်က နိုင်ငံရေး ထိုးစစ်တွေဆင် စဆင်တဲ့ ကာလလို့ဆိုရင် ရမယ်ထင်ပါတယ်။
အစိုးရ “အသစ်” တရပ် ပေါ်ပေါက်လာလို့ လေးလလောက် ကာလပိုင်းအတွင်းမှာ ဒါလောက်များပြားတဲ့ ခြေလှမ်း တွေ၊ ဒါလောက် မျက်စေ့လည်စရာကောင်းတဲ့ ပရိယာယ်တွေကို တခုပြီးတခု အခုလို ဆက်တိုက် ဖော်ထုတ်လာတာ ကို တွေ့ရတော့ ဒါတွေဟာ ဒီအစိုးရ မပေါ်ပေါက်မီကထဲက စီမံကိန်းချ ပြင်ဆင်ထားတာလေလား၊ ဗိုလ်သန်းရွှေ တို့ရဲ့ ရွှေဉာဏ်တော်များလား၊ မစဉ်းစားပဲ မနေနိုင်ပါဘူး။ တစက်ကလေးမှ သတင်းမပေါက်ပဲ ခြေလှမ်းတမျိုးပြီး တမျိုး လုပ်လာတာတွေကို တွေ့တော့ နဝတ- နအဖခေတ်များက လုပ်နည်းတွေကိုလည်း သတိရစေပါတယ်။ တဆက်ထဲမှာပဲ တခြားဘာတွေ လုပ်လာဦးမှာလဲ၊ ဒီလို စီမံ ပြင်ဆင်ပြီးတာတွေ ရှိနေတော့ အခုလုပ်နေတဲ့ အလုပ်ရုံတို့၊ ရှင်းလင်းပွဲတို့မှာ ပြောကြတဲ့ အစိုးရ မဟုတ်သူတွေရဲ့ အမြင်တွေကို ဘယ်လောက်အထိ လက်ခံ စဉ်းစားမှာလဲဆိုတာ တွေးတောစရာ ဖြစ်လာပါတယ်။
ဒီနေရာမှာ နဝတ-နအဖတို့နဲ့ ဒီနေ့ကြံ့ဖွတ်အစိုးရတို့အကြား မတူညီတာ တချို့ကို ထောက်ပြဖို့ လိုတယ်ထင်ပါတယ်။ နဝတ -နအဖစစ်အစိုးရတွေ အာဏာယူထားတဲ့ အချိန်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အရှိန်က ရှိနေပါတယ်။ ပြည်တွင်းပြည်ပ အနေနေရာရာမှာ အပြတ်ဆန့်ကျင်တာ ခံနေရပါတယ်။ သူတို့ကိုယ်တိုင်က အာဏာသိမ်းအစိုးရ ဖြစ်နေပါတယ်။ သူတို့အဖို့ ပြဿနာရယ်လို့ ပေါ်လာရင် အချိန်ဆွဲ မနေနိုင်ပါဘူး။ ကြမ်းတန် ကြမ်း၊ ရမ်းတန်ရမ်း၊ ချက်ချင်း လက်ငင်း အရေးယူရပါတယ်၊ ကိုယ့်အရိပ်ကိုယ်တောင် လန့်နေရတာမို့ (ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်အပါ အဲဒီကာလအတွင်း သူတို့အချင်းချင်း အရေးယူခဲ့ ရတာတွေ နည်းသမို့လား) အခု(ဦး)ဗိုလ်သိန်းစိန် အစိုးရ လုပ်သလို သဏ္ဌာန်အရ ဟန်ပြတွေကိုတောင် မလုပ်ဝံ့ပါဘူး။
ဒီကြံ့ဖွတ် အစိုးရကျတော့ သူတို့က အာဏာသိမ်း အစိုးရ မဟုတ်ဘူးလို့ ပြောလို့ ရသလို ဖြစ်နေပါတယ်။ နောက်ပြီး အနောက် နိုင်ငံတွေဘက်ဆီကလည်း မျက်ရိပ်ပြသူကပြ ဖြစ်နေပါတယ်။ ဗမာပြည်က ၁၉၈၈ ခုနှစ် အရေးတော်ပုံ နောက်ပိုင်း စစ်အစိုးရ တွေအဖို့ ဒီနေ့ဟာ အနောက်နိုင်ငံတွေနဲ့ အနီးစပ်ဆုံး အခြေအနေလို့ ပြောရင် ရပါတယ်။ ဒါ့အပြင် အာဆီယံဥက္ကဋ္ဌ နေရာလို မက်လုံးတွေကလည်း ရှိနေတော့ ကြံ့ဖွတ် အစိုးရအနေနဲ့ ဘာမှ မရလည်း အရင်းမို့ စွန့်စားရ ကျိုးနပ် သလို ဖြစ်နေပြီး အခုဒီ ကိစ္စတွေကို လုပ်တော့တာ ဖြစ်ပါတယ်။
ဒါဖြင့် ဒီသတ္တိတွေကို သူတို့ ဘယ်ကရနေတာလဲ။ အင်မတန် ရှင်းပါတယ်။ သူတို့နောက်မှာ စစ်တပ် ရှိနေတယ်၊ စစ်တပ်ဟာ သူတို့ရဲ့ စစ်တပ်ပဲ။ စစ်တပ်နဲ့ သူတို့ဟာ တသားတည်းရှိနေတယ် ဆိုတဲ့ အာမခံချက် ရှိနေတာက တကြောင်း ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာကြီးကလည်း အာမခံချက် ပေးထားတယ်ဆိုတဲ့ အကြောင်း
တွေကြောင့် ဖြစ်ပါတယ်။ သူတို့ ဒီနေ့လှမ်းနေတဲ့ ခြေလှမ်း မှန်သမျှကို ဒီ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင်ထဲ က ထွက် မသွားအောင်လှမ်းနေတာချည့် ဖြစ်တယ် ဆိုတာကို သတိထားသင့်ပါတယ်။ နောက်တချက်က သူတို့ အနေနဲ့ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းနဲ့ ဆက်ဆံဆက်ဆံ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ ဘောင်ထဲကို ဆွဲသွင်းဖို့ လုပ်နေတယ် ဆိုတာ ဖြစ်ပါတယ်။ လက်နက် ကိုင် အင်အားစုတွေနဲ့ စကားပြောရင်တောင် ဒီဘောင်ထဲကို အတင်းဆွဲသွင်း ပြောနေတာကို သတိထားမိကြမှာပါ။ (ဦး) ဗိုလ် သိန်းစိန်- ကြံ့ဖွတ် အစိုးရရဲ့ဒီမိုကရေစီဆိုတာ ဒီဘောင်ထဲမှာပဲဖြစ်ပါတယ်။
ဒီတော့ သူတို့အနေနဲ့ အခုအခါမှာ ဒီဘောင်ထဲမှာ အပျော့ဆွဲဆွဲတာ၊ ကြောင်ချေးလို ပြောတာတွေ လုပ်နိုင်နေပါ တယ်။ တချို့ ကိစ္စတွေမှာဆိုရင် သူတို့အဖို့ အချိန်ဆွဲနိုင်လေ၊ အပျော့ဆွဲနိုင်လေ အကျိုးရှိတာတွေတောင် တွေ့လာရ ပါတယ်။ တပါထဲမှာ သူတို့နဲ့ မတူတဲ့ နိုင်ငံရေး အင်အားစုတွေကို ထန်းလျက်လုံး ခွေးလျက်သလို လုံးပါးပါးသွား အောင်လည်း လုပ်နေပါတယ်။ ခြိမ်းခြောက်တဲ့ အချိန်မှာ ခြိမ်းခြောက်လိုက်၊ အကြိုက်ပြတဲ့ အချိန်မှာ အကြိုက်ပြ လိုက်၊ သူတို့စိတ်ကြိုက် ကစားလို့ ရသလို ဖြစ်နေပါတယ်။
ဒီနေရာမှာ တချို့က ‘ဒင်းတို့ ဒီလို မလုပ်လဲ မရဘူးလား’ လို့ မေးကောင်းမေးပါတယ်။ မရဘူး မဟုတ်ပါဘူး။ အာဏာ ကို ထိန်းထားရုံကတော့ ရပါတယ်။ ဒါပေမဲ့ ပြဿနာက သူတို့ရဲ့ အရင်းအနှီးတွေပါ။ ကနေ့ ဗမာပြည်က စစ်အာဏာရှင်တွေကို ကြည့်ရင် သေနတ်ကိုင်ထားတဲ့ လူဆိုးတွေပဲလို့မြင်ရင် အကုန် မမြင်နိုင်သေးဘူးလို့ ပြောရပါမယ်။ သူတို့ရဲ့လက်ထဲမှာ သေနတ် သာ ရှိတာ မဟုတ်ပါဘူး။ ဓနတွေလည်း အများကြီး ရှိနေပါတယ်။ ဓနဆိုတာ မပြတ်ပွားနေဖို့ လိုတာပါ။ အဲဒီလို တိုးပွားရေးနဲ့ နဂိုသူတို့ရဲ့အာဏာယန္တရားဟာ ပဋိပက္ခ ဖြစ်လာနေ ပါတယ်။ ဒါကို သူတို့ထဲက လူတွေက မကျေနပ်တာတွေ များသထက် များလာနေပါတယ်။ သူတို့ချင်း တောင်ကျရေ နွားနှစ်ကောင် မဝသလို ဖြစ်တာတွေ များသထက် များလာနေတော့ ပြည်ပကို တံခါးဖွင့်ဖို့ ကြိုးစားပမ်းစား လုပ်ရပါတော့တယ်။
ဒီလိုလုပ်တဲ့ အတွက် သူတို့မှာ အန္တရာယ် မရှိဘူးလားဆိုတော့ ရှိသလောက် ရှိတာပဲလို့ ပြောရမှာပါ။ ဒါပေမဲ့ သူတို့မှာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာရဲ့ အာမခံချက်က ရှိနေပါတယ်။ အထူးသဖြင့် ဒီဖွဲ့စည်းပုံ ဥပဒေ “ အခန်း၁၁- အရေးပေါ် ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များ”မှာ ပါတဲ့ ဒီစာပိုဒ်ပါ- ၄၁၈(က) “နိုင်ငံတော် သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန် ပြန်လည် ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုနိုင်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံ တော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်” ဆိုတဲ့ အာဏာသိမ်းခွင့် လိုင်စင် ပေးထားတဲ့ အချက်ပါပဲ။
Ref: မဇ္ဈိမ
Tuesday, August 30, 2011
အာမခံချက်ရှိလို့ ဒီခြေလှမ်းတွေ လှမ်းနေတာ ဖြစ်တယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment