Thursday, September 15, 2011

မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်း စာများ ဗကသဖြန့်ဝေဟုဆို

ထွန်းထွန်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝ ဖျက်သွားစေရမည်ဟု ဆိုကာ ကန့်ကွက်ကြောင်း လှုံဆော် အသိပေးသော စာများ ကပ်ဝေမှုကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်-ဗကသ ကပြောသည်။

ရန်ကုန်မြို့ လူစည်ကားရာ နေရာများဖြစ်သည့် ဆူးလေ၊ မြေနီကုန်းနှင့် ရွှေဂုံတိုင်တို့ရှိ ကားမှတ်တိုင်များ၊ လိုင်းကား များပေါ်၌ Save the Irrawaddy စာတန်းများကို စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ လိုက်လံ ကပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဗိုလ်ချုပ်ခေတ်တုန်းက လွတ်လပ်ရေး ယူတဲ့အချိန်မှာ လူထုလူတန်းစားအလွှာ အသီးသီးက၊ တိုင်းရင်းသား တွေကော အကုန်လုံးက ကျန်တဲ့နေရာမှာ သဘောထား ကွဲလွဲချင် ကွဲလွဲမယ်။ လွတ်လပ်ရေး ဆိုတဲ့ နေရာမှာ သဘောထား မကွဲလွဲသလိုပဲ ကျနော်တို့ ဒီခေတ် အခြေအနေမှာလည်း ကျနော်တို့ အစုအဖွဲ့တွေ အကုန်လုံးက ဘယ်နေရာမှာပဲ ဘယ်လို သဘောထား ကွဲလွဲနေပစေ ဧရာဝတီဆိုတဲ့ ကိစ္စမှာတော့ တသက်မှတ်တည်း၊ တသဘောတည်း ရှိတယ်။ ဒီ မြစ်ဆုံ Dam ကို လုံးဝ ဖျက်စေမယ်” ဟု ဗကသ ပြောခွင့်ရ ကိုမင်းဆွေသစ်က မဇ္ဈိမကို ပြောသည်။

ဆည်စီမံကိန်းများ ရပ်တန့်ရေးအတွက် ယခုကဲ့သို့ စာတမ်းကပ်ခြင်းအပြင် “Save the Irrawadd” တီရှပ်များ ဝတ်၍ ဆည် စီမံကိန်းကြောင့် ထိခိုက် နစ်နာမှုများ ဖော်ပြထားမည့် ပန်းဖလက်ခ်ျ ကိုလည်း လိုက်လံ ဝေငှ သွားရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

တချိန်တည်းမှာပင် လူအများအကြား ဝေဖန် ကန့်ကွက်သံ ညံနေသော်လည်း လွှတ်တော်တွင်း မြစ်ဆုံ ရေကာတာ စီမံကိန်း အပေါ် ဆွေးနွေးမှု အားနည်း နေသည်ဟုလည်း ဗကသက ဝေဖန်သည်။

“ ကျနော်က လွှတ်တော်ကို အားမကိုးဘူး။ တခုပဲ ရှိတယ်။ ဥပဒေဘောင်ထဲက လော်ဘီလုပ်ဖို့ အတွက်ကိုပဲ ပြောသင့်ရင် ပြောပေးသင့်တယ်” ဟု ကိုမင်းဆွေသစ်က ပြောဆိုသည်။

လျှပ်စစ်စွမ်းအား အမှတ် (၁) ဝန်ကြီး ဦးဇော်မင်းက လွန်ခဲ့သည့် တနင်္ဂနွေနေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဆည်စီမံကိန်း ဝေဖန် ကန့်ကွက်မှုများကို ဧရာဝတီ ရောဂါဆန်းများဟု ခေါ်ဆိုလိုက်ရင်း လူတစုက သဘာဝ ပတ်ဝန်းကျင် အကြောင်းပြ၍ ပျက်ပြားအောင် လုပ်ဆောင်သော်လည်း အမျိုးသား အကျိုးစီးပွား အတွက် ဆက်လုပ် သွားမည်ဟု ပြောသည်။

မြစ်ဆုံဆည် စီမံကိန်းကို ၂ဝဝ၇ ခုနှစ်မှစ၍ စစ်အစိုရနှင့် နီးစပ်သည့် အေးရှားဝေါလ် ကုမ္ပဏီနှင့် တရုတ်နိုင်ငံ လျှပ်စစ် ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း - CPI တို့က တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်သည်။

စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရသည့် ရွာ ၆၃ ရွာနှင့် လူပေါင်း ၁၂ဝဝဝ ကျော် အတွက်လည်း ပြန်လည် နေရာချ ထားပေးရန် လိုအပ်နေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG မှထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့