January 5, 2012
မန်းစိုင်းမွန်
ကရင်အမျိုး သားအစည်းအရုံး (ကေအန်ယူ) နဲ့ မြန်မာအစိုးရ လုပ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စဟာ တဖက်နဲ့ တဖက် ရိုးသားပွင့်လင်းမှုအပေါ် အခြေခံပြီး သဘောထားမှန်ကန်ဖို့လိုကြောင်း ဒီကေဘီအေက ဇန်နဝါရီ ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန် ပြောဆိုလိုက်ပါ တယ်။
ကေအန်ယူက မြန်မာအစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ကိစ္စကို ပြည်တွင်းပြည်ပ လူထုတရပ်လုံးရဲ့အကြံဉာဏ်ကို တောင်းခံထားတာကြောင့် ဒီကေဘီအေအနေနဲ့ဝင်ရောက်ပါဝင် အကြံပေးတာလို့ဆိုပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ပြင်ဆင်နေကြချိန်မှာ ကေအန်ယူတပ်နဲ့ အစိုးရတပ်တွေ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတဲ့အပေါ် ရည်ညွှန်းပြီး နှစ်ဘက်စလုံး သဘောထားမှန်ဖို့ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က ထုတ်ပြန်တာလို့ ဆိုပါတယ်။
ဒီကေဘီအေရဲ့ အကြံပေးချက် ထုတ်ပြန်စာမှာ အစိုးရရဲ့ လုပ်ဟန် မရိုးသားဘူးလို့ပြောနေပေမယ့် ကေအန်ယူအနေနဲ့ မိမိလုပ်ဟန်ကရော ရိုးသားမှုရှိရဲ့လား ဆိုတာကိုလည်း မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ဖို့လိုမယ်လို့လည်း ထောက်ပြထားပါတယ်။
ဒီကေဘီအေရဲ့ သဘောထားကြေညာချက်အပေါ် ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက ခုလို တုံ့ပြန်ပြောကြားပါတယ်။
“ကျနော်ကြည့် ရတာတော့ ရေးတဲ့ အရေးအသားတွေဟာ ရန်သူဘက်ကရေးတဲ့ အရေးအသားတွေပါ။ ဒီကေဘီအေဆိုတာ ရိုးရိုးသားသားပဲ။ ဒီအတွေးအခေါ်မျိုးမရှိပါဘူး။ ကျနော်တို့ကလည်း သူ့ကို မိတ်ဆွေလိုပဲထားပါတယ်။ ရန်သူဘက်က ရိုးရိုးသားသားလုပ်နေတယ်လို့ဒါ ရေးတဲ့လူပေါ့ဗျာ။ သူတို့က ထင်နေတယ်။ ဒီကေဘီအေလို့ကျနော်မမြင်ဘူး။”
ကေအန်ယူနဲ့ မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးကြဖို့ပဏာမ တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပြီး အပစ်အခတ်ရပ်စဲရေး မလုပ်ကြရသေးတဲ့အတွက် ခုလို အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာလို့လည်း ပဒိုဒေးဗစ်သာကပေါက ပြောပါတယ်။
“ကျနော်တို့ ကိုယ့်နယ်ထဲမှာကျူးကျော်နေတဲ့ ရန်သူကိုတိုက်တာပဲ။ သူက ငြိမ်းချမ်းရေး အသံပစ်ပြီးတော့ ကျနော်တို့ဘက်မှာ လုပ် ချင်တာတွေ လုပ်နေလို့မရဘူးလေ အဲ့ဒါပါ။”
ကေအန်ယူနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ ၁၉ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင် မှာတကြိမ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က မဲဆောက်မြို့မှာ တကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ပြည်ထောင်စုအဆင့် အစိုးရကိုယ်စားလှယ်နဲ့ ကရင်ပြည်နယ် ဘားအံမြို့မှာ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးကြဖို့ရှိပါတယ်။
နယ်ခြား စောင့်တပ်အဖြစ် မခံယူခဲ့တဲ့ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးချုပ်စောလားဘွယ် ဦးစီးတဲ့ ဒီကေဘီအေ ကလိုထူးဘောအဖွဲ့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက မြန်မာအစိုးရနဲ့ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ချုပ်ခဲ့ပြီးဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Friday, January 6, 2012
ကေအန်ယူနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရိုးသားမှုရှိရန် ဒီကေဘီအေ တိုက်တွန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment