January 4, 2012
မင်းလွင်
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့သူတွေရဲ့ တွေ့ဆုံပွဲကို ဒီနေ့ ကျင်းပခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်းက ရန်ကုန် ရှစ်မိုင် ပေါက်စေတီကျောင်းတိုက်မှာ ကျင်းပခဲ့တာပါ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝင်းတင်၊ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈၊ ၁၉၉၆-၉၈နဲ့ ၂၀၀၇ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေ အပါအဝင် ပရိသတ် ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ကျောင်းသား မျိုးဆက်တွေ ခေတ်တိုင်း ခေတ်တိုင်းမှာ စွန့်လွှတ်အနစ်နာခံတဲ့ စိတ်ဓာတ်းတွေ ဆက်လက် ရှင်သန်နိုင်အောင် ဒီပွဲ ကိုကျင်းပတာလို့ ပွဲစီစဉ်သူ ဦးကိုကိုလေးက ပြောပါတယ်။
လုပ်ရခြင်း အကြောင်းရင်းရှိတယ်။ အဲဒီအကြောင်းရင်းက တော့ ကျနော်တို့ ၆၂ ကနေပြီးတော့ ၂၀၀၇ သံဃာ့အရေးအခင်းအထိပေါ့ဗျာနော်၊ ၂၀၀၇ အရေးအခင်းအထိ ထိန်းသိမ်းခံခဲ့ရတဲ့ အထိန်းသိမ်းခံတွေကို ကျနော်တို့ ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ တွေ့ဆုံပွဲလုပ်တာပါ။ ရည်ရွယ်ချက်က ၂ ခုရှိပါတယ်။ တခုက နိုင်ငံရေးဘဝမှာ ဒီလို စွန့်လွှတ်စွန့်စားပြီးတော့ အနစ်နာခံခဲ့တဲ့လူတွေ၊ ပြန်ပြီးတော့ ရှင်သန်နိုင်အောင် အချင်းချင်းဝိုင်းဝန်းပြီးတော့ တတ်နိုင်သလောက် ကူညီအောင် အားလုံးစုစည်းပေးတဲ့ သဘောပါပဲ။”
အခုလို ကျောင်းသားမျိုးဆက်တွေ တွေ့ဆုံတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်ကတော့ အခုလို ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်သူတွေ တွေ့ဆုံခွင့်ရတဲ့အတွက်လည်း ပိုပြီးတော့ ချိတ်ဆက်မိမယ်လို့ ပြောပါတယ်။
“ပိုပြီးတော့ ချိတ်ဆက်မိသွားကြမယ်ပေါ့။ တခြားကွဲလွဲနေတာတွေ ရှိနေပေမယ့်လည်း လက်ရှိအခြေအနေအရကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု နောက်ကနေ ပြီးတော့ ပြတ်ပြတ်သားသား ထောက်ခံဝန်းရံရမယ်ပေါ့နော်။ အဲဒီ တူညီချက်လေးတွေကျပါတယ်။ ချိတ်ဆက်မိသွားပါတယ်။ မျိုးဆက်အသီးသီးကနေ ပြီးတော့ မျိုးဆက်ကွာဟမှု ကိုတော့ အထိုက်အလျှောက် စေ့စပ်ပေးသွားနိုင်တဲ့ ပွဲလေးလို့ ထင်ပါတယ်။”
ဒါပေမယ့် လက်ရှိအချိန်မှာ အကျဉ်းထောင်တွေမှာ ကျောင်းသားတွေ အထူးသဖြင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဟာ မလွတ်မြောက် သေးဘဲ အကျဉ်းကျခံနေရဆဲပဲလို့လည်း ဆိုပါတယ်။
ကျောင်းသားလှုပ်ရှားမှုတွေဟာ ၁၉၆၂ ခုနှစ်ကတည်းက မြေအောက် လှုပ်ရှားမှုဖြစ်ခဲ့တာပါ။
ဒီနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကိုလည်း ဦးကိုကိုလေးက “တခုတော့ရှိတယ်ဗျ ကျနော်တို့ကို အနှောင့်အယှက်ပေးတာတော့ မရှိဘူး။ နောက် တားဆီးတာလည်းမရှိဘူး။ ဒီနေ့ နိုင်ငံရေးအခင်းအကျင်းက မင်းတို့လည်း လုပ်ချင်တာလုပ်၊ ငါတို့လည်း လုပ်ချင်တာ လုပ်မယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသားခေါင်းဆောင်တွေကိုတော့ ပြန်မလွှတ်ဘူးလေ ဟုတ်တယ်မဟုတ်လား။ ကျနော်တို့ကိုလည်း တပိုင်းက ခွင့်ပြုတယ်၊ တပိုင်းကလည်းပဲ ပြန်မလွှတ်ပေးဘူး ဆိုတဲ့ သဘောဖြစ်နေတာပေါ့။ အဲဒီတော့ ကျနော်တို့ကို လုပ်ခွင့်ပေးတယ် လုပ်နေရတယ် ဆိုတာက ကျနော်တို့ ချွေးသိပ်နေတာလားဆိုတာ ကျနော်တို့လည်း မပြောတတ်ဘူး။ နိုင်ငံရေး အခင်းအကျင်းကတော့ လမ်းစလေးတခုပေါ်မှာ ရောက်နေတာပဲ ရှိသေးတယ်။ ကျနော်တို့ တကယ့် အကျိုးအမြတ်တွေကတော့ ကျနော်တို့ ပြည်သူတွေမှာ မရသေးပါဘူး။”
Ref: ဒီဗွီဘီ
Thursday, January 5, 2012
ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်သူများ တွေ့ဆုံ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment