January 5, 2012
မင်းလွင်
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းကနေပြီးတော့ ဆန်တန်ချိန် ၁၅,၀၀၀ ကို ရောင်းချမယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့မှာ ဧည့်မထ ၂၅ မတ်တန်အမျိုးအစားကို ဆန်စပါးလုပ်ငန်း အသင်းကနေ အနောက် အာဖရိကကို ရောင်းချမှာဖြစ်ပါတယ်။
ဆန် တတန်ကို အမေရိကန်ဒေါ်လာ ၃၅၅ နဲ့ ရောင်းချတာလို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းကနေ သိရပါတယ်။
ဒါဟာ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းဝင် ကုမ္ပဏီများကနေ ပထမဦးဆုံး စုပေါင်း ရောင်းချတာလည်း ဖြစ်ပါတယ်။
ပြည်ပကို ဆန်တင်ပို့ရောင်းချတာဟာ ပြည်တွင်းက ဆန်စပါးဈေးကွက်ကို ထိခိုက်မှာ မဟုတ်ဘူးလို့လည်း ဆန်စပါးလုပ်ငန်းအသင်းက ပြောပါတယ်။
ဆန်စပါး ထုတ်လုပ်မှုဟာ ပြည်တွင်းစားသုံးမှုထက် ပိုလျှံတယ်လို့ ဆန်စပါး ဈေးကွက်နဲ့ ထုတ်လုပ်မှုအပိုင်းကို လေ့လာသူ ဒေါက်တာမျိုးအောင်ကျော်က ပြောပါတယ်။
“ကျနော်တို့ တိုင်းပြည်က တကယ်တမ်းတော့ ပိုတယ်။ နောက်တခုက စပါးဆိုတာမျိုးက ၄၊ ၅လကို တသီးလောက်ထွက်နေပြီဆိုတော့ ဈေးကွက်တခုမှာ ဈေးနှုန်းတခု မရှိရင် လယ်သမားဘက်က ထုတ်လုပ်မှု စရိတ်ထက် အောက်လျော့သွားရင်သာ နောက်အ ကျိုး ဆက်က နောက်နှစ်ဆိုရင် အထွက်နှုန်းက ကျကျသွားတယ်။ ထုတ်လုပ်မှု ကျကျသွားတယ်။ အဲဒီလိုဟာကို ထိန်းဖို့ဆိုတာ export က တောက်လျှောက်လုပ်မှ ရတော့မယ်။ အခုက စပါးပေါ်တဲ့ ရာသီလည်းဖြစ်တယ်။ အခုဆိုရင် ဈေးတွေကျ လာတယ်။ ဈေးကျတာ ကျနော်တို့ ထုတ်လုပ်မှု စရိတ်ထက်ကို နည်းသွားပြီ။ လယ်သမား တဧက မြှုပ်နှံမှုထက်ကို နည်းသွားပြီ။ နည်းသွားတဲ့အခါကျတော့ သူတို့အနေနဲ့ နစ်နာတာပေါ့ဗျာ။ နစ်နာတော့ အခု export drive လေးရှိရင် ဈေးလေးက အတိုင်းအတာတခု ပြန်ရလာမယ့် ဆိုတဲ့သဘောပေါ့နော်။”
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံမှာ ဆန်စပါးဈေး ကျဆင်းနေပြီးတော့ စပါးစိုက်တောင်သူတွေအတွက်လည်း စိုက်ပျိုးစရိတ် ကာမိအောင် အခုလို ဈေးကွက်ရှာပြီး ရောင်းချတာဖြစ်တယ်လို့လည်း ဆန်စပါးလုပ်ငန်းရှင် အသင်းကနေ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရ ကိန်းဂဏန်းများအရ နှစ်စဉ် စပါးတန်ချိန် သန်း ၃၀ ထွက်ရှိပြီးတော့ တန်ချိန် ၁ သန်းနီးပါးက နယ်စပ်ကနေ ပြည်ပနိုင်ငံများကို တင်ပို့ရောင်းချနေပါတယ်။
Ref: ဒီဗွီဘီ
Friday, January 6, 2012
ဆန်တန်ချိန် ၁၅,၀၀၀ အနောက်အာဖရိကကို ရောင်းမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment