March 22, 2012
အေးနိုင်
ဓမ္မာစရိယတန်း မအောင်မြင်သေးတဲ့ သူတွေကို နယ်လှည့်တရားဟောပြောခွင့် ပိတ်ပင်ထားတဲ့ နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက် အမည်ရှိ ကြေညာချက်ကို နိုင်ငံတော်သံဃမဟာနာယက က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီဂုဏ်အင်္ဂါ ၉ ချက်ထဲမှာ အဓိအားဖြင့် ဓမ္မာစရိယတန်း အောင်ရမယ် ဆိုတာနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို မဟောရဘူး ဆိုတာတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက် ရရှိထားတဲ့ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ရွှေတောင်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးပဏ်ဏဝံသက မိန့်ဆိုပါတယ်။
ကျန်တဲ့ ဂုဏ်အင်္ဂါတွေထဲမှာ အနည်းဆုံးသိက္ခာ ၁၀ ဝါရှိဖို့၊ ဆဋ္ဌသင်္ဂါယနာ မူအတိုင်း ပိဋကတ်တော်တွေ၊ အဋ္ဌကထာတော်တွေနဲ့ ဆန့်ကျင်ဘက် မပြုဖို့ နဲ့  ပုဂ္ဂိုလ်ရေးထိပါးပုတ်ခတ်ခြင်း မပြုဖို့  ဆိုတာတွေ ပါဝင်တယ်လို့  ဆိုပါတယ်။
ဒီထုတ်ပြန်ချက်ကြောင့် ဓမ္မာစရိယတန်း မအောင်မြင်ပေမယ့် တရားဟော ကောင်းတဲ့ ရဟန်းတွေ နယ်လှည့်တရားဟောခွင့် ဆုံးရှုံးမယ့် သဘော ရှိနေတယ်လို့  ဆရာတော်က မိန့် ပါတယ်။
“ဓမ္မာစရိယ အောင်တိုင်း တရားဟော နိုင်တာ မဟုတ်တာကိုး။ ဒါကို မြန်မာ နိုင်ငံမှာ ရှိနေတဲ့ ထေရဝါဒ ရဟန်းတော်တွေအနေနဲ့ တော်တော် သိထားတယ်။ ဥပမာဆိုရင် စွန်းလွန်းဂူဆရာတော်ဟာ ရဟန္တာ ဖြစ်တာပဲ။ သူတို့လည်း တရားတွေ ဟောသွားတာပဲ။ ဘာအတန်းမှ မအောင်ခဲ့ပါဘူး။ ဒါဟာ မလိုအပ်ပါဘူး။ ” လို့  မိန့်ပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လောကအရေးတွေ မဟောကြဖို့ ဆိုတဲ့အချက်ဟာလည်း ဘုရားအလိုနဲ့ ဆန့် ကျင်နေတယ်လို့ ဆက်မိန့် ပါတယ်။
“ဒါက ဘာနဲ့ဆန့်ကျင်လဲ ဆိုတော့ ဦးဇင်းတို့ ရတနာ့သုတ်၊ ပရိတ်ကြီးပါဠိတော် အဖွင့်မှာတင် လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစ ရိယ ဆိုတာရှိတာပဲ။ ဒါလောကတ္ထစရိယကို ပိတ်ပင်တာနဲ့ အတူတူပါပဲ။ ”
တရားနာပရိသတ်တွေ အယူမှားအမြင်မှား ဖြစ်မှာစိုးလို့ ပိတ်ပင်ရတာလို့ သိရပြီး ထူးခြားချက် အဖြစ်ကတော့ မလိုက်နာရင် ဘယ်လို အပြစ်ပေး အရေးယူ မယ်ဆိုတာ မပါရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။
တပေါင်း လပြည့်ကျော် ၃ ရက်ကနေပြီး လပြည့်နေ့ထိ ကျင်းပတဲ့ ၄၇ ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်တာဖြစ်ပြီး မြို့နယ် သံဃနာယက အဖွဲ့တွေထံ ဝေငှထားပါတယ်။
Ref: ဒီဗွီဘီ
Friday, March 23, 2012
ဓမ္မာစရိယတန်း အောင်မှ နယ်လှည့်တရားဟောရမည်
Subscribe to:
Post Comments (Atom)
















































0 comments:
Post a Comment