Tuesday, March 20, 2012

ရေပြင်ကိစ္စ မြန်မာနှင့် ဆွေးနွေးရန် မလိုတော့ဟု ဆို

3/19/2012

နိုင်ငံတကာ ပင်လယ်ပြင် တရားခုံရုံး (ITLOS) မှ တရားစီရင်ချက် ထုတ်ပြန်ပေးလိုက်ပြီးနောက် မိမိနိုင်ငံ၏ ရေပိုင်နက်ကို ရေးဆွဲရန် မြန်မာနိုင်ငံနှင့် ညှိနှိုင်းတိုင်ပင်နေစရာ မလိုတော့ကြောင်း ဘင်္ဂလားဒေခ်ျ့အငြိမ်းစား ရေတပ်ဗိုလ်ချုပ် တစ်ဦးက ပြောသည်။

အဆိုပါ ပြောဆိုချက်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းဌာန UNB က စနေနေ့က ရေးသား ဖေါ်ပြသည်။

"ဥပဒေကြောင်းအရ မြန်မာနဲ့ ထိုင်ဆွေးနွေးနေဖို့ မလိုတော့ပါဘူး။ နိုင်ငံတကာ ခုံရုံးကနေ ထုတ်ပြန်ပေးလိုက်တဲ့ ရေပြင် နယ်နိမိတ်ပြ ပုံစံအတိုင်း ကျွန်တော်တို့ရဲ့ ရေပြင်ပိုင်နက်ကို ကျွန်တော်တို့ ဆွဲကြရမှာသာ ဖြစ်ပါတယ်" ဟု လက်ရှိ ဘင်္ဂလားဒေခ်ျ့ နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ကုလသမဂ္ဂဆိုင်ရာ ပင်လယ်ပြင်အဖွဲ့တွင် တွဲဘက်အတွင်းရေးမှူးလည်းဖြစ်၊ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်လည်းဖြစ်သူ ခါချက် အာလမ် က မတ်လ ၁၆ ရက်နေ့က ထုတ်ဖေါ် ပြောဆိုကြောင်း သတင်းက ပြောသည်။


" ရေပြင်နယ်နိမိတ်ကို တိုင်စိုက် သတ်မှတ်လို့ ရမည့် သဘောတူညီချက်မျိုး မရှိကြောင်းလည်း" သူက ပြောသည်။

နိုင်ငံတကာခုံရုံးမှ စီရင်ပေးချက်အရ ဘင်္ဂလားဒေခ်ျ့မှ တောင်းဆိုခဲ့သည့်အတိုင်း ဘင်္ဂလားပင်လယ်အော်အတွင်း မိုင် ၂၀၀ ထိ တနိုင်ငံ တည်း မူပိုင်စီးပွါးလုပ်ပိုင်ခွင့်နှင့် မိုင် ၂၀၀ ကျော်အလွန်တွင်လည်း သိသိသာသာ ကြီးမားကျယ်ဝန်းသည့် ရေပြင်နယ်နိမိတ်ကို မျှဝေပိုင်ဆိုင်ခွင့်တို့ကို ရရှိခဲ့သည်။

ဘင်္ဂလားဒေခ်ျ့ ရေပိုင်နက် မိုင် ၂၀၀ အတွင်း မည်သည့် နိုင်ငံကမှ ၀င်ရောက်ငါးဖမ်းနိုင်တော့မည် မဟုတ်တော့ကြောင်း ခါချက်က ပြောဆိုခဲ့ပြီး “ အရေးကြီးတာက ကျွန်တော်တို့ရဲ့ ရေပိုင်နက်ကို တိုးမြှင့်ကာကွယ်နိုင်ဖို့ ရေတပ်အင်အားကိုပဲ တိုးချဲ့ရတော့မှာ ဖြစ်ပါ တယ်” ဟု ပြောသည်။

ဘင်္ဂလားဒေခ်ျ့နိုင်ငံအနေဖြင့် အငြင်းပွါးနေစရာ မလိုတော့ပဲ ပင်လယ်ပြင်အတွင်း ငါးဖမ်းခွင့်နှင့် ပင်လယ် ရေအောက် ကြမ်းပြင်ပေါ်မှ သဘာဝသယံဇာတများထုတ်လုပ်နိုင်အောင် နိုင်ငံတကာခုံရုံးမှ တရားစီရင်ပေးခဲ့ပြီးဖြစ်ကြောင်းလည်း သူကပြောသည်။

စိန့်မာတိန် (ခေါ်) အုန်းကျွန်း ပတ်လည်တွင်လည်း မြန်မာဘက်မှ ထက်ဝက်စီ ခွဲပေးရန် တင်ပြတောင်းဆိုချက်ကို နိုင်ငံတကာ ခုံရုံးက ပယ်ချခဲ့ပြီး ဘင်္ဂလားဒေခ်ျ့သို့ ၁၂ မိုင်အပြည့် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သူကပြောသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့