Tuesday, March 20, 2012

မွန်ခေါင်းဆောင်မွေးနေ့ NLD၊ ၈၈ နှင့် တိုင်းရင်းသားများတွေ့

ကွန်းချမ်း
မတ်လ ၁၉ ရက် ၂၀၁၂ ခုနှစ်

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် အတူတကွ လက်တွဲပြီး ပူးပေါင်းလုပ်ဆောင်သွားရန် တနင်္လာနေ့က ကျင်းပသည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ MNDF ဥက္ကဋ္ဌ နိုင်ငွေသိမ်း၏ အသက် ၈၉ နှစ်ပြည့် မွေးနေ့ပွဲတွင် တိုင်းရင်းသား ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် ၈၈ ကျောင်းသားခေါင်းဆောင် များ ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးတွင် ကျင်းပသည့် မွေးနေ့ပွဲသို့ NLD မှ ဦးဝင်းတင်နှင့် ဦးဖြိုးမင်းသိန်း၊ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာနှင့် ကိုကိုကြီး၊ ၁၉၉၀ တိုင်းရင်းသား ပါတီများမှ ဦးခွန် ထွန်းဦးနှင့် ဦးအေးသာအောင် တို့အပြင် မွန်အဖွဲ့အစည်း အသီးသီးမှ စုစုပေါင်း ၁၅၀ ခန့်လည်း တက်ရောက်ခဲ့ကြသည်။

“ဆရာကြီးကို ဂုဏ်ပြုတဲ့ ပွဲပါပဲ။ မိန့်ခွန်းပြောတဲ့ အခမ်းအနား မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံ ဒီမိုကရေစီရေးအတွက် အနာဂတ်မှာ ပူး ပေါင်းလုပ်ဆောင်သွားဖို့ ဆွေးနွေးကြတာ ရှိပါတယ်” ဟု MNDF ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့် က ပြောသည်။

အသက် ၁၉ နှစ်အရွယ် ၁၉၄၂ တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် BIA မှ စပြီး နိုင်ငံရေး လောကသို့ ဝင်ရောက် လာခဲ့သည့် နိုင်ငွေ သိမ်းကို ၁၉၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ရွာတွင် အဖ နိုင်သာဒွန်းနှင့် အမိ မိငွေသုန်တို့မှ မွေးဖွားခဲ့ပြီး၊ မောင်နှမ ၅ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။

မွန်လူမျိုးရေးရာအဖွဲ့ အထွေထွေ အတွင်းရေးမှူး၊ အာရှ လူငယ်အစည်းအရုံးဝင်၊ ရာမညတိုင်းလုံးဆိုင်ရာ မွန်ရေးရာ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်၊ မွန်ရေးရာအဖွဲ့နှင့် မွန်တိုင်းရင်းသားအဖွဲ့ ပူးတွဲတပ်ဖွဲ့ စစ်ရေးတာဝန်ခံ၊ မွန်ပြည်သူ့တပ်ဦး နိုင်ငံခြားရေးရာ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅၈ မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်အတွင်း ဝင်ရန် ဦးနု အစိုးရထံ လက်နက် အပ်စဉ်တွင် ပါဝင်ခဲ့သည်။

နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၁၉၄၈ ခုနှစ်တွင် တကြိမ်၊ ၁၉၆၃ မှ ၁၉၆၅ ခုနှစ်တွင် တကြိမ်၊ ၁၉၉၁ မှ ၁၉၉၄ ခုနှစ်တွင် တကြိမ်၊ ၁၉၉၈ မှ ၂ဝဝ၄ ခုနှစ်တွင် တကြိမ် ထောင်ဒဏ် လေးကြိမ် ကျခံခဲ့ရသည်။

၁၉၉၈ MNDF စတင် ဖွဲ့စည်းရာမှ ပါတီ ဒုဥက္ကဋ္ဌ၊ ၂ဝ၁၁ နိုဝင်ဘာလမှ စ၍ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု တိုင်းရင်း သားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) တွင်လည်း အမြဲတမ်း သဘာပတိ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။

၂ဝဝ၉ ခုနှစ်တွင် နော်ဝေနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တိုင်းရင်းသားအဖွဲ့အချို့မှ ချီးမြှင့်သည့် အမျိုးသား ပြန် လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ဖဒိုမန်းရှာ၊ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန် တို့နှင့်အတူ ရရှိခဲ့သည်။

မတ်လ ၁၁ ရက်နေ့ကလည်း သူ၏ အသက် ၉ဝ အကြို ဂုဏ်ပြုပွဲကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် ကျင်းပခဲ့ကာ MNDF အနေနှင့် ဧပြီလတွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်မည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့