ယမင်း(မြစ်မခ)
8 Sep, 2012
ပြည်တွင်းရင်းနှီးမှုပမာဏများပြားခြင်းနှင့် ပြည်ပမှရာနူန်းပြည့်ရင်းနှီးမှု အပေါ် ကန့်သတ်ထားခြင်းနှင့် ပတ်သက်၍ အမျိုးသား လွှတ်တော်တွင်ရောက်ရှိနေသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်းတွင် ထည့်သွင်းစဉ်းစားသင့်ကြောင်း မွေးမြူရေး လုပ်ငန်း ရှင်များထံက သိရသည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေအား သြဂုတ်လ(၁၄)ရက်နေ့မှ ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်သို့ တင်ပြ ထားကြောင်းသိရှိရသည်။
''ပြည်တွင်းလုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့အတွက် သီးသန့်ဥပဒေတစ်ခုနဲ့ ထောက်ပံ့ပေးသင့်ပါတယ်။ ဥပမာ နိုင်ငံခြားသား တွေကို ကန့်သတ်ချက် ဥပဒေနဲ့လုပ်ခွင့် ပြုတာတို့၊ ရင်းနှီးမြုပ်နှံခွင့်ရာ နှုန်းပြည့် ပေးတာတွေကို လုပ် သင့်ပါတယ်။ ကိုယ့်နိုင်ငံ မှာနည်းပညာတွေ၊ ရင်းနှီးမြုပ်နှံမှုတွေ လိုအပ်နေသေးတဲ့အတွက် မလာပါနဲ့လို့တော့ မထိန်းချုပ်သင့်ပါဘူး''ဟု မြန်မာ့မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင်အဖွဲ့ဝင် ဦးထွန်းဝင်းက ပြောသည်။
ပြည်တွင်းမွေးမြူရေးလုပ်ငန်းများမှာ အကြွေးစနစ်ဖြင့် လည်ပတ်လုပ်ကိုင်နေရခြင်းကြောင့် ပြည်တွင်းရင်းနှီးမူ ပမာဏ များပြားခြင်း နှင့် ပြည်ပရာနူန်းပြည့် ရင်းနှီးမှုအပေါ်ကန့်သတ်ထားခြင်းသည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို ထိခိုက်မှုများရှိလာသဖြင့် ယခု ကဲ့သို့ လုပ်ငန်းရှင်များက ထည့်သွင်းစဉ်းစားစေလိုခြင်းဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေထဲ၌ မည်သည့်လုပ်ငန်းကိုမဆို နိုင်ငံခြားသားများနှင့် ဖက်စပ်လုပ်ကိုင်ပါက နိုင်ငံခြား ကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမှုငွေ ပမာဏ(၅)သန်း၊ ပြည်တွင်းလုပ်ငန်းရှင်များဘက်မှ ရင်းနှီးမြုပ်နှံမှုငွေပမာဏ (၅ ‘ဒသမ ၂)သန်း သတ်မှတ် ထား ကြောင်း၊ နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုတွင်(၁ဝဝ ရာခိုင်နှုန်း)ပြည့် ရင်းနှီးမြုပ်နှံခွင့် မရှိကြောင်းစသည့် အချက်များ ပါဝင် သည်။
''နိုင်ငံခြားငွေကို ကန့်သတ်ထားတဲ့အတွက် ပြည်တွင်းကလိုက်ရမယ့်ငွေက အရမ်းများနေတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေ ပပျောက်အောင်လုပ်နေသလိုပဲ။ အခုဝင်လာမယ့် နိုင်ငံခြားက အကြီးစား လုပ်ငန်း တွေကျပြန်တော့လည်း (၁ဝဝ ရာခိုင်နှုန်း) မြုပ်နှံခွင့်မပေးဘူးလို့ကြားတယ်။ အခုက ရာနှုန်းပြည့်မြုပ်နှံခွင့်ရ တာဆို ပြည်တွင်းမှာဆို စီပီကုမ္ပဏီ တစ်ခု ထဲပဲရှိတော့ သူတစ်ယောက်ထဲပဲ ဈေးကွက် ကစားသ လိုဖြစ်နေတာပေါ့''ဟု အသားတိုးကြက်ထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဌ ဒေါ်လှလှသိန်းက ပြောသည်။
ပြည်ပလုပ်ငန်းများဖြင့် ဖက်စပ်လုပ်ကိုင်ရာတွင် ရင်းနှီးမြုပ်နှံမှုငွေပမာဏမှာ များပြားနေခြင်း၊ ပြည်တွင်းမွေးမြူရေး (အသေးစား၊ အလတ်စား)လုပ်ကိုင်ရာ၌ အကြွေးစနစ်ဖြင့် လည်ပတ်နေရခြင်းကြောင့် ဒေါ်လာ(၅)သန်းအစား ဒေါ်လာ (၂)သန်းပမာဏဆိုလျှင် လုပ်ကိုင်နိုင်မည်ဖြစ်သောကြောင့် လွှတ်တော်တွင်းစဉ်းစားပေးစေလိုကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု(၁ဝဝ)ရာနူန်းပြည့် ကြိုဆို သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အကြုံပြုပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှစ၍ နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုဥပဒေနှင့် နိုင်ငံသားရင်းနှီးမြုပ်နှံမှုဥပဒေဟူသည့် ဥပဒေ(၂)ရပ်အား ထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းဥပဒေများထဲတွင် နိုင်ငံခြားသားများအတွက် တားဆီး၊ပိတ်ပင်၊ ကန့်သတ်ချက်များမရှိဘဲ ခံစားခွင့်များပေး ထားသော်လည်း နိုင်ငံသားများအတွက် ကန့်သတ်ချက် တော်တော် များများ ပါရှိကြောင်း တနသာင်္ရီတိုင်းဒေသကြီး ရေဖြူမဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦး ပြောပြချက်အရသိရှိရသည်။
လက်ရှိတွင် မွေးမြူရေးကဏ္ဍ၌ စီပီကုမ္ပဏီသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိပြီး နိုင်ငံ တော်အစိုးရနှင့် နှစ်(၃ဝ)စာချုပ်ချုပ်ဆိုထားကာ သက်တမ်း (၁၅) နှစ်ကျော်လွန်ပြီဖြစ်ကြောင်း စီပီကုမ္ပဏီက သိရှိရသည်။
''ကျွန်တော်တို့လုပ်ခဲ့တဲ့ (၁၅)နှစ်သက်တမ်းကာလအတွင်းမှာ မွေးမြူရေးကဏ္ဍဟာ နည်းပညာအရ သိသိသာသာ ပြောင်းလဲခဲ့ ပါတယ်။ အခုမွေးမြူရေးသမားတွေ စိတ်ပူနေသလိုမျိုး ဈေးကွက်ကို ကစားနေတယ်ဆိုတာက မဟုတ်ပါဘူး။ ‘ဒီနေ့စားသောက် ကုန်တွေဆိုရင် ပုဂ္ဂလိကတွေဆီက ပြန်ဝယ်နေရတာ (၄၊ ၅ ) နှစ် လောက်ရှိ ပါပြီ''ဟု စီပီ ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမျိုးသန့်က ပြောသည်။
စီပီကုမ္ပဏီသည် မြန်မာနိုင်ငံအပါအဝင် တရုတ်၊ ဗီယက်နမ်၊အိန္ဒိယနှင့် ဘင်္ဂလားဒေရှ်နိုင်ငံများတွင် မွေးမြူရေး လုပ်ငန်းများ၊ အစား အသောက်ထုတ်လုပ်ရေးလုပ်ငန်းများ၌ ရင်းနှီးမြုပ်နှံမှုပြုလုပ်ထားပြီ တရုတ်နိုင်ငံတွင် စီပီစက်ရုံပေါင်း (၁၆ဝ)ရှိ၍ ရင်းနှီးမြုပ် နှံမှု အများဆုံးဖြစ်သည်။
Ref: မြစ်မခ
Monday, September 10, 2012
ပြည်ပရာနှုန်းပြည့်ရင်းနှီးမြုပ်နှံမှု ကန့်သတ်ချက်အား မွေးမြူရေးလောကအတွက် ထည့်စဉ်းစားသင့်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment