Friday, December 12, 2008

အာဆီယံလူအခွင့်အရေးအဖွဲ့ကြီး မြန်မာစစ်အစိုးရအပေါ် သြဇာရှိပါ့မလား

၁၁ ဒီဇင်ဘာ ၂၀၀၈
(စာရေးသူ Djoko Susilo သည် အင်ဒိုနီးရှား အောက်လွှတ်တော်အမတ်တဦးဖြစ်ပြီး မြန်မာအရေး ဆောင် ရွက်ပေးသည့် အာဆီယံပါလီမန်ပေါင်းစုံအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သည်)

နေအိမ်အကျယ်ချုပ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး တာမျိုးတွေ မလုပ်တဲ့အတွက် မြန်မာစစ်အစိုးရက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ဖို့ လေးနက်တဲ့ နိုင်ငံရေးရည်မှန်းချက်မရှိတာ သိသာလို့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံထဲကနေ ရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့ တနှစ်လောက်က လုပ်ခဲ့တဲ့ အာဆီယံပါလီမန် အစည်းအဝေးမှာ ကျနော်တင်ပြ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အဖြစ်အပျက်တွေကလည်း ကျနော်ရဲ့ တောင်းဆိုမှု ဆက်ပြီးမှန်နေဆဲပဲဆိုတာ သက်သေပြနေ ပါတယ်။ မြန်မာပြည်တွင်းရေး အခြေအနေတွေဟာ ဒီမိုကရေစီဆီကို ဦးတည်မသွားမချင်းလည်း ဆက်ပြီး မှန်နေဦးမှာပါ။

မြန်မာပြည်သူတွေရဲ့ ထောက်ခံအားပေးမှုနဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ သံဃာတော်တွေကို မြန်မာ စစ်အစိုးရက ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲခဲ့တာတွေကို မှတ်တမ်းမှတ်ရာတွေ ခိုင်ခိုင်မာမာ ရှိထားတဲ့ အပြင် ဒါတွေကို နိုင်ငံတကာအသိုင်းအ၀န်းက သိခွင့်ရခဲ့ကြပါတယ်။ အခုလည်း စစ်အစိုးရဟာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုပြီး ကမ္ဘာကြီးကို အရူးထပ်လုပ်ဖို့ ကြိုးစားနေပြန်ပါပြီ။

ကံဆိုးချင်တော့ အာဆီယံခေါင်းဆောင်တွေဟာ နအဖစစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်တဲ့ အကြောင်း ထုတ်ဖော်ပြောဆိုကြတဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲအတုနှင့် ရွေးကောက်ပွဲ လုပ်မဲ့အစီအစဉ်တွေကို စစ်မှန်တဲ့တိုးတက်မှုအဖြစ် ကြိုဆိုခဲ့ကြပါတယ်။ ဒီကိစ္စဟာ ရှက်စရာ ကောင်းတဲ့ အပြုအမူဖြစ်တဲ့အပြင် မြန်မာပြည်သူတရပ်လုံးအပေါ် သစ္စာမရှိရာလည်း ရောက်ပါတယ်။ ဒီ ခေါင်းဆောင်တွေဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှုကို ဆယ်စုနှစ် နှစ်ခုနီးပါး ခံခဲ့ကြရတဲ့ မြန်မာပြည်သူတွေရဲ့ ဒုက္ခ အ၀၀ကို လုံးဝဂရုမစိုက်ဘူးဆိုတာကိုလည်း ပြသရာရောက်ပါတယ်။

တကယ်ဆိုရင် ကျနော်တို့ဟာ အခြေအနေတွေ တိုးတက်လာတဲ့အထိ ထိုင်စောင့်နေဖို့မသင့်ပါဘူး။ မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာအရပ်ရပ်အတွက် ငြိမ်းချမ်းတဲ့ အဖြေတရပ်ရဖို့ စစ်အစိုးရဆီမှာ လေးနက်တဲ့ ဆန္ဒမရှိဘူးဆိုတာ ထင်ရှားနေတဲ့အတွက် တိုက်တွန်းချက်တွေနဲ့တင်မဟုတ်ပဲ ခိုင်မာတဲ့ အရေးယူ ဆောင် ရွက်ချက်တရပ် ပြုလုပ်ဖို့ အချိန်တန်ပြီဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ဖို့ဆိုတာ နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ မြန်မာစစ်အစိုးရကို ဖိအားတွေ ဒိထက်ပိုပြီး ပေးဖို့ တစုတစည်းတည်း လုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အင်ဒိုနီးရှားအစိုးရ အနေနဲ့ လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားညီညွတ်ရေး ကြိုးစားအားထုတ်မှုအတွက် ထောက်ခံပါ တယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီနဲ့တွေ့ဆုံဆွေးနွေးစဉ်က သမ္မတ ဆူစီလို ဘမ်းဘန်း ယွဒ်ဟိုယိုနိုက မြန်မာနိုင်ငံရဲ့ ပြန်လည် ပေါင်းစည်းညီညွတ်ရေးအတွက် ဘက်ပေါင်းစုံက တွန်းအားပေးရမယ်လို့ ပြောခဲ့ပါတယ်။

သို့သော် မြန်မာနိုင်ငံထဲမှာလည်း ထောက်ခံရမှုရဖို့လိုတဲ့ ဒီလိုလုပ်ကိုင်မဲ့အချက်တွေဟာ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးနဲ့ ဆက်စပ်နေသလို မြန်မာနိုင်ငံ ပြိုကွဲဖို့အတွက် အလားအလာရှိတဲ့ ခြိမ်းခြောက်မှုအဖြစ် လုံခြုံရေးနဲ့ တည်ငြိမ်မှုနဲ့လည်း ဆက်စပ်နေတယ်လို့ အင်ဒိုနီးရှားအစိုးရက ယုံကြည်ပါတယ်။ ဒီကိစ္စဟာ မြန်မာနိုင်ငံသစ်ဖြစ်ပေါ်လာတဲ့အချိန်မှာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် ကြိုတွေးပူနေနိုင်မယ့် မြန်မာနိုင်ငံရဲ့ စိတ်ပိုင်းဆိုင်ရာ အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် နည်းလမ်း ပါပဲ။

ဒါ့ပြင် အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မစ္စတာဂမ်ဘာရီရဲ့ ကုလသမဂ္ဂ ဘောင်အတွင်းကနေ ဆောင်ရွက်နေမှုတွေကိုလည်း အပြည့်အ၀ထောက်ခံပါတယ်။ မြန်မာနိုင်ငံရဲ့ အရေး ကိစ္စဟာ ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးစရာအချက်တခုအနေနဲ့ ဆက်လက်ရှိနေအောင် အင်ဒိုနီးရှား အစိုးရက လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေ တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ နားလည် လာအောင် တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက လုပ်ပေးဖို့ အင်ဒိုနီးရှားအစိုးရက တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီပြောင်းလဲရေးကို လုပ်ဆောင်ပါမယ်လို့ ပေးထားတဲ့ သူတို့ရဲ့ ကတိ အတိုင်းလုပ်ဆောင်ဖို့ တိုက်တွန်းရာမှာ ဒီနိုင်ငံနှစ်ခုရဲ့အကူအညီ တောင်းခံဖို့ အရေးကြီးတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။

အာဆီယံအပိုင်းကိုကြည့်မယ်ဆိုရင် အထူးသဖြင့် မြန်မာ့အရေးနဲ့ စင်ကာပူမှာ မနှစ်က လက်မှတ်ထိုးခဲ့တဲ့ အာဆီယံ ပဋိညာဉ်စာချုပ် ဆက်နွယ်မှု ဒါမှမဟုတ် မြန်မာ့အရေးနဲ့ ဒီနှစ်ကုန်ပိုင်း ထိုင်းနိုင်ငံမှာ (လုပ်ကောင်း လုပ်ဖြစ်မယ့်) စာချုပ်အပြီးသတ်မှုနဲ့ ပတ်သက်ပြီး ဒီစာချုပ်ဟာ အထူးသဖြင့် မြန်မာနိုင်ငံမှာ မကြာခင်က ပြဿနာတွေကြုံရပြီးနောက်ပိုင်း မျှော်လင့်ထားသလို အာဏာတည်ပါ့မလားဆိုတာ စိုးရိမ်ကြောင်း နိုင်ငံ အများက ထုတ်ဖော်ပြောခဲ့ပါတယ်။ ဥပမာအားဖြင့် အာဆီယံပဋိညာဉ်အတွင်းပါ ပုဒ်မအတော်များများနဲ့ ပတ် သက်ပြီး အင်ဒိုနီးရှားပါလီမန်က ၎င်းရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ခဲ့ပါတယ်။

ဘာလီကျွန်းက ဒန်ပါဆာမှာ လုပ်ခဲ့တဲ့ အာဆီယံအဆင့်မြင့်အရာရှိများ အစည်းအဝေးမှ အားမရစရာ သတင်း တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အာဆီယံ လူ့အခွင့်အရေးအဖွဲ့ကို ဘယ်လိုနာမည်ပေးရမလဲဆိုတာနဲ့ ပတ် သက်ပြီး အဆင့်မြင့်အရာရှိအဖွဲ့ ခုထိ ဆုံးဖြတ်လို့မရသေးဘူးလို့ သိရပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအများစု ကလည်း လူ့အခွင့်အရေးကိစ္စကို ကာကွယ်ဖို့ထက် မြှင့်တင်ရေးအတွက် ပိုပြီးစိတ်ဝင်စားနေတယ်လို့လည်း သတင်းတချို့အရသိရပါတယ်။

အဲဒီအစည်းအဝေးကို ဦးဆောင်တဲ့ ထိုင်းအဆင့်မြင့် သံတမန်တဦးဖြစ်တဲ့ Sihasak Phuangketkeow က လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေ မတူညီတာတွေ၊ နိုင်ငံရေးအသိ စိတ် ဓာတ် မတူတာတွေ ရှိနေတဲ့အတွက် လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်ရေးကိစ္စဟာ တဖြည်းဖြည်းချင်း သွားရမယ့်ကိစ္စလို့ ပြောခဲ့ပါတယ်။

အဲဒါကြောင့် အာဆီင်္ယံအနေနဲ့ ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့နေနေသာသာ အာဆီယံထဲမှာတောင် လူ့အခွင့်အရေး ကာကွယ်ပေးရေးကိစ္စကို အဖွဲ့ဝင်နိုင်ငံတွေက သိပ်မမျှော်လင့်ကြပါ ဘူး။ လူ့အခွင့်အရေးကိစ္စကို အဓိက ဆန့်ကျင်မယ့်သူက မြန်မာစစ်အစိုးရဖြစ်ပြီး စစ်အစိုးရကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက်လည်း အပြစ်ပေးခံရမှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံကို အဆောတလျင် ဒီမိုကရေစီရေးပြောင်းလဲဖို့ အာဆီယံ သံတမန်တွေရဲ့ ကြိုးပမ်းမှု မအောင်မြင် ဘူးဆိုတာ အင်ဒိုနီးရှားနိုင်ငံက ၀န်ခံပါတယ်။ အာဆီယံရဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုကြောင့် ခိုင်မာ တဲ့ရလဒ် ထွက်ပေါ်မလာဘူးဆိုတာ အာဆီယံ သိပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံ အပေါ် ဖိအားပေးတာတွေ၊ ဒဏ်ခတ်ပိတ်ဆို့တာတွေလည်း မအောင်မြင်ပါဘူး။

အာဆီင်္ယံပါလီမန်ထဲမှာဆိုရင် မြန်မာ့အရေးဟာ ဒေသတခုလုံးအတွက် အခြေအနေဆိုး တရပ်ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရကြောင့် ပေါ်ပေါက်လာတဲ့ လူသားလုံခြုံမှုပြဿနာတွေကို အသိအမှတ်ပြုပြီး ပြင်းပြင်းထန် ထန် အရေးယူဖို့ ပါလီမန်အမတ်တွေကလည်း သက်ဆိုင်ရာ သူတို့အစိုးရတွေကို တိုက်တွန်းထားပါတယ်။ မြန်မာပြည်သူလူထုတွေ ခံစားနေရတဲ့ စိတ်ပျက်စရာ ဒုက္ခအဖြာဖြာကို အဆုံးသတ်သွားစေဖို့ ကျနော်တို့ လုပ် ဆောင်ကြပါစို့။

(ဂျကာတာပို့စ် သတင်းစာပါ ဆောင်းပါးရှင် Djoko Susilo ၏ ASEAN human rights body: Will it have an impact on Myanmar's junta? ဆောင်းပါးကို ပြန်ဆိုထားခြင်းဖြစ်သည်)


ကိုဝိုင်း
REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့