စစ်အစိုးရက မတန်တဆ အင်အားသုံး အကြမ်းဖက်ခြင်းကြောင့် လူထုများတွင် အကြောက်တရား ကြီးထွား လာစေသည်။ ထိုအချက်ကြောင့်ပင် အတိုက်အခံ အင်အားစုများ တချိန် အာဏာရယူ နိုင်လိမ့်မည်ဟူသည့် မှေးမှိန်အားပျော့နေသည့် မျှော်လင့်ချက်ကလေးကိုပင် နောက်ဆုံး ဖြိုခွဲချေဖျက်လိုက်နိုင်သည်။ ဤအမြင် ဖက်မှ ကြည့်မည်ဆိုလျှင် စွမ်းအားရှင်များသည် အာဏာဆက်လက်တည်မြဲရန် အသုံးချနိုင်ရေးအတွက် အထူး အောင်မြင်နေသည်ဟု မြင်နိုင်သည်။ အစိုးရက အရေးယူမှုမရှိ၊ အထိန်းအကွပ်မရှိ အကြမ်းဖက်မှုကို အသုံးချနိုင်ခြင်းနှင့် မတူကွဲပြားသည့် ဆန့်ကျင်ဖက် နိုင်ငံရေးအမြင်ရှိသူများကို ထိန်းသိမ်းထားနိုင်ခြင်း ကြောင့် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်လာစေရန် ပွင့်ပွင့်လင်းလင်း ထောက်ခံဖော်ပြလာကြခြင်းကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်လေသည်။
အယ်လ်ဘတ်အိန်းစတိန်း အင်စတီကျုမှ ဒေါက်တာဂျင်းရှပ်က ၎င်း၏ ရေးသားဖော်ပြချက်များကို ထောက်ပြ ခဲ့သလို လူများက အကြမ်းဖက်မှုထက်စာလျှင်၊ အကြမ်းဖက်၍ အရေးယူခံရမည့်အရေးကို ကြောက်ရွံ့စိုးရိမ် စိတ်ကြောင့် ကြောက်ရွံ့စိုးထိတ်နေရမှု ၀န်းကျင်အနေအထားကို ဖြစ်စေပြီး လူထုကို နာခံလာစေသည်ဟု ဆို ပါသည်။ အမှန်တကယ် သက်ဝင်ထိရောက်သည့် တရားရေးစနစ်မရှိသ၍ စစ်အစိုးရ၏ လက်ကိုင်တုတ် လူမိုက်များကို အရေးယူအပြစ်ပေးရန် အတိုက်အခံများအတွက် နည်းတခုမှာ ဥပဒေပြင်ပက အရေးယူ ဆောင်ရွက်ခြင်းသာ ဖြစ်ပါသည်။ ဥပမာအားဖြင့် လူထုများကိုယ်တိုင်က ဖွဲ့စည်းထားသည့် တရားမျှတရေး အစုများ စုဖွဲ့နိုင်ပြီး၊ စွမ်းအားရှင်များကို လမ်းမများပေါ်တွင် ပြစ်ဒဏ်ခတ်နိုင်ကြပါသည်။ သူတို့၏ လူမဆန် သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အပြစ်ရှိကြောင်း "ပညာပေး" နိုင်ပါသည်။
ဤစွမ်းအားရှင်ဆိုသူများကို ၎င်းတို့နေထိုင်ရာ ရပ်ကွက်လူထုများက ကောင်းစွာသိထားကြပြီး၊ အချို့သော ကိစ္စများတွင် လက်စွမ်းပြ အရေးယူခဲ့လျှင်တောင် သူတို့ဆောင်ရွက်ခဲ့သည့် မတရားမှုများကြောင့် အရေးယူ အပြစ်ပေးခံကြရခြင်း ဖြစ်ကြောင်း သိသာစေကြမည် ဖြစ်ပါသည်။ သူတို့ကို ဆန့်ကျင်နေကြသူများအဖို့ လည်း အားတက်လာစေလိမ့်မည် ဖြစ်သည်။ အတိုက်အခံများဦးဆောင်သည့် လက်စွမ်းပြတပ်ဖွဲ့များက လူထု အတွင်း တည်ရှိနေသည့် အကြောက်တရားဝန်းကျင်ကို မဖယ်ရှားနိုင်ဟု ဆိုလျှင်သော်မှ အနည်းဆုံး နိုင်ငံရေး ချိန်ခွင်လျှာ ဖက်နှစ်ဖက်စလုံးတွင် အကြောက်တရားကို သက်ရောက်မှု မျှတလာစေလိမ့်မည် ဖြစ်သည်။
ဖေဖေါ်ဝါရီလ၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှ ကြေညာသည့် သတင်းတပုဒ်တွင် စစ်အစိုးရ လက်ကိုင် တုတ် လူမိုက်များကို အဓိကရည်ရွယ်တိုက်ခိုက်သည့် တိုက်ရိုက်လှုပ်ရှားမှုကို ရှားရှားပါးပါး ကြားခဲ့ရပါသည်။ သတင်းအရ စစ်အစိုးရနှင့် ဆက်စပ်ပတ်သက်နေသည့် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းအဖွဲ့ဝင် လှိုင်သာယာမြို့နယ်နေ လူထုကို နှိပ်စက်နေသည်ဟု သတင်းကျော်စောနေသူတဦးကို ခေါင်းဖြတ်သတ်ဖြတ် ခဲ့ကြောင်း ကြားသိရပါသည်။ ဤသတင်းကြောင့် အခြားကြံ့ဖွံ့ အဖွဲ့ဝင်များတွင်လည်း အလားတူ ကြောက်ရွံ့ လာစေနိုင်ပြီး၊ လူထုကို ဖိနှိပ်ဆက်ဆံနေမှုများ သိသိသာသာ လျော့ပါးလာကြောင်း သတင်းအရ သိရှိရပါ သည်။ အကယ်၍ ယခုလို လက်စားချေခံရမည့် ကြောက်ရွံ့စိုးရိမ်နေမှုများ ပိုမိုကျယ်ပြန့်လာပါက စစ်အစိုးရ အဖို့ အတိုက်အခံများကို ထိန်းချုပ်စရာ အင်အားအရင်းအမြစ်များ ပို၍လျော့နည်းသွားပေလိမ့်မည်။ အတိုက် အခံများနှင့် တွေ့ဆုံဆွေးနွေးရေးအတွက်လည်း စဉ်းစားစရာအချက် ဖြစ်လာစေမည် ဖြစ်သည်။
ဤသို့ ဆောင်ရွက်ရမည့်အစား ပြည်ပရှိ အတိုက်အခံအင်အားစုများက အကြမ်းမဖက်နည်းနာကိုသာ တရား သေ ဆုပ်ကိုင်ထားပြီး ယခုအခါ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုထားမှုကို ပယ်ဖျက်ပေးရန် လှုပ်ရှားမှုကို အကြီးအကျယ် အားတင်းလုပ်ဆောင်နေကြပြန်ပြီ ဖြစ်သည်။ ကုလသမဂ္ဂသို့ တောင်းဆိုမှုဆို သည်မှာ ယခုမှ စတင်လုပ်ဆောင်ကြခြင်း မဟုတ်ပါ။ ၁၉၉၆ ခုနှစ်က အလားတူ လှုပ်ရှားမှုသည် အောင်မြင်မှု မရဘဲ အဆုံးသတ်ခဲ့ရသလို၊ ယခုတကြိမ် လှုပ်ရှားမှု အောင်မြင်ရန် ပိုကောင်းသည့် အခွင့်အလမ်းများ ရှိနေ သည်ဟု မျှော်မှန်းထားရန် အချက်အလက်များ ရှိမနေပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံရှိ အခြားသော နိုင်ငံများစွာက သူတို့ကိုယ်တိုင် ဒီမိုကရေစီဖြစ်ရန် ဝေးနေကြဆဲဖြစ်ပြီး အလားတူ ပြစ်ဒဏ်ပေးမှုများကို လုပ် ဆောင်ရန် လက်တွန့်နေနိုင်ပါသည်။ လာမည့်တနေ့တွင် သူတို့လည်း အလားတူလုပ်ထုံးမျိုးနှင့် ရင်ဆိုင်ရနိုင် သည်ဟု ကြိုတွေးစိုးရိမ်နေနိုင်ကြပါသည်။
သေချာသည်မှာ တရုတ်နှင့် ရုရှားနိုင်ငံတို့က ဒီမိုကရေစီထွန်းကားရေး အားပေးမည့်သူများ မဟုတ်ကြသလို၊ သူတို့၏ ထောက်ခံပံ့ပိုးမှု မရပါကလည်း ယခုနောက်ဆုံး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တင်ပြဆုံးဖြတ် စေရန် ကြိုးပမ်းချက်များသည်လည်း အရေးနိမ့်မှုနှင့် ကြုံရမည်သာ ဖြစ်သည်။ အကယ်၍ သံတမာန်ရေး ကြိုးပမ်းမှုများကို အကောင်းဆုံးဆောင်ရွက် အောင်မြင်၍ ကုလသမဂ္ဂထိုင်ခုံမှ မြန်မာစစ်အစိုးရကို ဖယ်ရှားနိုင် သည် ထားဦး၊ ပြည်တွင်းတွင် အာဏာသုံးအုပ်ချုပ်နေသည့် စစ်အစိုးရအပေါ် ထိခိုက်သက်ရောက်မှုမှာ အနည်းငယ်မျှသာ ရှိပါလိမ့်မည်။ ကုလသမဂ္ဂအတွင်း ကြိုးပမ်းဆောင်ရွက်နေမှုများကြောင့် ကမ္ဘာတ၀ှမ်း အာရုံစိုက် အလေးထားမှု ရလာနိုင်သည်ဆိုသော်လည်း အတိုက်အခံများ၏ နိုင်ငံတကာရှိ ကြိုးပမ်းချက်များ မှာ စစ်အစိုးရ လှုပ်သာလှည့်သာအောင် အဓိကပံ့ပိုးပေးနေသည့် စင်္ကာပူနိုင်ငံအပေါ် အထူးအာရုံထား ဆောင်ရွက်သင့်လှပါသည်။ အကြောင်းမှာ အနောက်နိုင်ငံဘဏ်ကြီးများနှင့် ထဲထဲဝင်ဝင် ဆက်စပ်နေရသည့်၊ နိုင်ငံတကာ အကျိုးစီးပွားများနှင့် ပတ်သက်နေရသည့် စင်္ကာပူနိုင်ငံက ဖိအားပေးလျှင် အထူးထိခိုက် လိုက် လျောရနိုင်သည့် အနေအထားရှိနေပါသည်။
စင်္ကာပူနိုင်ငံက တရုတ်နှင့် အခြားသောအိမ်နီးချင်း နိုင်ငံများသို့ လက်ညှိုးထိုးရင်း စစ်အစိုးရကို ပင်မ ထောက် ပံ့နေသူအဖြစ် ၎င်းကို ဝေဖန်လာသမျှကို အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့ပါသည်။ စစ်အစိုးရ သက်ဆိုးရှည် အောင် အသက်ဆက်ပေးနေသူမှာ စင်္ကာပူသာ ဖြစ်ပါသည်။ စစ်အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသား စုများတွင် စင်္ကာပူ၌ ဘဏ်စာရင်း ရှိနေကြသည်ကို လူအများသိထားပြီး ဖြစ်ပါသည်။ စစ်အစိုးရ၏ အာဏာ ရှင် ခေါင်းဆောင်ကြီးများက နောက်ဆုံးပေါ်နည်းပညာဖြင့် ဆေးကုသမှု ခံယူရန်အတွက် စင်္ကာပူသို့ မကြာ ခဏ ခရီးထွက်လေ့ရှိကြပါသည်။ စင်္ကာပူအာဏာပိုင်များကလည်း နွေးထွေးစွာ တရားဝင်ကြိုဆို လက်ခံခဲ့ကြ ပါသည်။ သို့သော်လည်း စင်္ကာပူနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အတိုက်အခံအင်အားစုများမှာမူ စစ်အစိုးရခေါင်း ဆောင်များ ခရီးအလာတွင် ဆန္ဒပြမည်ဆိုပါက ကွဲပြားခြားနားစွာပင်၊ ဖမ်းဆီးခံရမည့်အရေး၊ ဗီဇာနေထိုင်ခွင့် ပယ်ဖျက်သိမ်းခံရမည့် အန္တရာယ်များ ကြုံကြိုက်နေကြရပါသည်။
စင်္ကာပူက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်အဆက်အသွယ်ရှိသည့် စီးပွားရေးလုပ်ငန်း အများအပြားကို လက် ခံခဲ့ပြီး စင်္ကာပူနိုင်ငံတွင် ကုမ္ပဏီမှတ်ပုံတင်စေခဲ့ပါသည်။ စင်္ကာပူက ပိုက်ဆံအတွက် စီးပွားရေးကျင့်ဝတ်များ ကို ဘေးချိတ်ထားပြီး မြန်မာ စစ်အစိုးရအတွက် စီးပွားရေး တရားဝင် ဆောင်ရွက်နိုင်ရန် ဖုံးကွယ်၍ အကာ အကွယ် ပေးထားပါသည်။ ကိစ္စများစွာတွင် အနောက်တိုင်းနိုင်ငံများက ချမှတ်ထားသည့် စီးပွားရေး၊ ဘဏ္ဍာ ရေး ပိတ်ဆို့မှုများကို ကျော်လွှားဆောင်ရွက်နိုင်ခွင့် ရစေခဲ့ပါသည်။ မြန်မာ-စင်္ကာပူ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်နေမှု၏ ဥပမာတခုမှာ ဆေးလ်ဗားဝေ့ဖ် စွမ်းအင်ကုမ္ပဏီ (Silver Wave Energy) ဖြစ်ပါသည်။ သတင်းမီဒီယာများတွင်ဖော်ပြချက်အရ ဤစင်္ကာပူကုမ္ပဏီက စစ်အစိုးရနှင့် အိန္ဒိယ၊ ရုရှား ကုမ္ပဏီများ အကြား သဘောတူညီမှု ရရှိအောင် ကြားဝင်၍ ပွဲစားဆောင်ရွက်ပေးခဲ့ပါသည်။ သို့သော်လည်း ဤကုမ္ပဏီကို လေ့လာသုတေသနပြုကြည့်ရာတွင် ၎င်း၏ ဖုန်းနံပတ်နှင့် ရုံးခမ်းမှာ ရန်ကုန်မြို့၊ ထရိတ်ဒါးဟိုတယ်တွင် ရှိနေ သည်ကိုလည်း တွေ့ရှိခဲ့ရပြန်သည်။
ဤအချိန်တွင် ပြည်ပရောက် အတိုက်အခံအင်အားစု၏ ခေါင်းဆောင်မှုအတွင်း၌ မထိရောက်တော့သည့် မဟာဗျူဟာချ မှတ်သူများ ဆက်လက်၍ အတူတူ နေရာယူ ဦးဆောင်နေကြဆဲ ဖြစ်ပြီး၊ သူတို့က မြန်မာနိုင်ငံ တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်စေရေးအတွက် အကြမ်းမဖက်နည်းနာကို အဓိကကဏ္ဍအဖြစ် ထားရှိ ဆောင်ရွက်နေကြဆဲ ဖြစ်သည်။ ဆယ် စုနှစ် ၂ ခုကျော် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် မှုများ မရှိဘဲ ဦးဆောင်နေကြခြင်းဖြစ်ပြီး၊ အတိုက်အခံအင် အားစုများ၏ ဦးဆောင်မှုမှာ သေနေပြီ ဖြစ်သည်။ အမြင်သစ်များကို ရှောင်လွှဲဖယ်ကျဉ်နေကြပြီး၊ အားလုံးတက်ညီလက်ညီ ပါဝင်လှုပ်ရှားနိုင်မည့် မဟာဗျူဟာ လည်း ကင်းမဲ့နေပါသည်။ သူတို့က ရှုံးပြီးသား မဟာဗျူဟာ လမ်းကြောင်းကိုပင် ဆက်လက် လျှောက်လှမ်း နေကြပြီး ဤအတွက်ကြောင့်ပင် ယခုလို ၀မ်းနည်းကြေကွဲဖွယ် မည်သို့မျှ မစွမ်းနိုင်သည့် အခြေအနေဆိုက် နေကြရခြင်း ဖြစ်ပါသည်။
အတိုက်အခံအင်အားစုများအနေနှင့် ဤအနေအထားသို့ ကျရောက်ရခြင်းမှာ အနောက်တိုင်းနိုင်ငံများမှ ဘဏ္ဍာရေး အကူအညီများကို အကြီးအကျယ် အားကိုးမှီခိုခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဤ အကူ အညီများက အကြမ်းမဖက်လှုပ်ရှားမှုများအတွက်သာဟု ပွင့်ပွင့်လင်းလင်း ဖော်ပြထားကြပါသည်။ ဤသို့ ငွေကြေးအကူအညီများ လက်ခံရယူ နိုင်သော်လည်း အကြမ်းမဖက် လှုပ်ရှားမှုကို ဖြည့်ဆီးဖော်ဆောင်ပေးနိုင် မည့် စုပေါင်းညီညွတ်သော ထိုးစစ်ဆင် လှုပ်ရှားမှု များဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက်မှုကို အဟန့်အတား မဖြစ်စေသင့်ပါ။ အလားတူ စစ်အစိုးရနှင့် ၎င်းကို ပံ့ပိုးနေသူများကို ဦးတည်ချက်ထားသည့် အကြမ်းဖက်ရော၊ အကြမ်းမဖက်ပါ ပါသည့် နည်းပေါင်းစုံ အောင်မြင်သော စီမံချက်များ ဖော်ဆောင်နိုင်ရေးအတွက်လည်း လူအားငွေအား စသည်ဖြင့် အရင်းအမြစ်များကို ထိထိရောက်ရောက် စီမံကွပ်ကဲတတ်ရန် အလွန်အရေးကြီး ပါသည်။ ဤသို့ ပူးပေါင်းလှုပ်ရှားမှုများဖြင့် အောင်ပွဲများရရှိခဲ့ကြောင်း သမိုင်းသက်သေများ ရှိထားပြီးဖြစ်ပါ သည်။
ပြည်ပရောက် ဒီမိုကရေစီအတိုက်အခံ ခေါင်းဆောင်များက အယူအဆဟောင်း၊ နည်းနာဟောင်းများကို ထပ်၍ တကျော့ကျော့ ပြောဆိုတင်ပြ နေကြပါသည်။ စစ်အစိုးရအုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် သူတို့မှာ နောက်ထပ်ရွေးကောက်ပွဲဝင်ရန် အခွင့်အလမ်းမရှိသလို၊ မည်သည့် မဲဆန္ဒနယ်ကိုမျှလည်း ပိုင်ဆိုင်ထားခြင်း မရှိကြတော့ပါ။ သူတို့တွင် ကျောထောက်နောက်ခံ ပြုထားသူဟူ၍ အနောက်တိုင်း ဆရာကြီးများသာ ရှိပါ တော့သည်။ စကားပြောကြည့်ရာမှ တွေ့လာရသည်မှာ များစွာသော အတိုက်အခံများက သူတို့၏ ပြည်ပ ရောက် အနေအထားကို ဆက်လက်ဆုပ်ကိုင်ထားရန် လိုလားကြပြီး၊ လက်ရှိဘ၀တွင် နေပျော်နေကြပါ သည်။ မအောင်မြင် အရေးနိမ့်ရသည့် မူဝါဒများ၏ ဆိုးကျိုးကို တိုက်ရိုက်မခံစားရသလို၊ သူတို့၏ ရဲရဲတောက် သတ္တိစွမ်းများကို အမှန်တကယ် ကြီးလေးစွာ မကြာခဏဆိုသလို နစ်နာခံစားကြရသူများမှာ မြန်မာပြည်တွင်း ရှိ ပြည်သူများသာ ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်တွင်းရှိ အတိုက်အခံ ခေါင်းဆောင်များမှာလည်း အလားတူပင် စစ် မျက်နှာပေါင်းစုံတွင် အရေးနိမ့်ခဲ့ကြပါသည်။ စစ်တပ်တွင်း အာဏာလွန်ဆွဲမှုနှင့် အားပြိုင်မှုများကြောင့် ၂၀၀၄ ခုနှစ်က စစ်တပ်ထောက်လှမ်းရေး ကွန်ရက်ကို ဖျက်သိမ်းခဲ့စဉ်က ယာယီဖြစ်ပေါ်ခဲ့သည့် အားနည်းချက်ကို လည်း အခွင့်ကောင်းယူ၍ အသုံးမချနိုင်ခဲ့ကြပါ။ ထိုမျှမက တိုင်းရင်းသား လက်နက်ကိုင်တပ်များ၏ အကျယ် အပြန့် ထောက်ခံမှုအင်အားကို အရယူ၍ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများအတွက် ပို၍ ကြီးမားသည့် လှုပ်ရှား မှု ဖြစ်လာစေရန်၊ ထိုးစစ်သဘောဆောင်သည့် လှုပ်ရှားမှုများ ဖြစ်လာစေရန်လည်း ပျက်ကွက်ခဲ့ကြပါသည်။ တချိန်တည်းမှာပင် စင်္ကာပူ၊ တရုတ်နှင့် စစ်အစိုးရကို အဓိက ထောက်ခံပံ့ပိုးနေသည့် နိုင်ငံများကို ပစ်မှတ် ထား လှုပ်ရှားရန်လည်း ပျက်ကွက်ခဲ့ကြပါသည်။ နောက်ဆုံးရလဒ်အနေနှင့် သူတို့က လက်ဦးမှု အားလုံးနီးပါး ဆုံးရှုံးခဲ့ကြရသည်။ အကယ်၍ လက်ရှိအခြေအနေအောက်တွင် လက်ရှိနည်းဗျူဟာများနှင့် ဆက်သွားနေပါ က သူတို့ နောက်တကြိမ်ဆုံးရှုံးရဦးမည်ကို သဘောမပေါက်နိုင်လောက်အောင်ပင် သူတို့ ဖြစ်နေကြပါသည်။
REF: ဧရာဝတီ
0 comments:
Post a Comment