Saturday, March 26, 2011

ရှမ်းပြည်အရှေ့ပိုင်းငလျင် သေဆုံးသူ ၁၅၀ အထိ မြင့်တက်နိုင်

ဝေမိုး
26 March 2011

ရှမ်းပြည်အရှေ့ပိုင်းတွင် မတ်လ ၂၄ ရက်နေ့၌ လှုပ်ခတ်သွားသော အားပြင်းငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် သေဆုံးသူ အနည်းဆုံး ၁၅၀ အထိ မြင့်တက်နိုင်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သိရသည်။

ပြင်းအားအဆင့် ၇ ရှိ ငလျင်ကြောင့် သေဆုံးသူ ၇၃ ဦးရှိကြောင်း စစ်အစိုးရ မီဒီယာများက ဖော်ပြထားသော်လည်း မတ်လ ၂၅ ရက်နေ့အထိ နောက်ဆက်တွဲ လှုပ်ခတ်နေသော ငလျင်ငယ်များကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေသော ဒေသခံများက ပြောသည်။

“ကြာသပတေးနေ့ ငလျင်နဲ့ သောကြာ နေ့တွေမှာ ဆက်ဖြစ်နေတဲ့ နောက် ဆက်တွဲ ငလျင်တွေကြောင့် တာလေ နဲ့မိုင်းလင်းလို ငလျင်ဒဏ် အဆိုးဆုံးထိတဲ့ နေရာတွေမှာ အနည်းဆုံး လူ ၁၅၀ လောက် သေနိုင်တယ်” ဟု တာချီလိတ်မြို့မှ ဒေသခံ ကြက်ခြေနီ အဖွဲ့ဝင်တဦးက ပြောသည်။

“ပြိုကျ ပျက်စီးနေတဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေး အလုပ်သမားတွေနဲ့ ဒေသခံတွေက ဆက်ရှာနေတုန်းပါ။ လေ့ကျင့်ပေးထားတဲ့ အနံ့ခံခွေးတွေလို အပါအဝင် ကိရိယာစုံစုံလင်လင် မရှိတာနဲ့ အတွေ့အကြုံ မရှိကြတာရယ်ကြောင့် အခက်အခဲတွေ အများကြီးတွေ့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မှ ဒေသခံများနှင့် ထိုင်းနယ်စပ်မြို့ မယ်ဆိုင်မှ ဒေသခံများက ငလျင်ဒဏ်ခံရသူများအတွက် အစားအသောက်နှင့် အထောက်အပံ့ပစ္စည်းများ စုဆောင်းပေးပို့နေကြောင်း၊ ရှမ်းပြည်နယ်ရှိ တခြားမြို့နယ်များမှလည်း အလှူငွေများနှင့် ကူညီကယ်ဆယ်ရေးသမားများ ပေးပို့စေလွှတ်နေကြောင်း သိရသည်။

တာချီလိတ် မြို့ခံတဦးက “ငလျင်ဒဏ်ခံရသူတွေအတွက် ကျနော်တို့ ဆန်၊ သောက်ရေနဲ့ စောင်တွေကို စုဆောင်းတယ်။ တာလေနဲ့ မိုင်းလင်းကို ပို့တယ်” ဟု ပြောသည်။

ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးသမားများက သေဆုံးသူ ၁၅၀ အထိ ရှိနိုင်သည်ဟု ဆိုသော်လည်း စစ်အစိုးရ မီဒီယာများက ယမန်နေ့က ကြေညာချက်အတိုင်း ယနေ့ နေ့လည်အထိ သေဆုံးသူ ၇၃ ဦးနှင့် ဒဏ်ရာရသူ ၁၂၅ ဦးဟု ထုတ်လွှင့်ဆဲ ဖြစ်သည်။

စစ်အစိုးရ သတင်းစာများတွင်လည်း ငလျင်ဘေးနှင့် ကူညီကယ်ဆယ်ရေး သတင်းထက် မနက်ဖြန် ကျရောက်မည့် တော်လှန်ရေးနေ့ဆိုင်ရာ ဝါဒဖြန့်ကိစ္စများကိုသာ ဦးစားပေး ဖော်ပြထားသည်။

သတင်းစာ ကျောဖုံးနှင့် အတွင်းပိုင်းတွင် တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုး ကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် စုစုပေါင်း အိမ်ခြေ ၂၂၄ လုံးနှင့် ခြောက်ခန်းတွဲ လူနေလိုင်းခန်း ၁ ခု၊ သာသနိက အဆောက်အအုံ ၁၁ ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံး ပြိုကျပျက်စီးကြောင်း၊ ငလျင်ဒဏ်ခံဒေသသို့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးတို့ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း ဖော်ပြထားသည်။

စစ်အစိုးရ၏ ကူညီကယ်ဆယ်ရေး တုံ့ပြန်မှုများနှင့် ပတ်သက်၍ နိုင်ငံ တကာ NGO တခုမှ မြန်မာဝန်ထမ်း တဦးက “ရှမ်းပြည်မှာ အခု ငလျင် လှုပ်တဲ့ ကိစ္စအပေါ် အစိုးရတဲ့ တုံ့ပြန်ပုံကိုမြင်တော့ နာဂစ် ဆိုင်ကလုန်းတုန်းက အခြေအနေ ကိုသွားသတိ ရတယ်။ လူတွေ ဒုက္ခရောက်နေတုန်း စစ်ဗိုလ်ချုပ်တွေက ဓာတ်ပုံလာအရိုက်ခံပြီး ဝါဒဖြန့်နေတယ်” ဟု ပြောသည်။

နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် လွှတ်တော်မှ ဝမ်းနည်းကြောင်း အဆိုကို ယမန်နေ့က အတည်ပြုကြသည်။ သို့သော် ယင်းဝမ်းနည်းကြောင်းအဆိုကို လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုကြောင်းကြေညာရာ လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်တီး ကြသဖြင့် စစ်အစိုးရရုပ်သံမှ စောင့်ကြည့်နေသူများနှင့် မီဒီယာတချို့က ဝေဖန်ခဲ့ကြသည်။

လွှတ်တော်သို့ တက်ရောက်နေသော ကိုယ်စားလှယ်တဦးက “ပုံမှန်ကတော့ လွှတ်တော်မှာ အတည်ပြုလိုက်တယ်၊ မှတ်တမ်းတင်လိုက်တယ်လို့ ကြေညာရင် လက်ခုပ် ထတီး လိုက်ကြတာပါပဲ။ အခုက ငလျင်အတွက် ဝမ်းနည်းကြောင်း အတည်ပြုတာကိုလည်း လက်ခုပ်တီးရမယ်ထင်ပြီး တီးလိုက်မိတာပဲ” ဟု ပြောသည်။

တရုတ်သမ္မတ ဟူကျင်တောင်က သမ္မတလောင်း ဦးသိန်းစိန်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်လည်း လူပေါင်း ၆၅၀၀ ကျော် ထိခိုက်ခံစားရမှု ရှိခဲ့ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ မြန်မာစစ်အစိုးရကမူ ငလျင်ဒဏ်ခံရမှုများနှင့် ပတ်သက်၍ ဒေသအတွင်း လူမည်မျှ ထိခိုက်ခဲ့မှုရှိကြောင်း မကြေညာနိုင်သေးပေ။

Ref;Irrawddy

0 comments:

အပေါ်သို့