Thursday, March 24, 2011

အမှတ် (၁၉) နယ်ခြားစောင့်တပ်ရင်း သရက်ဖြူစခန်း တိုက်ခိုက်သိမ်းပိုက် ခံရ

March 24, 2011

ကရင်ပြည်နယ် မြဝတီအနီးက မယ်ပလဲ၊ ဝှေ့ရှမ်း၊ ထိပေါပလော ကြားမှာရှိတဲ့ သရက်ဖြူ စခန်းမှာ အခြေပြုတဲ့ နယ်ခြား စောင့်တပ် တပ်ရင်း ၁၉ ကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့တွေက မတ်လ ၂၂ ရက်နေ့က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။


တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် ပြောပြတာက ..

“ဒီ သရက်ဖြူစခန်းမှာ တာဝန်ယူတာက BGF တပ်ရင်း ၁၉ ပါ ဗိုလ်မှူး ဒီးဒီး က ဦးဆောင်တယ်။ ၂၂ ရက်နေ့ နေ့ခင်း ၁၁ လောက်မှာ ကျနော်တို့ ဘက်က စခန်းကို သိမ်းပြီး မီးရှို့ပစ်ခဲ့တယ်။ စစ်အာဏာရှင် လက်အောက်မှာ နယ်ခြားစောင့် အဖြစ်နဲ့ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ကျနော် တခုပြောချင်တယ်၊ ကျနော်တို့ တော်လှန်ရေး ညီအကိုတွေ အချင်းချင်း အမြန် ပူးပေါင်းဖို့ လိုပြီ စစ်အာဏာရှင်က နယ်ခြားစောင့် တပ်တွေကို ရှေ့မှာထားပြီး ထိုးကျွေး ထားတာ ဖြစ်တယ်။ ဒီအတိုင်း ဆက်သွားမယ် ဆိုရင်တော့ လုံးပါးပါးပြီး ပျောက်သွား လိမ့်မယ်။ ကျနော်တို့လည်း ညီအကို အချင်းချင်း မတိုက်ချင်းပါဘူး၊ ခုလောလောဆယ် သူတို့တွေဟာ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်၊ စစ်အာဏာရှင်က အသုံးချခံ ဖြစ်နေတဲ့ အတွက် မဖြစ်မနေ တိုက်နေရတာ ဖြစ်တယ်” လို့ ပြောပြ သွားပါတယ်။

ကော့ကရိတ်မြို့နယ်ထဲက ထိပိုးစံရွာ အနီးမှာလည်း ကေအန်ယူ တပ်ရင်း ၁၀၁ နဲ့ ဒီကေဘီကေ တပ်ရင်း ၉၀၅ တို့ ပူးပေါင်း တပ်ဖွဲတွေက နအဖ ခလရ (၉၇) ကို မတ်လ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲ အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါ။

အခုဆိုရင် ကေအန်ယူနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေဟာ မြဝတီမြို့နယ် ကော့ကရိတ် မြို့နယ် တွေမှာ လူထု စည်းရုံးရေး လုပ်ငန်းတွေ လူထု အုပ်ချုပ်ရေး လုပ်ငန်းတွေ ပြုလုပ်နေပြီး နအဖ တပ်စခန်း တွေကို ဆက်လက် ထိုးနှက် တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ် လို့လဲ ကြားသိရပါတယ်။


Ref: နေ့သစ်

0 comments:

အပေါ်သို့