Monday, March 21, 2011

မဏ္ဍပ်တိုင်းတွင် မိုင်းရှင်းဗုံးရှာ ကိရိယာများ ထားရမည်

Monday, 21 March 2011

မြန်မာ့ရိုးရာ အတာသင်္ကြန် ကာလတွင် မဏ္ဍပ်ဆောက်လုပ် လိုသူများအနေနှင့် လုံခြုံရေး ၀န်ထမ်းများ၊ CCTV ကင်မရာများ၊ အရေးပေါ် မိုင်းရှာ ဗုံးရှင်း ကိရိယာများ မဖြစ်မနေ ထားရှိမှသာ သက်ဆိုင်ရာက ခွင့်ပြုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအ၀င် မြို့ကြီးများ တွင် ဆောက်လုပ်မည့် ပုဂ္ဂလိက သင်္ကြန် မဏ္ဍပ် အားလုံးလိုက်နာ ရမည် ဖြစ်သော လုံခြုံရေးဆိုင်ရာ စည်းကမ်း ချက် ၂၅ ချက်အား စည်းကမ်း ထိန်းသိမ်းရေးနှင့် လုံခြုံရေးကော်မတီ မှ မတ်လ ဒုတိယ ပတ်အတွင်း စတင် ထုတ်ပြန်ကြေညာ လိုက်ရာ အထက်ပါ အချက်များပါဝင်သည်။

မဏ္ဍပ်လုံခြုံရေးအတွက် စောင့်ကြည့်မည့် အဖွဲ့များကိုပါ ဖွဲ့စည်း ထားရမည် ဖြစ်ကြောင်း၊ သင်္ကြန်မဏ္ဍပ် လုံခြုံရေးအတွက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် အတူ ပူးတွဲ အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး တဦးက ပြောသည်။

“မနှစ်ကလို ဗုံးပေါက်ကွဲမှုမျိုး ဖြစ်မှာစိုးလို့ လုံခြုံရေးကိစ္စ ဆောင်ရွက်ဖို့ ညွှန်ကြားတာပါ။ လုံခြုံရေးကိစ္စ သေချာ စီစဉ်ရမယ်၊ မဏ္ဍပ်တိုင်း လုပ်ရမယ်။ ဒီနှစ်တော့ မဏ္ဍပ် ဆောက်လုပ်ခွင့်ကိုလည်း သေသေချာချာ စိစစ်သွားမှာ ဆိုတော့ သင်္ကြန်မဏ္ဍပ် အရေအတွက်လည်း နည်းနိုင်တယ်” ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုး ရေးကောင်စီမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

စည်းကမ်းချက်များတွင် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရာ၌ ဆက်သွယ်ရေး လွယ်ကူစေရန် မဏ္ဍပ်တိုင်းတွင် တယ်လီဖုန်းများ ထားရှိရန်၊ Light Truck ယာဉ်တစီးထားရှိရန်နှင့် မိုင်းစွန့်ရန်အတွက် ကျင်း၊ သဲအိတ်၊ တာယာကွင်းများ ထားရှိရန် ဆိုသည့် အချက်များလည်း ပါရှိသည်။ ထို့အပြင် အရေးပေါ် အချိန်တွင် အသုံးပြုနိုင်ရန် လုံခြုံရေး ဝန်ထမ်းများကိုလည်း လုံခြုံရေး ကုမ္ပဏီများမှ အတွေ့အကြုံရှိသူများကို သတ်မှတ်ပေးထားသည့် အင်အားအတိုင်း တာဝန်ချ ပေးရမည်ဟု ဆိုထားသည်။

ယခုနှစ် သင်္ကြန်ကာလတွင် အင်းလျားကန်ဘေး တက္ကသိုလ်ရိပ်သာလမ်း တလျှောက်တွင် မဏ္ဍပ် ဆောက်လုပ်ခွင့် ပြုမည် မဟုတ်ကြောင်း၊ ယမန်နှစ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကန်တော်ကြီး ပတ်လမ်းတွင်လည်း မဏ္ဍပ် အရေအတွက် လျှော့ချမည် ဖြစ်ကြောင်း သိရသည်။

ယမန်နှစ်က မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းရှိ X20 ရေကစား မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးကာ ၁၇၀ ကျော်ဒဏ်ရာ ရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လိုသူ အရေအတွက် လျော့ကျဖွယ်ရှိပြီး လူငယ်အများစုမှာလည်း ရေပက်ခံထွက်ရန် ကြောက်ရွံ့နေကြကြောင်း သိရှိရသည်။

“ကျနော်တို့ လူငယ်တွေ စုပေါင်းပြီး သင်္ကြန်မဏ္ဍပ် ဆောက်ချင်ကြတယ်။ ဒါပေမယ့် အိမ်က မိဘတွေက ခွင့်မပြုဘူး။ မနှစ်ကလိုဗုံးပေါက်တာတွေ ဖြစ်မှာစိုးတယ်။ တခြား သူငယ်ချင်းတွေကလည်း ဒီနှစ်သင်္ကြန် ခရီးထွက်ဖို့ စီစဉ်နေကြတယ်။ အားလုံးက မနှစ်ကလို ထပ်ဖြစ်မှာ ကြောက်ကြတယ်” ဟု ရန်ကုန်မြို့နေ လူငယ်တဦးက ပြောသည်။

လုံခြုံရေး အစီအမံများ ပါဝင်သောကြောင့် သင်္ကြန် မဏ္ဍပ်ဆောက်ရာတွင် စရိတ်ပိုမို ကုန်ကျနိုင်ကြောင်း သင်္ကြန်ကာလ များတွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လေ့ရှိသူ စီးပွားရေးလုပ်ငန်းရှင် တဦးက ဆိုသည်။

“ပုံမှန်ဆိုရင် အသေးစားမဏ္ဍပ်တခုအတွက် အနည်းဆုံး ကျပ်သိန်း ၅၀ လောက်ကနေ စပြီး ကုန်တာလေ။ ဒါတောင် စည်ပင်ကို တင်ထားရတဲ့ စပေါ်ငွေ မပါသေးဘူး။ စပေါ်ငွေဆိုတာက ပြန်ရတော့ ကုန်ကျစရိတ်ထဲ ထည့်မတွက်တော့ဘူး။ ဒီနှစ် မဏ္ဍပ် လုံခြုံရေးအတွက် ၀န်ထမ်းအနည်းဆုံး ၁၀ ဦး ငှားရမယ်။ မဏ္ဍပ်မှာ ကင်မရာတွေ တပ်ရမယ်။ အရေးပေါ် အစီအစဉ်တွေ အကုန်လုံး လုပ်ရမယ်ဆိုတော့ စစ်ဆင်ရေး တခုလုပ်ရသလိုဖြစ်နေတယ်။ ကုန်ကျစရိတ်လည်း ပိုများမယ့်အပြင် အတော်ကို ခေါင်းရှုပ်ရမှာပါ” ဟု သူက ပြောသည်။

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်တွင် မြန်မာစာ အထူးပြုဘာသာရပ် တက်ရောက် သင်ကြားနေသူ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ် ကျောင်းသူတဦးကလည်း သင်္ကြန်ကာလတွင် ရေပက်ခံ မထွက်ဘဲ တရားစခန်းဝင်မည်ဟု ဆိုသည်။

လူအများစုသည် ယမန်နှစ်ကကဲ့သို့ ဗုံးပေါက်ကွဲမည်ကို စိုးရိမ်နေသကဲ့သို့ စက်သုံးဆီဈေးများလည်း မြင့်တက်နေသောကြောင့် ကားငှားလည်ပတ်မည့်သူ နည်းပါး မည်ဟု ရန်ကုန်မြို့ခံ ကားအငှားလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။

“သင်္ကြန်အတွက် နယ်အငှားတွေတော့ စပြီး လက်ခံနေပြီ။ ရန်ကုန်ကတော့ ဒီနှစ်သိပ်မသေချာလို့ လက်မခံဖြစ်သေးဘူး။ ရန်ကုန်မှာ စည်မယ့်ပုံမရှိဘူး။ နယ်ဘက် တွေကိုပဲ အသွားများကြမယ်” ဟု မြန်မာပြည်သား ကားလုပ်ငန်း မန်နေဂျာက ပြောသည်။

မဟာသင်္ကြန်ကျင်းပရန် ရက် ၂၀ ကျော်သာ လိုတော့သော်လည်း ရန်ကုန်မြို့တွင်း မဏ္ဍပ်များ နေရာချထားပေးခြင်း မရှိသေးပေ။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကမူ ယခုနှစ်သင်္ကြန်ကာလ ကျရောက်မည့် နွေတွင် လာနီညာ ရာသီဥတုကြောင့် အပူချိန် လျော့နည်းမည် ဖြစ်ပြီး မိုးတိမ် တောင်ကြောင့် မိုးရွာသွန်းမှုများ၊ မိုးကြိုးပစ်မှုများ၊ မိုးသက်လေပြင်း ကျရောက်မှုများ ကြုံတွေ့နိုင်သည်ဟု ခန့်မှန်းပြောဆိုထားသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့