Thursday, March 24, 2011

မြန်မာ ဘောလုံးအသင်းကို စိတ်ပျက်ကုန်ပြီ

ရန်ပိုင်
24 March 2011

ရန်ကုန်မြို့တွင် ကျင်းပနေသည့် အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဖလား AFC Challenge Cup ပြိုင်ပွဲ၌ ယမန်နေ့က မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းက ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်အသင်းအား၂ ဂိုးပြတ် ရှုံးနိမ့်သွားသည့်အတွက် အာရှ ဖလားပြိုင်ပွဲ ၀င်ရောက်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း ဘောလုံးဝါသနာ အိုးများက ပြောဆိုနေကြသည်။

News-Myanmar-Football-March-24-11

မြန်မာဘောလုံးအသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလက ကျင်းပသည့် ဆူဇူးကီးဖလားတွင် ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယ အကြိမ်မြောက် ဆက်လက် ရှုံးနိမ့် ခြင်းဖြစ်သည့် အတွက် မြန်မာဘောလုံး အသင်းကို အားပေးသည့် ပရိသတ်မှာ စိတ်ပျက် လက်ပျက်ဖြစ်သွားရကြောင်း အားကစားဝါသနာရှင် တဦးက ပြောသည်။

“နည်းပြတွေ ဘာတွေလည်းပြီးလို့ ဟုတ်ပြီ ထင်နေတာ၊ အရင်ပုံ အတိုင်းပါပဲ၊ စိတ်ပျက်ဖို့ ကောင်းတယ်”ဟု ၎င်းက ဆိုသည်။

ဝါရင့်အားကစားကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား)ကမူ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ကျဆုံးရခြင်းသည် အာရှအဆင့်အတန်း မီသည့် ကစားသမား မရှိတော့၍ ဖြစ်ပြီး နည်းပြမှာလည်း အသင်းသားများနှင့် ကိုက်ညီခြင်းမရှိသည့် စနစ်ကို အသုံးပြသည့် အတွက် ဖြစ်သည်ဟု ပြောသည်။

ယခုအခါ မြန်မာဘောလုံးလောကတွင် အားကစားသမားကောင်းများ ထပ်မံပေါ်ထွက်ရန် အခွင့်အလမ်းမရှိတော့ကြောင်း၊ ယခင် လမ်းဘေးဘောလုံးပွဲများမှ ကစားသမားကောင်း ထွက်သကဲ့သို့ ကျောင်းပေါင်းစုံ၊ ပြည်နယ်တိုင်း၊ ၀န်ကြီးဌာန၊ စစ်တပ် စသည့်အဖွဲအစည်းများမှလည်း ထွက်ပေါ်ကြောင်း၊ ယခုအခါ ဘောလုံးကလပ်အသင်းကြီး များကိုသာ မှီခိုနေရကြောင်း ဦးခင်မောင်ထွေး က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက ယခု ဘင်္ဂလားဒေ့ရှ် အသင်းအား ရှုံးနိမ့်မှုနှင့် ပတ်သက်၍ အဖွဲ့ချုပ်နှင့် တကွ၊ အားလုံးတွင် တာဝန်ရှိကြောင်း၊ ရွေးချယ်ထားသည့် ကစားသမားများတွင် ဒဏ်ရာရရှိသူများပြားနေပြီး နည်းပြအသစ်နှင့် လည်း အံဝင်ခွင်င်ကျ မရှိသေးကြောင်း၊ သို့သော် မနက်ဖြန်တွင်ယှဉ်ပြိုင်ရမည့် ပါလက်စတိုင်း အသင်းကို အနိုင်ရလျှင် မြန်မာ အသင်း မှာ မျော်လင့်ချက်ရှိသေးကြောင်း ဧရာဝတီ သို့ ရှင်းပြသည်။

“ပွဲချိန် မိနစ် ၈၀ လောက်ကို မြန်မာအသင်းက ဖိထားတာ၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်က ရတဲ့ အခွင့်အရေးကို အသုံးချသွားတာ”ဟု ၎င်းက ဆိုသည်။

အကယ်၍ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်မှုများမရရှိခဲ့လျှင် လက်ရှိနည်းပြနှင့် ချုပ်ဆိုထားသည့်စာချုပ်ကို လျော်ကြေး ပေး ကာ ဖျက်သိမ်းပစ်မည်ဖြစ်ကြောင်း ဦးစိုးမိုးက ပြောသည်။

လက်ရှိနည်းပြမှာ ဆားဘီးယား နိုင်ငံသား ဇီဗာဒီနိုဗစ် ဖြစ်ပြီး လွန်ခဲ့သည့် ဇန်န၀ါရီလကမှ စတင်၍ မြန်မာ့ လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

နည်းပြ ဇီဗာဒီနိုဗစ် ကမူ ယခုကဲ့သို့ မြန်မာအသင်းရှုံးနိမ့်ရခြင်းမှာ လူငယ်လက်ရွေးစင် ကစားသမားများကို မရွေးချယ်ဘဲ သက်ကြီး ကစားသမားများကို ရွေးချယ်ခဲ့၍ ဖြစ်ကြောင်း၊ ထို့အတွက် ရာထူးမှထုတ်ပယ်လျှင်လည်း လက်ခံမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြောင်း အားကစား သတင်းများကို ဖော်ပြပေးနေသည့် Soccer Myanmar အင်တာ နက် စာမျက်နှာတွင် ရေးသား ထားသည်။

ယခု ပြိုင်ပွဲမှာ အာရှတိုက်အတွင်းရှိ ဘောလုံးအားကစား ဖွံဖြိုးမှု အားနည်းသည်ဟု သတ်မှတ်ခံရသည့် မြန်မာ၊ ဘင်္ဂလား၊ ဖိလစ် ပိုင်၊ ပါလက်စတိုင်း နိုင်ငံများ အတွက် သီးသန့် ကျင်းပပေးခြင်း ဖြစ်ပြီး ဗိုလ်စွဲသည့် အသင်းသည် အာရှဖလား ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာဘောလုံးအသင်း၏ အတောက်ပဆုံး အချိန်ကာလများမှ ၁၉၆၀ ခုနှစ်တ၀ိုက်က ဖြစ်ခဲ့ပြီး ထိုမှ တဖြည်းဖြည်း နိမ့်ကျလာခဲ့ရာ ၁၉၉၀-၉၃ ခုနှစ်ကာလများတွင်မူ ပြန်လည်၍ အသက်ဝင်လာခဲ့ပြီးနောက် ထိုးစိုက်ကျဆင်းသွားခဲ့ပြန်သည်။

စစ်အစိုးရက မြန်မာ ဘောလုံးလောက တိုးတက်စေရန်ဆိုသော အကြောင်းပြချက်ဖြင့် ၂၀၀၉ ခုနှစ်မှ စတင်ကာ ၎င်းနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ကို ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခန့်အပ်၍ တခြားသော စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ကိုယ် ပိုင် ဘောလုံး အသင်းများကို တည်ထောင်စေကာ ၀န်ကြီးဌာနအဆင့် အပျော်တမ်းစနစ်မှ ကြေးစားဘောလုံးစနစ်ကို ပြောင်းလဲ စေ ခဲ့သည်။

ထိုသို့ ပြောင်းလဲခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင်အသင်းမှာ တိုးတက်မှု ရှိမလာဘဲ ပိုမိုဆုတ်ယုတ်ခဲ့သည်။ အဆိုးရွားဆုံး ရှုံးနိမ့်မှုမှာ ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလက ဆူဇူကီးဖလားတွင် ဗီယက်နမ်အသင်းကို ၇ ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်ခြင်းဖြစ်သည်။

မကြာသေးမီကလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆတ်ဘလတ္တာ မြန်မာ နိုင်ငံသို့လာရောက်ပြီး ဘောလုံးအားကစား တိုးတက် စေရန် ဖီဖာအကူအညီဖြင့် မန္တလေးမြို့တွင် တည်ဆောက်နေသည့် ဘောလုံးအကယ်ဒမီ သင်တန်းကျောင်ကို ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာ အသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က ဒေသတွင်း ပြိုင်ဘက် ဖိလစ်ပိုင်အသင်းကို တဖက်တဂိုးစီ သရေကျခဲပြီး ဘင်္ဂလား ဒေ့ရှ် အသင်းကိုမူ ရှုံးနိမ့်ကာ ၁ မှတ်သာ ရရှိထားသည်။ မနက်ဖြန်တွင် ပါလက်စတိုင်းအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုအုပ်စု တွင် ပါလက်စတိုင်းအသင်းက ၄ မှတ်နှင့် အုပ်စု ပထမ၊ ဘင်္ဂလားဒေ့ရှ်က ၃ မှတ်၊ ဖိလစ်ပိုင်နှင့် မြန်မာက ၁ မှတ်စီရထားသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့