December 20, 2011
နန်းမြနဒီ
အစိုးရကိုယ်စားလှယ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကိစ္စ ပမာဏတွေ့ဆုံပွဲမှာ ချင်းပြည်သူတွေ ဆုံးဖြတ်ချက်ပါဝင်ဖို့အတွက် ချင်းအမျိုးသားတပ်ဦးက အရေးပေါ်ညီလာခံတရပ် ခေါ်ယူခဲ့ပါတယ်။
လာမယ့်ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်နေ့ကျရင် ချင်းပြည်နယ် ဟားခါးမြို့မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးဖို့ရှိတဲ့အတွက် အဘက်ဘက်က လိုလားချက်နဲ့ အကြံပြုချက်တွေ ပူးပေါင်းပါဝင်စေဖို့ အခုလိုအရေးပေါ်ညီလာခံကို ကျင်းပခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်က ပြောပါတယ်။
“ကျနော်တို့ ချင်းအမျိုးသား တပ်ဦးအနေနဲ့ တပ်မတော်အင်အား တောင့်တင်းခိုင်မာလာရေးအတွက် ချင်းပြည်နယ်က အမျိုးအနွယ်စုံ၊ ဒေသစုံ၊ အလွှာပေါင်းစုံ ချင်းအမျိုးသား တော်လှန်ရေးမှာ ပါဝင်နိုင်ရေး၊ နောက်ပြီး အခုကျနော်တို့ကို ငြိမ်းချမ်းရေး ပမာဏ ဆွေးနွေးမှုလုပ်ဖို့ ပြည်ထောင်စု အစိုးရကနေ ကမ်းလှမ်းလာတဲ့အတွက်ကြောင့် ကျနော်တို့ အရေးပေါ် ပထမအကြိမ် ပါတီညီလာခံကို ခေါ်ယူရတာဖြစ်ပါတယ်။”
ဒီလ ၁၂ ရက်နေ့ ကနေ ၁၆ ရက်နေ့ထိ အိန္ဒိယ-မြန်မာနယ်စပ်တနေရာမှာ ကျင်းပပြုလုပ်သွားခဲ့တာပါ။
ဒီအရေး ပေါ်ညီလာခံမှာ ချင်းအမျိုးသားတပ်ဦးပါတီ၊ ချင်းအမျိုးသား တပ်မတော် ပြည်တွင်းပြည်ပအဖွဲ့ ကိုယ်စားလှယ်တွေနဲ့အတူ အကြံပေးပုဂ္ဂိုလ်ပညာရှင်တွေ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ၊ ဖိတ်ကြားထားသူ လေ့လာသူတွေ စုစုပေါင်း ၁၅၃ ဦး တက်ရောက်ခဲ့ပါတယ်။
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ကိစ္စ အားလုံးက သဘောတူကြပြီး လာမယ့်လ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဒီညီလာခံ က အကြံပြုချက်တွေအပေါ် အခြေခံပြီး တောင်းဆိုညှိနှိုင်းသွားမယ်လို့ ဆိုပါတယ်။
လောလောဆယ် ဗဟိုကော်မတီ အစည်းအဝေးကိုလည်း ဆက်ကျင်းပနေတယ်လို့ ဒေါက်တာဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်က ပြောပါတယ်။
အစိုးရငြိမ်း ချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ပဏာမငြိမ်းချမ်းရေးဆွေးနွေးဖို့ ချင်းအမျိုးသားတပ်ဦးဘက်က လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာဆလိုင်းရွှေခါး ဦးဆောင်တဲ့ ၁ဝ ဦးပါ အဖွဲ့ကို စေလွှတ်မယ်လို့လည်း သိရပါတယ်။
ညီလာခံမှာ ငြိမ်းချမ်းရေးကိစ္စအပြင် ချင်းအမျိုးသားတပ်ဦးရဲ့ ဦးတည်ချက်တွေဖြစ်တဲ့ ချင်းဒေသကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေး စတာတွေအတွက် မျိုးနွယ်စုံ၊ ဒေသစုံ၊ အလွှာစုံက ချင်းတိုင်းရင်းသားအားလုံး နည်းမျိုးစုံနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။
အလွှာပေါင်း စုံပါဝင်လာဖို့ အဖွဲ့ဝင် ၅၅ ဦးပါတဲ့ ဗဟိုကော်မတီဝင်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အပြင် ၁၄ ဦးပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့၊ ၂၁ ဦးပါ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့တို့နဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ အဓိပတိကောင်စီ (Supreme Council) ကို လည်း ဖွဲ့စည်းခဲ့ပါတယ်။
ချင်းအမျိုး သားတပ်ဦးဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်းကလည်း နအဖ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်ဖို့အတွက် အိန္ဒိယမြန်မာနယ်စပ် ရိဒ်မြို့မှာ တွေ့ဆုံခဲ့ပေမယ့် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပါဘူး။
ဦးသိန်း စိန်အစိုးရလက်ထက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ နိုဝင်ဘာ ၁၉ ရက်နေ့က တွေဆုံခဲ့ရာမှာ ချင်းအမျိုးသားတပ်ဦးကလည်း ပါဝင်ခဲ့တယ်။
ချင်းအမျိုး သားတပ်ဦးကို မြန်မာနိုင်ငံမှာ ၈ လေးလုံး ဒီမိုကရေစီ အရေးအခင်း ဖြစ်ပွားခဲ့ပြီးတဲ့နောက် အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ချင်းပညာတတ်ကျောင်းသားတွေက ဦးဆောင်ပြီး ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့မှာ ဖွဲ့စည်းခဲ့တာပါ။
Ref: ဒီဗွီဘီ
Wednesday, December 21, 2011
အစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စ ချင်းအမျိုးသားတပ်ဦး အရေးပေါ်ညီလာခံကျင်းပ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment