December 16, 2011
ရွှေအောင်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဟာ ဒီနေ့မွန်းလွဲပိုင်းက ရန်ကုန်၊ ရှစ်မိုင်ရှိ စီးတီးဟိုတယ်မှာ ပြည်တွင်းစာနယ်ဇင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းက ပြည်တွင်းစာနယ်ဇင်းတွေနဲ့ တွေ့ဆုံခဲ့ရာမှာ သမ္မတက အပစ်ရပ်ဖို့ စာပို့ထားပေမယ့် တိုက်ပွဲတွေ ဘာကြောင့် ဆက်လက်ဖြစ်ပွားနေရတယ် ဆိုတာ အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးကို လက်ရှိအစိုးရ သက် တမ်းအတွင်း အပြီးဆောင်ရွက်သွားမယ့် အကြောင်းတွေ ပြောကြားသွားခဲ့ပါတယ်။
စာနယ်ဇင်းတွေ့ဆုံပွဲ တက်ခဲ့တဲ့ ရန်ကုန်မီဒီယာဂရုပ်ဖ်က ဥက္ကဋ္ဌ ဦးကိုကို (စက်မှု) ကို ဆက်သွယ်မေးမြန်းထားပါတယ်။
“အဓိကအချက်က တော့ သူတို့ဒီအစိုးရ လက်ထက်တွင်းမှာတော့ ငြိမ်းချမ်းရေးကို အကုန်လုံးရအောင် လုပ်မယ်။ ၂ နှစ်၊ ၃ နှစ်တော့ ကြာနိုင်တယ်။ အဲလိုတော့ပြောတယ်။ နောက်တခုက တချို့ အပြင်မှာ ပြောဆိုနေတာတွေ သမ္မတကြီးက အပစ်အခတ် ရပ်စဲဖို့၊ တိုက်ခိုက်မှုမပြုဖို့ လုပ်ပေးမယ်၊ တိုက်ပွဲလေးတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောတာ တချို့နေရာတွေမှာ ဘာဖြစ် လဲဆိုတော့ တပ်တွေအဆင့်ဆင့် ညွှန်ကြားတဲ့အခါမှာ တပ်တွေကို နယ်မြေမှာ တကယ်လှုပ်ရှားနေတဲ့ သူတို့ရဲ့ တပ်တွေဆီ သွားတဲ့အခါမှာ ဒီအမိန့်စာတွေဘာတွေ တချို့တပ်တွေမှာ ဆက်သွယ်ရေးကိရိယာတွေ ဘာတွေ မရှိတဲ့ တပ်ငယ်လေးတွေလည်း ရှိနိုင်တယ်။ ဒါကြောင့် ဒီသတင်းက အဲဒီကို မရောက်နိုင်သေးတဲ့ အခါမျိုးမှာ သွားလာလှုပ်ရှားရင်းနဲ့။ ဟိုဘက်ဒီဘက် သတင်း မရသေးတဲ့အခါမှာ နားလည်မှု လွဲတာလေးတွေ ရှိနိုင်ပါတယ်။ အဲလိုပဲပြောတယ်။
နောက်တခုက ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေက အားလုံးပြီးသွားရင် ပင်လုံညီလာခံထက် ကြီးကျယ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရော တိုင်းရင်းသား ကိုယ်စားလှယ်တွေ အကုန်လုံးပါတဲ့ လွှတ်တော်ကြီးမှာပဲ အဲဒီငြိမ်းချမ်းရေး အဖွဲ့တွေကို ခေါ်မယ်။ နိုင်ငံရေးပညာရှင်တွေ အားလုံးဖိတ်ကြားပြီးတော့မှ ပင်လုံညီလာခံထက် ကြီးကျယ်တဲ့ တိုင်းရင်းသားဆိုင်ရာ ညီလာခံကြီးကို လုပ်ပေးသွားမယ်။ ဒါကတော့ သူတို့နောက်ဆုံးအဆင့်ပေါ့။ ပြီးသွားရင် ထာဝရ ငြိမ်းချမ်းရေးပေါ့။ အဲ့လိုပြောသွားတယ်။”
၂ နှစ်၊ ၃ နှစ်လောက် ကြာနိုင်တယ်ဆိုတော့ လပိုင်းအတွင်း မပြီးနိုင်ဘူးလား။ ဘယ်လိုကြောင့်လဲ။
“လုပ်ငန်း စဉ်က ကြာတယ်ပေါ့။ တဦးနဲ့တဦး နားလည်မှုတွေ တည်ဆောက်တဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုလဲဆိုတော့ အရင်တုန်းကတော့ လုပ်တာက အားလုံးတခါတည်း ပြီးရင် သဘောတူညီချက်တခု လက်မှတ်ရေးထိုးတယ်။ အခုကျတော့ အဲလိုမျိုး မဟုတ်တော့ဘဲနဲ့ အချက် ၂ ချက် သဘောတူရင် ၂ ချက်ထိုးတယ်။ နောက်ထပ် ၃ ချက်သဘောတူရင် ၃ ချက်ထိုးမယ်။ အဲဒါမျိုး သွားမှာ။ အဖွဲ့တဖွဲ့နဲ့ပဲ ဆိုစေပေါ့။ တကြိမ်ထိုးရုံနဲ့ ပြီးချင်မှပြီးမယ်။ ဒီတကြိမ်မှာ သဘောတူတာ၊ ဟိုဘက်နဲ့ဒီဘက်နဲ့ သဘောတူတာ ၃ ချက်တွေ့ရင် ၃ ချက်ထိုးသွားမယ်။ အဲဒါအပြင် နောက်ထပ် သဘောတူတာ ၂ချက်တွေ့ရင် ၂ ချက်ထပ်ထိုးမယ်။ ရသလောက် အချိန်မှာ အစိုးရဘက်က အချိန်အတိုင်းအတာ တခုတော့ ရှိမယ်။ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ပြဿနာတခု ဖြစ်တဲ့အတွက် လက်ငင်းချက်ချင်း ပြီးသွားဖို့ ဆိုတာတော့ လက်တွေ့မှာမလွယ်ဘူး။ သို့သော် သမ္မတကြီးကိုယ်တိုင်က သူတို့လွှတ်တော်အနေနဲ့ ဆုံးဖြတ်ချက်ချထားတော့ ဒီအစိုးရ သက်တမ်းမှာတော့ အပြီးအစီး ဖြစ်သွားအောင်တော့ ဆောင်ရွက်သွားမယ်။ ၃ နှစ်လောက် လုပ်ငန်းကကြာနိုင်မယ်လို့ သူတို့က လောလောဆယ် ခန့်မှန်းတယ်ပေါ့။ အဲဒါမျိုးတွေ ပြောသွားတယ်။”
ဗဟိုအဆင့် ငြိမ်းချမ်းရေး ကော်မတီမှာ ဒွိဟဖြစ်နေတာ ဦးအောင်မင်းကလည်း တပိုင်းပါတယ်ဆိုတော့ အခုသူတို့ ဖွဲ့စည်းပုံက အပြည့်ထွက်သွားပြီလား။
“အဲဒါလည်း ပြောတယ်။ ဦးအောင်မင်းကလည်း တဖွဲ့ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ သို့သော် တချို့နေရာတွေမှာ နယ်မြေတွေမှာ ကရင်ပြည်နယ်လိုမျိုးမှာ ဦးအောင်မင်းက နယ်မြေပိုကျွမ်းတယ်။ အဲဒီမှာလည်း အကြာကြီးလုပ်လာတယ်။ အဲဒါကြောင့် သူတို့က တာဝန်ကို မျှဝေပြီးတော့ လုပ်တဲ့သဘောပေါ့။ ဦးအောင်မင်းကိုယ်တိုင်ကလည်း ပရဟိတလုပ်ချင်တဲ့ ဆန္ဒရှိတယ်။ ငြိမ်းချမ်းရေးကို ဆောင်ရွက်လိုတဲ့ ဆန္ဒလည်းရှိတယ်။ နောက်နယ်မြေမှာ ကရင်ပြည်နယ်မှာလည်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ နားလည်မှုရှိတဲ့အတွက် သူ့ကိုပဲ ဆောင်ရွက်ခိုင်းတယ်ပေါ့။ အဲလိုသူပြောသွားတယ်။ အဲတော့ ၂ ဖွဲ့ခွဲပေမယ့် တယောက်နဲ့တယောက် ပြန်ပြီးတော့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်နေကြတာဖြစ်တယ်လို့ အဲလိုပြောသွားတယ်။”
Ref: ဒီဗွီဘီ
Monday, December 19, 2011
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် စာနယ်ဇင်းတွေ့ဆုံပွဲအပေါ် မေးမြန်းချက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment