December 20, 2011
ရွှေအောင်
ရန်ကုန်တိုင်း ၊ ကျောက်တန်းမြို့နယ် တောင်ဘက်ပိုင်းမှာရှိတဲ့ ကျေးရွာပေါင်း ၂၀ လောက်မှာ သက်ဆိုင်ရာနဲ့ ကုမ္ပဏီတွေက လယ် သမားတွေရဲ့ ပိုင်ဆိုင်မှုကို လိုက်လံစာရင်း ကောက်ယူနေပါတယ်။
ဘာကြောင့် အခုလို ပိုင်ဆိုင်မှုစာရင်း လိုက်ကောက်နေတာလဲ ဆိုတာ ဒေသခံလယ်သမားတွေက တိတိကျကျ သိချင်နေကြပါတယ်။
ကျောက်တန်း မြို့ တဘက်ကမ်းမှာ တည်ရှိတဲ့ ပန်းတော၊ ကျွန်းကလေး၊ ခလောက်ဆွဲစတဲ့ ကျေးရွာတွေအပါအဝင် ရွာပေါင်း ၂၀ လောက်မှာ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကစပြီး မြို့နယ်မြေစာရင်း၊ အိုးအိမ်နဲ့ကုမ္ပဏီတချို့က ဝန်ထမ်းတွေ ရောက်လာပြီး လယ်သမားတွေ ပိုင်ဆိုင်တဲ့ နေအိမ်၊ ထွန်စက် စတဲ့ပိုင်ဆိုင်မှုတွေ စာရင်းလိုက်ကောက်နေကြတယ်လို့ လူမှုရေးဆောင်ရွက်ပေးနေတဲ့ ကျွန်းကလေးကျေးရွာနေ ဘုန်းတော်ကြီး အရှင်စန္ဒဝါရက မိန့်ပါတယ်။
“အိုး အိမ်ပါတယ်။ မြေစာရင်းပါတယ်။ အပိုင်အုပ်ချုပ်ရေးမှူးပါတယ်။ ကျောက်တန်းမြို့နယ်အဆင့်ပါ။ ကုမ္ပဏီကျတော့ အေးရှားဝေါလ်ရယ်။ ထူးရယ်လို့ သတင်းရတယ်။ တိတိကျကျတော့ မသိဘူး။ ကုမ္ပဏီကလူက အများစုပါတာပဲ။ မြို့နယ်အဆင့်ကလူကတော့ ဌာနတခုကို တယောက်၊ နှစ်ယောက်လောက်ပါတယ်။ လူ ၆၀ လောက် တနေ့တနေ့ကိုဆင်းတယ်။ ဆင်းပြီးတော့ လယ် ကွင်းထဲမှာ ရှိတဲ့အိမ်တွေကို လိုက်ကြည့်တယ်။ အိမ်အမျိုးအစားကို မှတ်တမ်းယူတယ်။ တိုက်ဆိုတိုက်၊ သစ်သားအိမ်ဆို သစ်သားအိမ်ပေါ့။ လယ်ထွန်စက်ရှိရင် လယ်ထွန်စက်၊ နွားဘယ်နှကောင်ရှိတယ်။ အဲဒါမျိုးကို ယူပြီးတဲ့အခါကျတော့ လယ်သမားနဲ့ အိမ်ပိုင် ရှင်နဲ့ပေါ့။ အိမ်ပိုင်ရှင်ကို အိမ်နဲ့မှတ်တမ်းတင် ဓာတ်ပုံရိုက်တယ်။”
အကြောင်းစုံသိချင်လို့ စာရင်းလာကောက်နေတဲ့သူတွေကို မေးမြန်းတော့လည်း ပြန်လည်မဖြေကြားဘူးလို့ ပြောပါတယ်။
အဲ့ ဒီလိုစာရင်းလာကောက်ပြီး သိပ်မကြာခင် ကျောက်တန်းတောင်ဘက်ပိုင်းမှာ သီလဝါအထူးစီးပွားရေးဇုန် တည်ဆောက်မယ့်သတင်း သတင်းစာမှာ ဖော်ပြလာတာ တွေ့ရတဲ့အကြောင်းနဲ့ ဒေသခံရွာသားတွေရဲ့ ဆန္ဒသဘောထားတွေကို ဆရာတော်က ခုလို မိန့်ပါတယ်။
“လယ်သမား တွေအတွက် ဘယ်လိုခံစားခွင့် ရှိမှာလဲပေါ့။ အကယ်၍ပြောင်းပေးရမယ်ဆိုရင်၊ တချို့လယ်သမားကတော့ လုံးဝပြောင်းမပေးချင်ဘူး။ အများစုကတော့ မိရိုးဖလာ နေလာကြတာဆိုတော့ ကိုယ့်လယ်ကနေ ဘယ်လောက်ရရ ပြောင်းမပေးချင်ဘူး။”
သီလဝါအထူးစီး ပွားရေးဇုန် စီမံကိန်း တည်ထောင်မယ့်အကြောင်း သတင်းထုတ်ပြန်ချက်ထဲမှာတော့ ကျေးရွာတွေကို ဖယ်ရှား ရွှေ့ပြောင်းစေတာမျိုးမလုပ်ဘဲ၊ သီးခြားကင်းလွတ်တဲ့ မြေနေရာတွေမှာသာ ရွေးချယ် ဆောင်ရွက်သွားမယ်၊ ဒေသခံတွေ လက်ရှိနေ ထိုင် လုပ်ကိုင်စားသောက်မှု မထိခိုက်အောင် သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေက အတိုင်ပင်ခံပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ကျောက်တန်းမြို့ တောင်ဘက်ပိုင်းရှိ ကျေးရွာပေါင်း ၂၀ လောက်မှာ လယ်ဧက လေးသောင်းလောက်ရှိပါတယ်။
Ref: ဒီဗွီဘီ
Wednesday, December 21, 2011
ကျောက်တန်းမြို့ ကျေးရွာများတွင် လယ်သမားပိုင်ဆိုင်မှုစာရင်းကောက်နေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment