Tuesday, January 3, 2012

ဓာတ်ဆီပြင်ပပေါက်ဈေး မြင့်တက်

January 2, 2012
ရွှေအောင်

ဇန်န၀ါရီ တရက်နေ့မှာ ကြိုတင် မကြေညာဘဲ ဓာတ်ဆီဈေးတွေ ရုတ်တရက် တက်လိုက်ပြီး နောက်နေ့မှာ ပြင်ပပေါက်ဈေး မြင့် တက်သွားပါတယ်။

အရင်တဂါလန် ကျပ် ၄၂၀၀ လောက်ရှိရာက အခု ကျပ် ၄၅၀၀ ဖြစ်သွားတဲ့အကြောင်း ရန်ကုန်က ကားပိုင်ရှင်တဦးက ပြောပါ တယ်။

“ဘယ်လိုကြောင့်လဲဆိုတော့ အပြင်မှာက ဓာတ်ဆီက အသုံးများတယ်။ တောတွေမှာ မီးစက်တွေသုံးတာရှိတယ်။ နယ် အ၀ယ် ကလည်း ဓာတ်ဆီအော်ဒါ ရှိတာကို၊ အပြင်ဈေး ဆက်လိုက်တက်သွားတာပဲ ထူးခြားမယ်။ မှောင်ခိုဈေးကွက် မပျောက်ဘူး ဖြစ် နေတယ်။”


အခု ဓာတ်ဆီဈေး တက်ရတာဟာ နိုင်ငံတော်က အရှုံးခံ မရောင်းပေးတော့ဘဲ ပေါက်ဈေးအတိုင်း ရောင်းစေ တော့မှာ ဆိုပေ မယ့်လည်း ဈေးနှုန်းကိုတော့ အစိုးရက ထိန်းချုပ်ထားတုန်း ဖြစ်သလို၊ လိုသလောက်လည်း ၀ယ်မရဖြစ်နေတာပါ။

ရန်ကုန်မှာ ဓာတ်ဆီကို လိုသလောက် ထုတ်လို့မရဘဲ ကားတစီးကို တရက် နှစ်ဂါလန်ပဲ ရောင်းပေးတာပါ။

ဓာတ်ဆီတဂါလန် ရန်ကုန်မှာ ၃၃၅၀ ကျပ်၊ မန္တလေးမှာ ၃၅၀၀ ကျပ် နှုန်းနဲ့ သတ်မှတ် ရောင်းချစေတာပါ။ မန္တလေးမှာလည်း ဓာတ်ဆီ တဂါလန် ပြင်ပပေါက်ဈေး ကျပ် ၄,၈၀၀ လောက်ရှိပြီး၊ ဆိုင်ကယ် တစီးကို သုံးရက်နေမှ တဂါလန်ပဲ ရောင်းပေး တယ်လို့ သိရပါတယ်။

မန္တလေးဓာတ်ဆီဆိုင်မန်နေဂျာ တဦးနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ သတင်းထောက်တဦး ပြောပြတာက “အစိုးရ ဈေးတက်တော့ သူတို့ ကလည်း ပြန်ကိုက်ပြီး တက်ရတယ်။ နောက်ပြီးတော့ အခု ဈေးကလည်း အငြိမ်မဟုတ်ဘူး။ အချိန်မရွေး အပြောင်းအလဲရှိနိုင် တယ်။ ဆီဆိုင်တဆိုင်က တာဝန်ခံမန်နေဂျာနဲ့ အင်တာဗျူးလုပ်တော့။ အရင်ကဆို ဈေးကချုပ်ထားတယ်။ ၂၅၀၀ ထက်ပိုမရောင်း ရဘူးဆိုတာမျိုး ရှိတယ်။ အခုဟာက အဲ့လိုမဟုတ်ပဲနဲ့ ဈေးကလည်း အပြောင်းအလဲရှိမယ်လို့ပြောတယ်။”

အစိုးရက ခုလ ၁ ရက်နေ့ကစပြီး ဓာတ်ဆီဈေးနှုန်းတွေကို တိုးမြှင့်လိုက်ပေမယ့် ဆိုင်တွေကို ဖြန့်ဖြူးပေးတဲ့ အရေအတွက်ကိုတော့ နဂိုပမာဏအတိုင်းပဲ ပေးတယ်လို့ သိရပါတယ်။

မန္တလေးမှာ အခု လောလောဆယ်တော့ ဆိုင်ကယ်ကယ်ရီခတွေ အပါအ၀င် သယ်ယူပို့ဆောင်ခတွေ မတက်သေးပါဘူး။

အခုလို ဓာတ်ဆီဈေးတက်လိုက်တာဟာ အထူးသဖြင့်တော့ အခြေခံလူတန်းစားတွေကိုပဲ ထိခိုက်နိုင်တယ်လို့ စီးပွားရေးဂျာနယ် တစောင်ရဲ့ အယ်ဒီတာတဦးက ပြောပါတယ်။

“ကျနော်တို့ နိုင်ငံက လောင်စာဆီဈေးနှုန်းက အရမ်းတက်နေတာကိုးဗျ။ သူတို့ဆီကလည်း ဘက်ဂျက်လိုငွေတွေက အရမ်းပြ နေတော့ အဲဒီ ၂ ခုကြားမှာ သူတို့က တော်တော် ထိန်းထိန်းသိမ်းသိမ်း လုပ်ရမှာတော့ သေချာပဲ။ တက်တာကတော့ တက်တဲ့ ဘက်ကို အရင်ဆုံးကပ်လိုက်တယ်။ တက်ပြီးတော့ မထိန်းသိမ်းနိုင်ဘူးဆိုရင် မီးခိုးကြွက်လျှောက် ပြသနာတွေက တော်တော် ရှိ တယ်။”

“ဘယ်လိုဟာမျိုးတွေ ကြုံလာနိုင်သလဲ ဆိုတော့ အဓိကတော့ ကုန်ဈေးနှုန်းတက်မယ့် ကိစ္စတွေပေါ့။ ၁၅၀ နှုန်းကနေ တောက် လျှောက် တက်လာတော့ ကုန်ဈေးနှုန်းကလည်း တောက်လျှောက် တက်လာတယ်။ အထူးသဖြင့် အခြေခံလူတန်းစားတွေပဲ ပို ထိခိုက်ပါတယ်။”

လောလောဆယ်တော့ အဝေးပြေးကားခတွေရော ကုန်ကားခတွေပါ ဈေးမတက်သေးပေမယ့် တလလောက်ကြာရင်တော့ ကားခ တွေရော အခြေခံ စားကုန်ဈေးနှုန်းတွေ လိုက်တက်လာမှာပဲလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး အစိုးရကဓာတ်ဆီဆိုင်တွေကို ပုဂ္ဂလိကလွှဲပေးပြီး ဓာတ်ဆီတဂါလန် ၂,၅၀၀ ကျပ်နှုန်းနဲ့ သတ်မှတ် ရောင်းချစေခဲ့တာပါ။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့