ဝင်းနိုင်ထွန်း
ဇူလိုင်လ ၁၉ ရက် ၂၀၁၂ ခုနှစ်
လူအများစုသည် အလုပ်အကိုင် ရပါက မည်၍မည်မျှ ဝင်ငွေရတော့မည်ကိုသာ စဉ်းစားလေ့ရှိကြသည်။ သို့သော် မိသားစုအား ထောက်ပံ့ရန် အလုပ်အကိုင်ကို အသဲအသန် ရှာကြရသောသူများ၊ ရမိရရာ အလုပ်အကိုင် လုပ်ရသည့် သူများအဖို့ ထို ရရှိသည့် အလုပ်အကိုင်ကပင် ၎င်းတို့အား အလွန်အမင်း အနစ်နာခံရင်ရကာ လုပ်ကိုင်ရသည့် အခြေအနေသို့ ကျရောက်ရလေ့ ရှိကြသည်။ တခါတရံ ထိုအလုပ်က ခေတ် သစ် ကျေးကျွန် အသွင်မျိုးဖြင့် လုပ်ကိုင်နေ ကြရသည်လည်း ရှိကြသည်။
အိန္ဒိယ နိုင်ငံမှ ၁၅ နှစ်အရွယ် မိန်းကလေး တဦးသည် သုံးနှစ်ခန့် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ခဲ့ရသော်လည်း အန္တရာယ်များလှသည့် လုပ်ငန်းခွင်တွင် အလုပ်ချိန် ကြာရှည်စွာ အလုပ်ဆင်းခိုင်းခံရခြင်း၊ တခါတရံ အလုပ်ရှင်မှ ဆဲဆိုကြိမ်းမောင်းမှု ခံရခြင်းနှင့် လိင်ပိုင်း ဆိုင်ရာ စော်ကားမူကိုပါ ခံရခြင်းတို့ ကြုံခဲ့ရသည်။ ၃ နှစ် အလုပ်ဆင်းပြီးသည့်အချိန်တွင် အမေရိကန်ဒေါ်လာ ၈၀၀ နီးပါးသာ ရခဲ့သည်။ ထိုငွေမှာလည်း သူနှင့် လက်ထပ်မည့် အမျိုးသားဖက် မိသားစုသို့ ပေးရမည့်ငွေ ဖြစ်သွားရသည်။
အရှေ့အလယ်ပိုင်း နိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကြရသော အလုပ်သမားများသည် အလုပ်အကိုင်ကြောင့် အကျဉ်းကျခံရသူ ဘဝသို့ ရောက်ကြရသည်လည်း ရှိကြသည်။ အဘယ်ကြောင့် ဆိုသော် အလုပ်ရှင်များသည် အလုပ်သမားများ၏ ပြည်ဝင်ခွင့် ဗီဇာများကို မှန်မှန်ကန်ကန် နည်းလမ်းတကျ သက်တမ်းတိုးပေးခြင်းများ လုပ်ဆောင်ရန် ပျက်ကွက်မှုများကြောင့် ဖြစ်ရသည်။ ထိုသို့သော အခြေ အနေမျိုးတွင် အလုပ်သမားများသည် တရားမဝင် နေထိုင်သူများ ဖြစ်ကာ အကျဉ်းသားသဖွယ် မည်သည့် နေရာကိုမျှ သွားလာခွင့်၊ လွတ်လပ်စွာ နေထိုင်ခွင့် မရှိ ဖြစ်ကြရတော့သည်။
အလားတူ အမေရိကန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်သည့် ဂွာတီမာလာ နိုင်ငံသားတချို့တို့သည် အထောက်ထားမဲ့ ရွှေ့ပြောင်း အလုပ်သမားများအဖြစ် အလုပ်လုပ်နေကြရသည်။ အလုပ်အကိုင် ရရှိရေး တခုတည်းကြောင့် ဖြစ်ကြရသည့် ဖြစ်ရပ် ဖြစ်သည်။ လူကုန်ကူးသူများက ထိုဂွာတီမာလာ နိုင်ငံသား အလုပ်သမားများကို အဓမ္မ အလုပ်ခိုင်းစေသည်။ ၎င်းတို့ ထုတ်ပေးထားသည့် ပြည် ဝင်ခွင့် ဗီဇာသည် ထိုအလုပ်ခိုင်းစေမှု အပေါ် အကျိုးသက်ရောက်မူ၊ အကာကွယ်ပေးမှု မရကြ။ အမေရိကန် ပြည်ထဲ အရောက် လာရသည့် ခရီးစရိတ်နှင့် ကုန်ကျစရိတ် အားလုံးတို့ကို လူပွဲစားများသို့ ပေးချေ ကြရသည်။ တပတ်လျှင် နာရီပေါင်း ၈၀ နီးပါး အလုပ် ဆင်းကြရသည်။ အနိမ့်ဆုံး သတ်မှတ်ထားသည့် လုပ်ခ အနည်းငယ်သာ ရကြသည်။
ဗီယက်နမ် နိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမား များသည်လည်း အလုပ်ရရှိရေး တခုတည်းကြောင့် နစ်နာဆုံးရှုံးမူများ ရှိနေသည်။ ပြည်ပ နိုင်ငံများတွင် အလုပ် သွားရှာဖွေ လုပ်ကြသူများ ပြည်တွင်းဝင်ငွေထက် သုံးဆ ရရှိကြမည်ဟု မျှော်မှန်းထားခဲ့ကြသည်။ တကယ် တမ်း ပြည်ပ အလုပ်အကိုင် ၃ နှစ် စာချုပ် ချုပ်ကြသည့်အခါ ပထမ တနှစ် ရရှိမည့် ဝင်ငွေထက် ပိုများသည့် အကြွေးဆပ်ရမူမျိုးများ ကြုံနေကြ ရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ အဓမ္မခိုင်းစေမှုနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် အတင်းအကျပ် ခိုင်းစေမှု၊ လုပ်အား ခေါင်းပုံဖြတ်ခံရမူကြောင့် နှစ်စဉ် ကမ္ဘာနှင့်အဝှမ်း အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ နစ်နာဆုံးရူံးနေရသည် ဟု ဖေါ်ပြပါရှိသည်။ ထို ငွေပမာဏသည် လုပ်ခများ ဖြစ်သည့်အပြင် မိခင်နိုင်ငံများ အတွင်းရှိ မရိုးမသား လိမ်လည်စွာ အလုပ်သမား စုဆောင်းသူများနှင့် ပြည်ပနိုင်ငံများအတွင်းမှ လူပွဲစားများတို့က ရပိုင်ခွင့်ပေးရန် ငြင်းပယ်ထားသည့် အလုပ်သမားများ ရမည့် အကျိုးအမြတ်များ၊ အလုပ်ရှင် မှ ပေးရန် ငြင်းဆန်နေသည့် လုပ်ခများတို့ ပါဝင်သည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများသည်လည်း အထက်ဖေါ်ပြပါ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကြုံတွေ့နေရသည့် အဓမ္မ အလုပ်ခိုင်းစေခံရမူများ၊ လုပ်အား ခေါင်းပုံဖြတ်ခံ ရမှုနှင့် ကြွေးမြီ နှောင်ဖွဲ့ခိုင်းစေခံမှုများကို ထပ်တူထပ်မျှ ခံစားနေကြရသည်။
ထိုင်း မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ အလုပ်သမားအသစ် တင်သွင်းသည့် အစီအစဉ်ဖြင့် ထိုင်းနိုင်ငံအတွင်း သို့ ရောက်ရှိလာ သည့် မြန်မာအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း နိုင်ငံသားစိစစ်ပြီးနောက် ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာ အလုပ်သမားများကို အလုပ်ရှင်များက နိုင်ငံကူးလက်မှတ်များ သိမ်းဆည်း ထားလေ့ ရှိကြသည်။ ထို နိုင်ငံကူးလက်မှတ်များကို ပြည်ဝင် ခွင့်ဗီဇာ သက်တမ်းတိုးပေးမှု မရှိခြင်း၊ ရက်ကျော်သည့် အတွက် အလုပ်သမားများ တရားမဝင် နေထိုင်သူများအဖြစ်သို့ ရောက်ကြရ ခြင်း၊ ဗီဇာသက်တမ်း ရက်လွန်ကြေးများ၊ ဒဏ်ကြေးများကို လုပ်ခထဲမှ ဖြတ်တောက်ခံရခြင်းတို့ ကြုံတွေ့ကြရသည်။
ထိုင်းနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး၏ နှုန်းထားများအရ ရက်လွန်ကြေး တရက်လျှင် ဘတ် ၅၀၀ နှင့် ဒဏ်ကြေးမှာ ဘတ် ၂,၀၀၀ ဖြစ် သည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်ရှိ Regal Jewellery Manufacture Co.Ltd. ကျောက်သွေး စက်ရုံမှ မြန်မာအလုပ် သမား ၅၀ မှာ လက်တွေ့ ကြုံတွေ့နေကြရသည်။
ထိုင်းနိုင်ငံအတွင်း ကြွေးမြီနှောင်ဖွဲ့ ခိုင်းစေခံရမှုများတွင် ထင်ရှားသည့် သာဓက တခုမှာ ထိုင်းနိုင်ငံ Kanchanaburi, 39/3 Santo sub-district Thamaka district, Vita Food Factory တွင် တွေ့ရှိရသည်။ ထိုစက်ရုံသည် သစ်သီး ဖျော်ရည်၊ ဟင်းသီးဟင်းရွက်နှင့် ဖျော်ရည်သံဗူး ထုတ်လုပ်သည့် စက်ရုံ ဖြစ်သည်။ ထိုစက်ရုံမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်း ချလျက်ရှိသည်။ ထိုစက်ရုံသည် စက်ရုံခွဲ သုံးခု ရှိသည်။ ၎င်းစက်ရုံများမှာ Vita Factory (pine apple), Corn Factory နှင့် Red Factory တို့ ဖြစ်ကြသည်။
ထိုစက်ရုံများ၏ အလုပ်ကြီးကြပ်သူ အရည်အသွေး စိစစ်သူတို့မှာ ထိုင်းလူမျိုးများ ဖြစ်ကြပြီး ထိုင်းလူမျိုး ၅၀၀ ခန့် အလုပ်လုပ်နေ ကြ သည်။ ကျန်အလုပ်သမားများမှာ မြန်မာ အလုပ်သမားများ ဖြစ်ကြသည်။ မြန်မာ အလုပ်သမား ၇,၀၀၀ ဦး ရှိရာ အမျိုးသား ၃,၀၀၀ နှင့် အမျိုးသမီး ၄,၀၀၀ ခန့် ဖြစ်သည်။ Vita Factory တွင် အလုပ်သမား ၅,၀၀၀၊ Corn Factory တွင် အလုပ်သမား ၁,၀၀၀ နှင့် Red Factory တွင် အလုပ်သမား ၁,၀၀၀ ခန့် အလုပ်လုပ်နေခဲ့ကြသည်။
ထိုစက်ရုံမှ အလုပ်သမားများသည် နိုင်ငံသားစီစစ်မှု လုပ်ငန်း ပြီးဆုံးသူများ ဖြစ်ကြသည်။ မှတ်ပုံတင်ထားပြီးသူများ ဖြစ်သည်။ သို့သော်ငြားလည်း အများစုသည် လူပွဲစားများနှင့် နယ်စပ်မှ ဖြတ်ကာ လာရောက် အလုပ်လုပ်ကိုင်ကြသည့် အထောက်အထားမဲ့ အလုပ်သမားများ ဖြစ်ကြသည်။ ထိုသူအားလုံးသည် ပွဲစားအား ထိုင်းနိုင်ငံသို့ ခေါ်ဆောင်ပေး သည့်အတွက် တဦးလျှင် ထိုင်းဘတ်ငွေ ၁၅,၀၀၀မှ ၂၀,၀၀၀ အထိ အကြွေးဖြင့် လာရောက်ကြသူများ ဖြစ်ကြသည်။ အမေရိကန် ဒေါ်လာ အနေဖြင့်မူ ၅၀၀ မှ ၆၇၀ ဖြစ်သည်။ ထိုအကြွေးကို အလုပ်လုပ်ရင်း ဆပ်ကြရမည် ဖြစ်သည်။
အထောက်အထား ရှိသည့် အလုပ်သမားဖြစ်ပြန်လျှင် စက်ရုံအနီးတဝိုက်တွင် အခန်းငှါးနေကြရသည်။ ထိုအခန်းနေရာမှ အခြားနေရာသို့ ပြောင်းရွှေ့ နေထိုင်လိုလျှင် အလုပ်ရှင်နှင့်ပွဲစားသို့ သတင်းပို့ရသည်။ ထိုသို့ ပြောင်းရွှေ့ခအဖြစ် ဘတ် ၂,၀၀၀ မှ ၅,၀၀၀ (အမေရိကန် ဒေါ်လာ ၆၅-၁၆၅)အထိ နေရာပြောင်းရွှေ့ခ ပေးကြရသည်။ အလုပ်လုပ်ခွင့် ပါမစ် အတွက် တရားဝင် ကုန်ကျစရိတ်မှာ ဘတ် ၃,၈၀၀ ဖြစ်သော်လည်း ပွဲစားသို့ ဘတ် ၅,၅၀၀ ပေးမှ ပါမစ် ရကြသည်။
အလုပ်သမားများ၏ အလုပ်လုပ်ချိန်သည် တနေ့လျှင် ၈ နာရီ အလုပ်ဆင်းကြရသည်။ စက်ရုံ ၃ ခု အလုပ်ဆင်းချိန် မတူကြ။ အလုပ်သမား နှစ်ဆိုင်းဖြင့် အလုပ်လုပ်ကြသည်ရှိသလို နေ့ဆိုင်း၊ ညဆိုင်းဖြင့် အလုပ်ဆင်းရသည့် စက်ရုံလည်း ရှိသည်။ ၂၀၁၂ ခုနှစ် ဧပြီည ၁၁ ရက်နေ့ မတိုင်မီက အလုပ်သမားများကို တနေ့လျှင် ဘတ် ၁၈၀ (အမေရိကန် ၆ ဒေါ်လာ) ပေးသည်။ အချိန်ပို ဆင်းရပါက ၃၂ ဘတ် (အမေရိကန် ၁ ဒေါ်လာ) ပေးသည်။ ထိုနူန်းထားသည် အထောက်အထား ရှိသည့် အလုပ်သမားရော၊ အထောက်အထားမဲ့ အလုပ်သမားများပါ ရကြသည်။ အစိုးရ ရုံးပိတ်ရက်များတွင်ပါ အလုပ်ဆင်းရသည့်တိုင် ထိုင်းဥပဒေအရ သတ်မှတ်ထားသည့် လုပ်ခ နှုန်းထား မရကြ။ နာမကျန်းဖြစ်၍ ခွင့်ယူလျှင် လုပ်ခ မရ။ နှစ်စဉ် အလုပ်နားရက် မပေး။ ထို့အပြင် ရာသီသီးနှံပေါ် မူတည်ကာ အလုပ် ဆင်းချိန်နှင့် အချိန်ပိုတို့ ဖြစ်လာရသည်။ စက်ရုံအတွင်း အလုပ်ဌာန ပြောင်းခွင့်ပြုထားသည်။ သို့သော် အလုပ်ရှင်ထံ ကြိုတင် အကြောင်း ကြားရသည်။ သို့သော် စက်ရုံပြောင်းပါက ယခင်စက်ရုံက လုပ်ခ မရတော့ပေ။
နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာဖြင့် အလုပ်သမား တင်ပို့သည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ကြခြင်း၊ ထိုလုပ်ငန်း စဉ်သည် ရိုးရှင်းစွာ အကုန်ကျ သက်သာစေခြင်း၊ ကန်ထရိုက်စာချုပ်များတွင် ကြွေးမြီဖြင့်ခိုင်း စေမခံရရေးတို့ကို ထည့်သွင်းဖေါ်ပြခြင်းနှင့် နယ်စပ် လူပွဲစား၏ အမြတ်ထုတ်မှုများကို ကာကွယ်ပေးခြင်း စသည့်တို့ကို ဦးစားပေး ဆောင်ရွက်ကြရဦးမည် ဖြစ်သည်။
သို့ကြောင့် ဘဝရပ်တည်ရန် ခက်ခဲသည့် လူအများစုအတွက် အလုပ်အကိုင် ရရှိရေးသည် သေရေးရှင်ရေး ပြဿနာ ဖြစ်သော် လည်း ထိုအလုပ်အတွက် စွန့်လွှတ်အနစ်နာခံ ဆုံးရူံးမှုပမာဏက အလွန်ကြီးမားလှသည်ကို သတိပြုကြရ ပေမည် ဖြစ်သည်။
ဝင်းနိုင်ထွန်း
Ref: မဇ္ဈိမ
Friday, July 20, 2012
အလုပ်အတွက် ပေးဆပ်ရမူများ
Labels:
သတင်းဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment