မင်းမင်းလတ်-မန္တလေး(မြစ်မခ)
17 Jul, 2012
မန္တလေးတက္ကသိုလ် ရူပဗေဒဌာနရှိ ဓါတ်သတ္တိခွဲစိတ်စမ်းသပ်သော XRF( X –ray fluorescence) စက် ပျက်ယွင်းနေမှုကြောင့် မဟာတန်းဖြေဆိုမည့် ကျောင်းသူကျောင်းသားအချို့၏ စာမေးပွဲအား ရက်ရွှေ့ဆိုင်းထားရကြောင်း တက္ကသိုလ်ဆရာတစ်ဦးထံက သိရှိရသည်။
အဆိုပါ ဓါတ်ခွဲစမ်းသပ်သည့်(XRF) စက်သည် မန္တလေးတက္ကသိုလ်တွင် တစ်လုံးနှင့် ရန်ကုန်တက္ကသိုလ်တွင် တစ်လုံး၊ စုစုပေါင်း (၂)လုံး ရှိ၍ ယူရေနီယံအဆင့်ထိ ဓါတ်ခွဲစမ်းသပ်နိုင်ကြောင်းကိုလည်း သိရှိရသည်။
“ ဒီစက်ကအဓိကလုပ်ဆောင်တာကတော့ တိုင်းတာတဲ့အလုပ်ပေါ့ ၊ မဂ္ဂနီစီယမ်ပါလား ၊စီစီယမ်ပါလားဆိုပြီးတိုင်းတဲ့စက်ပေါ့ ၊ ဘာ element တွေပါလဲဆိုတာကို တိုင်းတဲ့စက်ပါ ၊ စက်ကောင်းနေရင်တော့ နေ့တိုင်းလိုလို ကျောင်းသားတွေလာပြီးစမ်းသပ်ကြတာရှိတယ် ‘’ ဟု အမည်မဖော်လိုသူ မန္တလေးတက္ကသိုလ် ဆရာတစ်ဦးက ပြောကြားလိုက်သည်။
၎င်းစက်ကိုမှီပြီး PHD အတွက်လုပ်နေသူများရှိသလို အခြားဌာနများနှင့် အခြားကျောင်းများမှလည်း လာရောက်စမ်းသပ်လုပ်ကိုင် ကျကြောင်းကို သူက ရှင်းပြသည်။
“ MIT ကဆိုရင် ကော်ဖီမှုန့်ကိုတောင် လာပြီးဓါတ်ခွဲခိုင်းဖူးတာတွေရှိတယ် ၊ အခြား ကျောင်းသား တွေလဲ ဒီစက်ကို မှီပြီး PHD ဖြေဖို့ လုပ်နေကြရတာလေးတွေရှိတယ် ၊ ခုစက်ပျက်သွားတော့ သူတို့စာမေးပွဲတွေ ရက်ရွှေ့ထားရတာပေါ့ ´´ ဟု ၎င်းက ပြောသည်။
အဆိုပါစက်အားပြုပြင်ရန် ရန်ကုန်သို့ အကြောင်းကြားစာတင်၍ အကြောင်းကြားထားကြောင်းနှင့် လာရောက် ပြုပြင်ရန် လချီကြာမြင့် ကြောင်း ၊ ပြုပြင်မည့်အဖွဲ့သည် မန္တလေးမြို့တွင် နေထိုင်သော် လည်း ရန်ကုန်မှ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ရမှသာ ပြုပြင်ရမည်ဖြစ် ကြောင်းကိုလည်း သိရှိရသည်။
အဆိုပါစက်ချို့ယွင်းနေသောကြောင့် မန္တလေးတက္ကသိုလ်ရှိ ကျောင်းသူကျောင်းသားများမှာ ရန်ကုန်သို့သွား၍ ခွဲစိတ်စမ်းသပ်မှုများ
ပြုလုပ်နေကြရပြီး မလိုအပ်ပဲ ကုန်ကျစရိတ်များပိုမို သုံးစွဲနေရကြောင်းလည်း သိရှိရသည်။
Ref: မြစ်မခ
Wednesday, July 18, 2012
မန္တလေးတက္ကသိုလ်တွင် XRF စက်ပျက်၍ စာမေးပွဲရက်ရွှေ့ဆိုင်းရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment