ခက်ထန်
Monday, March 22, 2010
မြန်မာစာပေ လောက၌ နှစ် ၅၀ ကျော် ပျောက်ကွယ် နေခဲ့သော ထောင်စာပေ၊ အကျဉ်းသား ဘဝစာပေ၊ နရသိန် အဖြစ်ဆိုးစာပေ ဟင်းလင်း ကွက်လပ်တွင် အားဖြည့်ရန် ဆိုသည်မှာ “ဘာလဲဟဲ့ လူ့ငရဲ” ကို ရေးရခြင်း၏ အာသီသ ဖြစ်သည်။ ဆိုသည့် အတိုင်းပင် ဦးဝင်းတင်၏ ထောင်တွင်း ရက် ၇၀၀၀ ကျော် ပုံဖော်ချက်က စစ်အာဏာရှင်ခေတ် နရသိန်၏ သရုပ်သကန်ကို ပေါ်လွင်စေသည်။
၂၀၁၀ မတ်လ ၅ ရက်နေ့တွင် အပြီးသတ် ရေးထားသော ထို ထောင်ဋီကာမှာ ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်းအမှတ် အဖြစ် မတ်လ ၁၂ ရက်နေ့တွင် ထုတ်ဝေ ခြင်းလည်း ဖြစ်သည်။
“ဦးဝင်းတင်ဟာ သူနစ်နာ ခံစားနေရ တာတွေကို ပြောတာထက် သူတပါး နစ်နာ ခံစားနေ ရတာတွေကို ပိုပြောပြတယ်” ဟု ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာပီညဲရိုးက သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောဖူးသည်။ ထိုအချက်သည်လည်း ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” တွင်လည်း ထင်ဟပ်နေသည်။
အနှစ် ၂၀ ကာလ အတွင်း သူခံစား ခဲ့ရသော ကာယဒုက္ခ၊ စိတ္တဒုက္ခများကို နည်းနည်းသာ ပြောပြီး ထောင်တွင်း မတရားမှုများ၊ အာခံမှုများ၊ အကျဉ်းသား အချင်းချင်း ရိုင်းပင်း ကူညီမှုများ၊ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများ၊ ထောင်ကျဖော်များ အကြောင်းနှင့် ထောင်တွင်း အမြင်မတော် ထော်လော် ကန့်လန့် မှန်သမျှကို ကွက်ကွက် ကွင်းကွင်းပင် ရေးထားသည်။
အခြား အကျဉ်းသားများနှင့် ဆက်ဆံခွင့် မပေးဘဲ နှစ်ပေါင်းများစွာ ခွဲခြား လှောင်ပိတ်ထားသောကြောင့် “ထောင်ထဲက ဖြစ်ရပ် ဖြစ်စဉ်တွေ အသေးစိတ် မသိ” ဟု ဆိုသည့်တိုင် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုများသည် ဦးဝင်းတင် ဖော်ပြသမျှနှင့်ပင် သိနားလည်ရန် လုံလောက်နေပေပြီ။
ဦးဝင်းတင်၏ လူ့ငရဲသည် ထောင်ကို ကြောက်ရွံ့ တွန့်သွားရေးမဟုတ်။ ထောင်ကို ထီမထင်ရေး၊ ထောင်မကြောက်ရေး ဖြစ်သည်။ “ထောင်ထဲက ထွက်လာခဲ့တယ်၊ အပြင်ရောက်တော့လည်း ထောင်ကိုပဲ ရောက်နေရ ပြန်ပါပကောလား၊ ထောင်ကြီးတာနဲ့ သေးတာပဲ ကွာတယ်”ဟု အနှစ် ၂၀ အကြာမှ ပြန်တွေ့ရသော အပြင်လောက မြန်မာပြည်ကြီးကို သုံးသပ်သည်။ တပြည်လုံး “ကိုကိုးကျွန်း” ဖြစ်နေပြီဟု မြင်သည်။
လူ့ငရဲကို ၁၉၈၉ ခုနှစ် အသက် ၆၀ အရွယ်တွင် ထောင်ထဲသို့ စဝင်သွားပြီးနောက် ဖြစ်ပေါ်လာသော ခံစားမှု၊ တွေးတောမှု၊ စိတ်ပဋိပက္ခများမှ စထားသည်။ ငါဘယ်လို ပြုံးမလဲ၊ မုန်းမလဲ၊ ရုန်းမလဲ၊ ဝုန်းမလဲ၊ ဆုံးမလဲ၊ သုဉ်းမလဲ၊ ငါဘယ်လို ကြံမလဲ၊ ဖန်မလဲ၊ ခံမလဲ၊ လှန်မလဲ၊ ညံမလဲ၊ ထန်မလဲ၊ နှံမလဲဟု လူလုပ် ငရဲထဲသို့ ရောက်ပြီးနောက် မာန်တင်းသည်။ ရင်ကော့သည်။
စစ်ကြောရေးနှင့် ပတ်သက်၍ ပြန်ပြောမနေချင်တော့ဟု ဦးဝင်းတင်က ပြည်ဖုံးကားချသည်။ “တိရစ္ဆာန်ထက် ပိုမို ရိုင်းပျရက်စက်၊ ကျင့်ပျက် ကြမ်းကြုတ်စွာ စစ်မေး ညှဉ်းပန်း နှိပ်စက်ကြတယ်” ဟုသာ လိုရင်းတိုရှင်း သရုပ်ဖော်သည်။
လူထုအပေါ် ဥပဒေမဲ့ နှိပ်စက်ကလူ ပြုသူ အာဏာပိုင်များကို ဘယ်လို သဘောထားမည်လဲဟု ဆင်ခြင်သည်။ ရှစ်လေးလုံး ကာလ အတွင်းက ဦးနုပြောခဲ့သည့် ချေ ၂ ချေကို ဦးဝင်းတင်က ဆွဲထုတ်ပြသည်။ လက်စားချေနှင့် သင်ပုန်းချေ။ ဘယ်ချေကို လက်ခံကြမလဲဟု မေးခွန်းထုတ်သည်။
ရေရှည်တွင် စိတ်ခိုင်မာမှု ဦးမကျိုးစေရေးအတွက် မကျိုးပဲ့ရေးတရား သုံးပါးကို ချမှတ်သည်။ စိတ်ဓာတ် မကျိုးပဲ့စေနဲ့၊ ကျန်းမာရေး မကျိုးပဲ့စေနဲ့၊ စုဖွဲ့မှု မကျိုးပဲ့စေနဲ့။ ထောင်ကျနေခြင်းသည် အချိန် လေလွင့် ကုန်ဆုံးစေခြင်း မဟုတ်၊ “အရေးတော်ပုံတပ်သား”အဖြစ် အမှုထမ်းနေခြင်း ဖြစ်သည်ဟု ဦးဝင်းတင်က ယူဆသည်။ ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်းဟု သုံးသပ်သည်။
ထောင်တွင်း ပါတီစွဲ၊ အယူစွဲတွေ ကိုယ်စီရှိသည်။ ယင်းမှ ပေါ်ပေါက်လာသော အငြင်းပွားစရာ၊ သဘော မတူနိုင်သည်များကို လူမှုရေးအရ ခင်မင်အောင် ပြုပြီး အရင်ညှိရပုံကိုလည်း စိတ်ဝင်စားဖွယ် သိရသည်။ အကျဉ်းကျ နိုင်ငံရေး သမားများ၏ လူမှုဆက်ဆံရေး၊ အယူအဆ ဆက်ဆံရေးကို မြင်ရသည်။
ထောင်ဘာသာဗေဒကိုလည်း ဦးဝင်းတင်က မလွတ်အောင် မှတ်တမ်းတင်သည်။ အကျဉ်းဦးစီး (အကစ) သည် အကြမ်းဖက် ဦးစီးဌာန၊ အူကြောင်ကြောင် ဦးစီးဌာန၊ အကျိုးရှာ ဦးစီးဌာန၊ အကုန်နှိုက် ဦးစီးဌာနဟူ၍ ဝိဂြိုဟ်ပြုထားသည်။
အကျဉ်းသားတို့၏ စိတ်အခြေအနေ၊ ကျွမ်းကျင်မှုကို လိုက်ပြီး “ကြောင်” အမျိုးမျိုးကိုလည်း နာမည် တပ်ပြသည်။ “လွတ်ကြောင်” ဆိုသည်မှာ လွတ်ခါနီး ကြောင်သောသူ၊ လွတ်မည်ထင်၍ ကြောင်သောသူ၊ လွတ်လွတ် မလွတ်လွတ် လွတ်မည့် အကြောင်း ပြောကြောင်သူ၊ တောင်ကြွက် ဟု အမည်ပေးထားသည်က လွတ်မည့်ရက် တွက်ပြီး ကြောင်သော “တွက်ကြောင်”၊ ဘောင်ကြုတ်ဟု ခေါ်သော “ဘုတ်ကြောင်”လည်း ရှိသည်။
အကျဉ်းကျ နိုင်ငံရေးသမားများနှင့် ပြင်ပမှ မိသားစု၏ ရင်နာဖွယ် ဆက်ဆံရေးကိုလည်း မြင်ရသည်။ မိခင်၊ ဇနီး၊ အစ်မ၊ ညီမ၊ တူမ၊ သမီး စသည့် မျှဝေ ခံစားဘက်များကိုလည်း မလွတ်စေရ။ “နိုင်ငံရေး သယံဇာတ ရင်းမြစ်တွေ”ဟု ဦးဝင်းတင်က ဂုဏ်ပြုသည်။ အိမ်ထောင်သက် နှစ် ၄၀၊ ထောင်ဝင်စာ တွေ့ရသည်မှာလည်း နှစ် ၄၀ ဟု ပြောသော ဘိုးတော်ခင်ဝင်း၏ ဇနီး အကြောင်းလည်း ပါသည်။ အဖေကို မမြင်ဖူးသဖြင့် တွေ့သမျှ ထောင်ဝန်ထမ်းကို အဖေခေါ်မိသော သမီးလေးကို အမေဖြစ်သူက ရိုက်သည်။ အဖေအစစ်နှင့် တွေ့သောအခါ ထပ်ရိုက်မည်စိုး၍ အဖေဟု မခေါ်သည့် မိသားစု၏ အဖြစ်မှာလည်း ရင်နင့်စရာ ဖြစ်သည်။ မျှဝေ ခံစားဘက်များ မရှိလျှင် နိုင်ငံရေး အကျဉ်းသားများ အဖို့ “တော်လှန်-မာန်-ဉာဏ်-သတ္တိ” များ ခမ်းခြောက် ပျောက်ဆုံးမည်ဟု ထောက်ပြသည်။
ဘီလ်ရစ်ချတ်ဆန်၊ ပါမောက္ခ ပီညဲရိုး နှင့် ကင်တာနားတို့၏ ဆောင်ရွက်ချက်များ ကိုလည်း ထောင်တွင်း ဆင်းရဲဒုက္ခ လျှော့နည်းရေး အကျိုး မဖြစ်လာသဖြင့် ဦးဝင်းတင်က ထေ့ငေါ့သည်။ သူတို့မေးမြန်း ပြန်သွားပြီးနောက်လည်း ထမင်းသည် “ခွေးအန်ဖတ်” ဖြစ်မြဲ၊ ညဘက်တွင် ခြင်ကိုက်မြဲဟု သရော်သည်။ ထောင်ထဲတွင် စာမဖတ်၊ စာမရေး၊ သီချင်းမဆိုရ ပိတ်ပင်ထားသဖြင့် မျိုးဖြုတ် သတ်ဖြတ်မှု (Genocide) ကဲ့သို့ပင် အသိဉာဏ် မျိုးတုံးပြီး နလပိန်းတုံး ဖြစ်အောင် လုပ်နေမှု (Intelectocide) ဟု စကားသစ်တွင်၍ ဦးဝင်းတင်က ဘီလ်ရစ်ချတ်ဆန်ကို ပြောခဲ့သည်။
သွားတချောင်းမှ မရှိသဖြင့် မနူးမနပ် ကြမ်းတမ်းသော လုံးတီးဆန်ကို အာဟာရ အလို့ငှာ ရှစ်နှစ်လုံးလုံး သွားဖုံးနှင့် ကြိတ်ခဲ့ရသည်ကို အစာမကြေသလို ကမ္ဘာမကြေဘူးဟု ကမ္ပည်းထိုးထားသည်။
ထောင်ထဲတွင် တီဗီ၊ ကောဇောသွင်းပြီး ထောင်အာဏာပိုင်များနှင့် ထမင်းအတူစားသူ သူဌေးကြီး မောင်ဝိတ်၊ တိုင်းပြည် တိုးတက် စေချင်တယ် ဟု ပြောသော အာဏာရှင် ဦးနေဝင်း၏မြေး အေးနေဝင်း၊ အကုန်လုံး ဝင်ဆံ့အောင် ပေါင်းတတ်သော ဘိုးတော်ခင်ဝင်း၊ ဦးဝင်းတင်၏ ကဗျာကို ကြိုက်လှ၍ အင်္ဂလိပ် ဘာသာပြန်ပြီး ထောင်ထဲတွင် ရွတ်ပြသူ ဒေါက်တာခင်ဇော်ဝင်း၊ ထောက်လှမ်းရေး နားရွက်ကို တံတွေးစွတ်သော ထောင်ဖောက်ဟီးရိုး မြင့်အောင်၊ ထောင်ကျော်ပြေးသော ကျွဲကြီးမှသည် ထောင်ဆေးရုံတွင် ဟင်းချက်ရောင်းသော အကျဉ်းသား တိုနီခါးအထိ သူမြင်ရသလောက်ကို ဦးဝင်းတင်က ရေးပြသည်။
ထောင်တွင်း အလုပ်ခိုင်းမှုများကို “အလုပ်ဆိုနိုး ဘုတ်ဆိုနိုး”ဟု အာခံခဲ့သည်။ “နိုးသံခြေကျင်း နိုးထမင်း” ဟုလည်း ဆန့်ကျင် ခဲ့ကြသည်။ ထောင်အာဏာပိုင်များ ဘာပြောပြော ဟားတိုက်ရယ်သည့် “ဟားတိုက်ပွဲ” လုပ်သည့် တရုတ် လူငယ်တယောက် အစ ပျောက်သွားပုံကိုလည်း မှတ်တမ်း တင်ထားသည်။
ထောင်တွင်း လက်ရေးစာစောင်များ ဖြန့်ကြသည်။ “ကြက်တူရွေး”ဟု နာမည်ဝှက် ပေးထားသော ရေဒီယိုများ ခိုးသွင်းကြသည်။ ထောင်တွင်း အခွင့်အရေး ချိုးဖောက် ခံရမှုများကို စာမျက်နှာ ၁၀၀ ခန့်ပါ အစီရင်ခံစာရေးပြီး အပြင်သို့ ထုတ်ကြသည်။ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများကို ရင်တမမ ဖတ်ရသည်။
ရှည်လျားလှသော အထီးကျန် လှောင်ပိတ်ကာလအတွင်း ၁၂ နှစ်သား အရွယ်တွင် စခဲ့ပြီး ၁၉ နှစ်သား အရွယ်တွင် မြုပ်နှံပစ်ခဲ့သည့် ဦးဝင်းတင်၏ ကဗျာဗီဇက ပြန်နိုးထလာသည်။
“ကုန်ချင်သလောက် ကုန်စမ်း
တစ်ရက်ကုန်မလား တစ်သက်ကုန်မလား
တစ်လကုန်မလား တစ်ဘဝကုန်မလား
တစ်နှစ်ကုန်မလား တစ်ခေတ်ကုန်မလား
….........
…..........
တိရစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်လား။
မှားလိုက်တဲ့ အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ”
(ကျားရဲငါ ကဗျာမှ)
ကဗျာများကလည်း မာကြောမှုကို ထင်ဟပ်နေသည်။ ၁၉၉၀ တွင် ကဗျာရှည်ကြီးများ ရေးခဲ့သည်။ ကဗျာ ပြဇာတ် ရှည်ကြီးများလည်း ပါသည်။ ကဗျာရှည်ကြီးများကို လနှင့်ချီ၍ အခန်းနီးချင်းများကို ရွတ်ဆိုပြခဲ့သည်။ “ယမမင်း ငါ” ကဗျာတွင် ငရဲကို အာဏာရှင်များအတွက် တထပ်တိုး၍ ငရဲကြီးကိုးထပ် လုပ်ခဲ့သည်။ “ကိုးထပ်ငရဲကို ဂျိုးမကပ်တဲ့ အိုး (Tefloncoated) လုပ်မယ်” ဟု ကြိမ်းဝါးသည်။
နံရံ၊ ပလတ်စတစ် စသည်များပေါ်၌ ရေးခဲ့သည့် ဦးဝင်းတင်၏ ကဗျာများလည်း “ပျောက်သောကဗျာ ကြာရင်မေ့” ဖြစ်ကုန်သည်လည်း ရှိသည်။
ထောင်မှတ်တမ်း နိဂုံးမသတ်မီ ၂၀၀၈ အခြေခံဥပဒေကို ကန့်ကွက်ကြောင်း၊ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက် ဆုပ်ကိုင်ကြောင်း ဦးဝင်တင်က ထည့်ရေးထားသေးသည်။ “စစ်ကျွန်ခေတ်တွင် လူရာမဝင်လို” ဟု စိတ်ပျက်စကား ဆိုသည်။
ကျနော်တို့ စာနယ်ဇင်းသမား ပေါက်စ ဖြစ်စဉ် ဝါရင့် အယ်ဒီတာကြီးများက ဦးဝင်းတင် ဘာသာပြန်သော “ကွိ” ကို ဖတ်ဖြစ်အောင် ဖတ်ဟု တိုက်တွန်းကြသည်။ “ကွိ” သည် ကျင့်ဝတ်ကို အလေးအမြတ်ထားသော သတင်းစာသမား တယောက် အကြောင်း ဖြစ်သည်။ ယခုလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးသမား လုပ်ချင်လျှင် ဦးဝင်းတင်၏ ခေတ်သစ် ထောင်ဋီကာ ဖြစ်သော “ဘာလဲဟဲ့ လူ့ငရဲ” ကို ဖတ်ဟု ဆိုကြပါလိမ့်မည်။ ။
Ref: ဧရာဝတီ်
Friday, March 26, 2010
ဦးဝင်းတင်၏ ထောင်ဋီကာ
Labels:
သတင်းဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment