ခင်ဦးသာ
28 February 2011
နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး အဆိုပြုလွှာကို နိုင်ငံရေးပါတီ တချို့က လွှတ်တော်၌ တင်သွင်းထား သော်လည်း ယနေ့အထိ အကြောင်းပြန်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။
ယင်း အဆိုပြုလွှာကို ယခုလဆန်းပိုင်းက ကျင်းပသော လွှတ်တော် အစည်းအဝေး များသို့ တင်သွင်း ထားသည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။
“နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေး ရေးနဲ့ အထွေထွေ လွတ်ငြိမ်းချမ်း သာခွင့် ဆိုပြီး သီးသန့်စီ တင်တာပါ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထဲမှာတော့ ပြည်ပရောက် အတိုက်အခံတွေ အားလုံးပါတာပေါ့” ဟု ဦးခင်မောင်ဆွေက ဆိုသည်။
နေပြည်တော်၌ လွှတ်တော် အစည်းအဝေး တက်ရောက် နေကြသော ကိုယ်စားလှယ် များကမူ ၎င်းအဆိုပြုလွှာအား ပယ်ချလိုက်ပြီး ဖြစ်သည်ဟု ပြောဆိုနေကြသည်။
“ဒီအဆိုပြုလွှာက ၂၀၀၈ ဖွဲ့စည်းပုံပါအတိုင်း တင်တာမို့လို့ ပယ်ချ၊ မချဆိုတာ တရားဝင် ပြောလို့ မရသေးပါဘူး” ဟု ဦးခင်မောင်ဆွေက ဆိုသည်။
NDF ကဲ့သို့ပင် ပြည်ပ နိုင်ငံအသီးသီးသို့ ရောက်ရှိနေသော အတိုက်အခံနိုင်ငံရေးသမား များ အပါအဝင် မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ လွတ်လပ်စွာ ပြန်လာနိုင်ရေးအတွက် နိုင်ငံရေးပါတီ ၁၁ ခုက ကြေညာချက်ထုတ်၍ ယမန်နေ့က ထပ်မံ တောင်းဆို လိုက်သည်။
“ပြည်ပ နိုင်ငံသား ခံယူထားသူပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံသား လက်မှတ် ကိုင်ထားသူပဲ ဖြစ်ဖြစ်ပေါ့၊ ကိုယ့်နိုင်ငံကို ပြန်လာရင် လွတ်လပ်စွာ နေထိုင်နိုင်ခွင့်၊ သွားလာလှုပ်ရှား ခွင့်တွေ ရအောင် တောင်းဆိုရတာပါ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီကို ပြောသည်။
ထို့အတူ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး ကိစ္စများ ကိုပါ ကြေညာချက်၌ တောင်းဆိုထားသည်။
အစိုးရသစ်သည် မတ်လအတွင်း တရားဝင် အာဏာလွှဲပြောင်း ယူတော့မည်ဖြစ်သော ကြောင့် အစိုးရသစ်၏ လုပ်ထုံး လုပ်နည်းအတိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိရာ ထိုလွတ်ငြိမ်းချမ်းသာခွင့် များထဲတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ပါဝင်နိုင်စေရန် တောင်းဆိုခြင်းဖြစ် ကြောင်း ဦးသုဝေက ပြောသည်။
“အစိုးရသစ် အနေနဲ့ ဒီလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် သူ့တို့အတွက် အများကြီး ဂုဏ်တက်စေမှာ ဖြစ်သလို၊ နိုင်ငံတကာ မျက်နှာစာမှာလည်းပဲ အမြင် ကောင်းစေတဲ့ အစိုးရသစ်ဖြစ်မယ် ဆိုတာတွေကို ကြေညာချက်ထဲမှာ ဖော်ပြ ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဦးနေ၀င်း အစိုးရသည် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီး ၁၉၆၃ နှစ်တွင် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များနှင့် ဆွေးနွေး၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေထုတ်ပြန်၍ ပြည်ပရောက် နိုင်ငံရေး အတိုက်အခံများ၊ သေဒဏ်ချမှတ် ခံထားရသော နိုင်ငံရေး အတိုက်အခံ အင်အားစုများ၊ နိုင်ငံရေး အကျဉ်းသားများကိုလွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့သည်ဟု ဦးသုဝေက ရှင်းပြ သည်။
“၁၉၈၀ တုန်းကဆိုရင် ၀န်ကြီးချုပ်ဟောင်း ဦးနုတို့လို ပုဂ္ဂိုလ်မျိုးတွေ၊ တသက်တကျွန်းကျခံ နေရသူတွေ၊ သေဒဏ် ပေးခံထားရသူတွေ ထဲက ဆိုရင်လည်း သခင်စိုးနဲ့ တခြား သူတွေကိုပါ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တာမျိုးတွေ ရှိခဲ့တယ်။ အခုလည်း အဲဒီလို ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
၎င်းကိုယ်တိုင် အတိုက်အခံ ဖြစ်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သောကြောင့် ပြည်တော် ပြန်ခဲ့ရကြောင်းလည်း ဦးသုဝေက ဆိုသည်။
ပြည်ပနိုင်ငံသား အဖြစ် ခံယူထားသူများကိုလည်း မိမိနိုင်ငံသား အဖြစ်ပြန်လည်ခံယူ လိုပါက လွတ်လပ်စွာ လုပ်ဆောင် ပေးနိုင်ရန်အတွက် ကြေညာချက်၌ ရေးသားထား ကြောင်း၊ ၎င်း၏ ဇနီးသည်လည်း ထိုင်းနိုင်ငံတွင် နေထိုင်နေသည့် နိုင်ငံမဲ့သူ အဖြစ်မှ မြန်မာနိုင်ငံသား အဖြစ် ပြန်လည် ခံယူထားသူ ဖြစ်ကြောင်း ဦးသုဝေက ဆိုသည်။
ကြေညာချက် ထုတ်ခဲ့သည့် အတိုက်အခံ နိုင်ငံရေး ပါတီ ၁၁ ခုတွင် ဒီမိုကရက်တစ်ပါတီ ( မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေပါတီ(ဒီငြိမ်း)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ကရင် တိုင်းရင်းသားများပါတီ စသည်ဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ကြသော နိုင်ငံရေးပါတီများ ပါဝင်သည်။
ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးအင်အားစု များကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာသော အစိုးရသည် စစ်တပ် လွှမ်းမိုးထားသော ယခင်အစိုးရသာ ဖြစ်၍ ထူးခြားသော အပြောင်းအလဲများ ဖြစ်မလာနိုင်သေးကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များကို စောင့်ကြည့်ပြီးမှသာ မိမိနိုင်ငံသို့ ပြန်ကြမည်ဖြစ်ကြောင်း ပြောဆိုသည်။
ပြည်ပနိုင်ငံအသီးသီး၌ နိုင်ငံရေး အတိုက်အခံအင်အားစုများ၊ တရားဝင်နေထိုင်သူများ၊ တရားမ၀င်နေထိုင်သူများ စုစုပေါင်း ၄ သန်းကျော်ရှိ၍ မြန်မာနိုင်ငံ၏ လက်ရှိ လူဦးရေနှင့် အချိုးချပါက ၁၅ ဦးလျှင် တဦးသည် ပြည်ပ၌ ရောက်ရှိနေသောကြောင့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဆုံးရှုံးမှု ကြီးမားသည်ဟု ဦးသုဝေ ကထောက်ပြသည်။
ပြည်ပရှိ အဖွဲ့အစည်း တခုသည်လည်း ပြည်တွင်းသို့ ၀င်ရောက်၍ လွတ်လပ်စွာ နေထိုင်လို ကြောင်း အဆိုပြုလွှာ တစောင်ကို အစိုးရထံ တင်ပြထားသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။
Ref;Irrawaddy
Monday, February 28, 2011
လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ လွှတ်တော်က အကြောင်းမပြန်သေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment