မြန်မာနိုင်ငံသို့ ပေးအပ်မည့် ကူညီထောက်ပံ့မှုများကို ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန DFID က တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ အများဆုံး အကျိုးတူ ထောက်ပံ့သည့် အလှူရှင်နိုင်ငံ ဖြစ်လာသည်။
လာမည့် ၄ နှစ်အတွင်း ခန့်မှန်းခြေ ပေါင် သန်း ၁၈ဝ (အမေရိကန်ဒေါ်လာ သန်း ၃ဝဝ) ပေးအပ်မည်ဖြစ်ရာ မြန်မာနိုင်ငံသို့ ကူညီသည့် နိုင်ငံများအနက် အများဆုံး ပေးအပ်သည့် နံပါတ် ၁ နိုင်ငံ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
’’ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံသို့ တနှစ်လျှင် ပျမ်းမျှ ပေါင် ၄၆ သန်း (အမေရိကန်ဒေါ်လာ ၇၅ သန်း) ကို နှစ်စဉ် ၂ဝ၁၅ ခုနှစ်အထိ ထောက်ပံ့သွားမည်။ ဤထောက်ပံ့ငွေကို ကုလသမဂ္ဂအဖွဲ့၊ နိုင်ငံတကာနှင့် ဒေသခံ NGO များနှင့် ရပ်ရွာအဖွဲ့အစည်းများမှတဆင့် ထောက်ပံ့ပေးကမ်းသွားမည်’’ ဟု နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနဝန်ကြီး အင်ဒရူးမစ်ချယ်လ်က ပြောကြားခဲ့သည်။
ထိုသို့ပေးအပ်မည့် အထောက်အပံ့များအနက်
အသေးစိတ်ခေါင်းစဉ်များကို ခွဲခြား ပြော ကြားသွားခဲ့ရာတွင်မိခင် ၁၂၇ဝဝဝ ကျော် ကို ဘေးအန္တရာယ်ကင်းစွာ မီးဖွားပေး နိုင်စေ ရေးနှင့် မရည်ရွယ်ဘဲ ရသော ကိုယ်ဝန် ၁၅ဝဝဝဝ ကိုတားဆီးကာကွယ် နိုင်ရေးအတွက်လည်း ပါဝင်သည်’’ ဟု ပြောဆိုသွားခဲ့သည်။
အထောက်အပံ့ စာရင်းတွင် ငှက်ဖျား ရောဂါရှင် ၁.၈ သန်း၊ မူလတန်းအရွယ် ကလေး ၂၇၇ဝဝဝ၊ အမျိုးသမီး ၁၁ဝဝဝဝ တို့အတွက် အလွယ်တကူ ချေးငွေရရှိရေး၊ အမျိုးသမီးနှင့် အမျိုးသား ၉၂ဝဝဝ အတွက် စားနပ်ရိက္ခာ တိုးတက်ထုတ်လုပ်ရာတွင် ကူညီရေး၊ လူများကို သူတို့ဘဝ ရွေးချယ်ထိန်းချုပ်ရာတွင် အကူအညီအထောက်အပံ့ ပေးနေကြသော ရပ်ရွာအဖွဲ့အစည်း များအား ကူညီရေးတို့လည်း ပါဝင်သည်။
ငွေအများစုမှာ ကုလသမဂ္ဂ အေဂျင်စီများမှတဆင့် အစိုးရက ခွင့်ပြုထားသော လုပ်ငန်း များအတွက် ပေးအပ်မည် ဖြစ်သော်လည်း စစ်ပွဲဖြစ်နေသော ဒေသများနှင့် ရွာပုန်းရွာရှောင် များမှ မြန်မာနိုင်ငံပြည်သူများအတွက်လည်း ပါဝင်သည်ဟု DFID မြန်မာရုံးအကြီး အကဲ ပေါလ်ဝှစ်တင်ဂမ် Paul Whittingham က ပြောသည်။
’’ဤကိစ္စသည် အင်ဒရူးမစ်ချယ်၏ မြန်မာနိုင်ငံအတွက် အဓိကဦးစားပေး လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံ ပဋိပက္ခများတွင် မြေစာပင် ဖြစ်ရသူများကို ထောက်ပံ့ရေးမှာ ဗြိတိန်နိုင်ငံရှိ ကျနော်တို့အားလုံးအတွက် ဦးစားပေးလုပ်ငန်း တလျှောက်လုံးပင် ဖြစ်ခဲ့ပါသည်’’ ဟု သူက ပြောသည်။
’’ဒါကို နည်းအမျိုးမျိုးနဲ့ ကျနော်တို့ လုပ်ခဲ့ပါတယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို ကူညီထောက်ပံ့ခဲ့ပါတယ်။ နယ်စပ်ကနေ အတွင်းအထိဝင်ပြီး ဆောင်ရွက်နိုင်တဲ့ အဖွဲ့တွေကို ကူညီထောက်ပံ့ခဲ့ပါတယ်။ စစ်ပွဲဖြစ်ပွားရာ နေရာအတွင်းရှိ ရွာပုန်းရွာရှောင်တွေက ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ လုပ်ပေးနိုင်မယ့် အဖွဲ့အစည်း တွေကိုလည်း သင့်တော်တယ် ထင်မြင်ယူဆရင် တတ်နိုင်တဲ့အချိန်မှာ ကူညီထောက်ပံ့ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေဟာ ကျနော်တို့အတွက် ဦးစားပေး လုပ်ငန်းတွေအဖြစ် ဆက်လက် ရှိနေမှာပါ’’ ဟု သူက ပြောသည်။
ဗြိတိန်နှင့် မြန်မာအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် ဝှစ်တင်ဂမ်က ’’နိုင်ငံတနိုင်ငံအတွင်းကို အကူအညီတွေ ဘယ်လိုပေးအပ် ရမယ်ဆိုတဲ့ ကိစ္စအတွက် ကျနော်တို့မှာ အီးယူ (ဥရောပသမ္မဂ) ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဗြိတိန်ဟာ ဒီစည်းမျဉ်းတွေကို အတိအကျ လိုက်နာတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီအကူအညီတွေကို ဘယ်လိုသုံးစွဲရမယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ညှိနှိုင်းဖို့ လိုတယ်။ အဓိကအားဖြင့် လူထုအခြေပြု အဖွဲ့အစည်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့နဲ့ တိုင်ပင်ညှိနှိုင်းရတာပါ။ ပြည်တွင်း ပြည်ပက ဒီလိုအဖွဲ့အစည်းတွေ တော်တော်များများနဲ့ တိုင်ပင်ဆွေးနွေးပြီးပြီ’’ ဟု မဇ္ဈိမကို ပြောခဲ့သည်။
ဗြိတိန်က မြန်မာနိုင်ငံသို့ ပေးအပ်နေသော အကူအညီများသည် ၂ဝ၁၁ ခုနှစ်အတွင်း နှစ်ဆ တိုးသွားခဲ့ခြင်းမှာ မြန်မာအစိုးရအပေါ် ထားရှိသည့် သဘောထား ပြောင်းလဲသွားခြင်း ကြောင့် မဟုတ်ပါဟု သူက ဆိုသည်။
’’အခုလို တိုးမြှင့်ပေးအပ်ခဲ့တာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့လည်း မဆိုင်ပါဘူး။ စစ်အစိုးရကို ကျနော်တို့ ဆက်ဆံတဲ့နေရာမှာ ဒါတွေက ချဉ်းကပ်မှုပုံစံကို ပြောင်းလဲသွားစေမှာလည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ဗြိတိန်ရဲ့ ရပ်တည်ချက် အနေအထားက သိပ်ရှင်းပါတယ်။ ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှု လည်း မရှိ၊ တိုးတက်မှုအတွက်လည်း ကိုယ်စားမပြုနိုင်လို့ဘဲ မြင်ပါတယ်။ ကျနော်တို့ မြင်ချင်တာ ငြိမ်းချမ်းမှုရှိပြီး၊ သာယာဝပြောတဲ့ ဒီမိုကရေစီရှိတဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ မြန်မာနိုင်ငံ ဖြစ်ပါတယ်’’ ဟု သူက ပြောသည်။
ဗြိတိန်အကူအညီများ ယခုကဲ့သို့ တိုးမြှင့်ပေးအပ်သည့်အပေါ် မိမိတို့ တက်ကြွလှုပ်ရှား သူများအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ဘားမားကင်ပိန်းအဖွဲ့ (ဗြိတိန်) မှ မတ်က်ဖာမနာ Mark Farmener က ပြောသည်။
သူ့အနေဖြင့် DFID ကို တိုက်တွန်းပြောကြားလိုသည်မှာ ’’ပြည်တွင်းတွင် လုပ်ကိုင် ရသည်မှာ အလွန်တင်းကျပ်သော အကန့်အသတ်များ ရှိနေသည့်အတွက် ဒီမိုကရေစီ မြှင့်တင်ကျယ်ပျံ့ရေး လုပ်ငန်းများကို ပြည်တွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများ မှတဆင့်၎င်း၊ ပြည်တွင်းတွင် မြေအောက်ကွန်ရက်များရှိသည့် အဖွဲ့အစည်းများမှတဆင့်၎င်း သိသာစွာ တိုးတက်သွားအောင် ဆောင်ရွက်ပေးစေလို ပါသည်’’ ဟု ပြောဆိုသွားသည်။
အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးကလည်း မဇ္ဈိမကို ပြောကြားရာတွင် ’’လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးတာနဲ့ ပတ်သက်လို့ ကျနော်တို့တောင်းဆိုတာ တကယ်စစ်မှန်ရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ခံမှု ရှိရမယ်၊ စောင့်ကြည့်လေ့လာ အကဲခတ်တဲ့စနစ် ကောင်းကောင်း ရှိရမယ် ဆိုတာတွေပဲ ဖြစ်ပါတယ်’’ ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်တွင် ဂလိုဘယ်ဖန်း Global Fund ကလည်း HIV/AIDS ဝေဒနာ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁၂ သန်း ပေးအပ်ကူညီမည့် စာချုပ်တရပ်ကို မြန်မာနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သည်။
သူတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထိန်းအချုပ်၊ အတားအဆီးများ ရှိခဲ့သည့် အတွက်ဟုဆိုကာ ဂလိုဘယ်ဖန်းသည် ၂ဝဝ၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ မိမိသဘောအလျောက် တဖက်သတ် ထွက်ခွါသွားခဲ့သည်။ အဖွဲ့ဝင်နိုင်ငံတနိုင်ငံမှ ယခုကဲ့သို့ ထွက်ခွါသွားခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။
ဂလိုဘယ်ဖန်းထံမှ ထောက်ပံ့ကူညီမှုများ ရယူရန်အတွက် ’နိုင်ငံတွင်း ညှိနှိုင်းတိုင်ပင်သည့် ယန္တရားစနစ်တရပ်´ ရှိရမည်ဖြစ်ပြီး၊ ယင်းအတွက် ကျယ်ပြန့်များပြားသော အဖွဲ့ဝင်များကို ပွင့်လင်းမြင်သာမှုရှိသည့် စနစ်ဖြင့် ရွေးချယ်ရမည်ဟု ဂလိုဘယ်ဖန်း၏ ပြောရေးဆိုခွင့်ရှိသူ မာဆီလာရိုဂျို Marcela Rojo က ပြောသည်။
’’ဂလိုဘယ်ဖန်း၏ အတွေ့အကြုံများအရ ဤစနစ်ရှိခြင်းဖြင့် အစိုးရ၊ လူထုအခြေပြုအဖွဲ့များ၊ ရောဂါခံစားနေရသော လူမမာများ၊ အခြား ကာယကံရှင်များနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ အတော်လေး ပြုလုပ်နိုင်ကြောင်း တွေ့ခဲ့ရသည်’’ ဟု သူက မဇ္ဈိမကို အီးမေးလ် မှတဆင့် ပြောဆိုခဲ့သည်။
’’ဒီလိုဆောင်ရွက်နိုင်လို့ ကျန်းမာရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတရပ် လုပ်နိုင်ပြီလို့တော့ မပြောလိုပါဘူး။ ဒါပေမဲ့ HIV/AIDS၊ တီဘီ၊ ငှက်ဖျား ဖြစ်နေတဲ့ ဝေဒနာရှင်တွေအတွက်တော့ သက်ဆိုင်ရာ ကာယကံရှင်များ တပြိုင်ထဲ ဆွေးနွေး ချဉ်းကပ်နိုင်တဲ့ အနေအထားတခုကိုတော့ ဖန်တီးပေးနိုင်မှာပါ’’ ဟု သူက ပြောသည်။
Ref;mizzima
0 comments:
Post a Comment