Thursday, June 30, 2011

ထိုင်းရွေးကောက်ပွဲ ကမ်ပိန်းများ ဒုက္ခသည်အရေး လျစ်လျူရှု

Steve Mullins
ဇွန်လ ၃၀ ရက် ၂၀၁၁ ခုနှစ်


ထိုင်းနိုင်ငံတွင် ၂ဝ၁၁ ခုနှစ် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ပြည်တွင်းရေး ကိစ္စများသာ ဖုံးလွှမ်းနေပြီး ထိုင်းအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်များမှာ လတ်တလော အချိန်၌ ဦးစားပေး ဆွေးနွေးခံရခြင်း မရှိဘဲ မှေးမှိန်လျက်ရှိသည်။

ရွေးကောက်ပွဲ အကြိုကာလတွင် အထူးတလည် အချေအတင် ငြင်းခုံနေသည့် ကိစ္စများမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ်၏ Pheu Thai ပါတီအပေါ် လွှမ်းမိုးမှု အနေအထား၊ ထိုင်းနိုင်ငံသို့ သူ ပြန်လာနိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ချေ ရှိမရှိနှင့် ပြီးခဲ့သည့် နှစ်ထဲ သွေးထွက်သံယို အဆုံးသတ်ခဲ့ရသည့် ဆန္ဒပြပွဲများအပြီး စွဲချက်တင်ခံခဲ့ရသည့် ဆန္ဒပြသူများအပေါ် လွတ်ငြိမ်းချမ်းသာခွင့် ပေးမပေး ဆိုသည်များသာ ဖြစ်နေသည်။

အနည်းဆုံး လစာနှုန်းထားကို တိုးမြှင့်သတ်မှတ်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးသော်လည်းရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု နောက်ဆုံးအဆင့်၌ ထိုကိစ္စများမှာ နောက်တန်း၌သာ ရှိသည်။

ဒုက္ခသည်များ၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများ၊ နိုင်ငံမဲ့များ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးသည့် ဒုက္ခသည် ကူညီထောက်ပံ့ရေး ထိုင်းကော်မတီ TCR ၏ တည်ထောင်သူနှင့် အလုပ်အမှုဆောင် ဒါရိုက်တာ Veerawit Tianchainan က “ရွေးကောက်ပွဲ ကမ်ပိန်းတွေမှာ ဒုက္ခသည်ကိစ္စတွေ နောက်တန်းကို ရောက်နေရတဲ့ အကြောင်းကနိုင်ငံရေး ပါတီတွေမှာ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဘာမူဝါဒမှ မရှိကြတာကတော့ အတူတူပါပဲ။ အဲဒီကိစ္စဟာပြည်တွင်း နိုင်ငံရေးမှာ တန်ဖိုးရှိတဲ့ ကိစ္စ မဟုတ်လို့ပါ” ဟု ဆိုသည်။

Tianchainan သည် ထိုင်းနိုင်ငံ ရွေးကောက်ပွဲသည် နယ်စပ် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များ၏ ဘဝကို ထူးခြားစေလိမ့်မည် မဟုတ်ဟု ယုံကြည်သည်။

“ကျနော်တယောက်ထဲ အမြင်အရ ပြောရရင် ရွေးကောက်ပွဲကြောင့်တော့ ဒုက္ခသည်တွေရဲ့ ဘဝတွေ တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ မမြင်မိပါဘူး” ဟု သူက ဆိုသည်။

၂ဝ၁၁ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ အကြိုကာလ၌ ဒုက္ခသည်အရေးသည် နောက်တန်း ရောက်နေသော်လည်း အချို့ ဒုက္ခသည်စခန်းများမှာ ၂၅ နှစ်ခန့်ပင် ရှိတော့မည်။ အနာဂတ်တွင် ထိုစခန်းများအပေါ် မည်သို့ ကိုင်တွယ်မည် ဟူသော ကိစ္စက ရှိနေသည်။

ရွေးကောက်ပွဲ ကမ်ပိန်းများ မတိုင်မီကမူ အဖိဆစ် ဝေ့ချာချီဝ အစိုးရသည် ထိုင်းရှိ မြန်မာဒုက္ခသည်များ အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ နိုင်ငံပိုင် ဒုက္ခသည်စခန်း ၉ ခု၌ နေထိုင်သူ ၁ သိန်း ၄ သောင်းခန့်နှင့် ပတ်သက်၍ လက်ရှိ စီမံခန့်ခွဲနေသည့် နည်းစနစ်ကို ပြန်သုံးသပ်ကာ ပြုပြင်မည့် အကြံပြုချက်များကို ဆက်တိုက်ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ထဲတွင် အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ Tawin Pleansri သည် မြန်မာအရာရှိများနှင့်ဆွေးနွေးခဲ့ပြီးနောက် ၂ဝ၁ဝ နိုဝင်ဘာ မြန်မာ့ရွေးကောက်ပွဲအပြီးတွင် ထိုင်းရှိ ဒုက္ခသည်စခန်း ၉ ခု ပိတ်သိမ်းကာ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်ပို့ရေးသည် ဖြစ်နိုင်စရာ ရှိကြောင်း ကြေညာခဲ့သေးသည်။

Tawin Pleansri သည် ၂ဝ၁၁ ဧပြီလတွင် ထိုကိစ္စကို ထပ်မံ ပြောကြားခဲ့သော်လည်း ဒုက္ခသည် စခန်းများအား မည်သည့်အချိန်တွင် ပိတ်သိမ်းရန် ဖြစ်နိုင်သည်ဆိုသည့် ကိစ္စမှာ ကွဲကွဲပြားပြား မရှိခဲ့ပေ။ သူ့အဆိုကို လူအခွင့်အရေး အင်အားစုများက လက်တလော၌ လက်တွေ့မဆန်သော၊ မလုံခြုံသော အစီအစဉ်အဖြစ် ဝေဖန်ခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အရာရှိ Jean-Noel Wetterwald က “ဒုက္ခသည်စခန်းတွေကို ပိတ်ချင်တယ်လို့ ပြောရကြေးဆိုရင် UNHCR က ပိတ်ချင်တဲ့ အကြောင်း ရှေ့ဆုံးကနေ ပြောမှာပါ။ ဒါပေမဲ့ ကျနော်တို့ရဲ့ ထောက်ခံမှုဟာ အခြေအနေတွေပေါ် မူတည်နေပါတယ်။ ဒုက္ခသည်တွေအနေနဲ့ မူရင်းဒေသကို ပြန်ဖို့ အန္တရာယ်ကင်းတဲ့ အနေအထားမျိုး၊ ပတ်ဝန်းကျင်မျိုးတွေ ရှိမှ ဖြစ်မှာပါ” ဟု ပြောခဲ့သည်။

“ကမ္ဘာ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ လုပ်ရမှာက ဒုက္ခသည်တွေ အန္တရာယ်ကင်းကင်းနဲ့ မူရင်းဒေသကို ပြန်နိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးဖို့ မြန်မာနိုင်ငံထဲက ပြည်ထောင်စုအဆင့် အာဏာပိုင်တွေ၊ ဒေသအာဏာပိုင်တွေကို တိုက်တွန်းရမှာပါ” ဟု သူက ဆိုသည်။

၂ဝ၁၁ မေလအတွင်း ထိုင်းအနေဖြင့် သြစတြေးလျနှင့် မလေးရှား၏ ဒုက္ခသည် ဖလှယ်ရေး အဆိုပြုချက်ကဲ့သို့သော အစီအစဉ်မျိုးကို စိတ်ဝင်စားကြောင်း ပြသခဲ့သည်။ သြစတြေးလျ အစိုးရက မလေးရှားသို့ အဆိုပြုထားသည့် အစီအစဉ်မှာ သြစတြေးလျတွင် ရှိနေသည့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ ၈ဝဝ ကို မလေးရှားပို့ကာ မလေးရှိ ဒုက္ခသည် ၄ ထောင်အား သြစတြေးလျက ပြန်လက်ခံရန် ဖြစ်သည်။

မလေးရှားသည် ထိုင်းကဲ့သို့ ဒုက္ခသည်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ကုလသမဂ္ဂ သဘောတူညီချက်ကို လက်မှတ်ထိုးမထားသဖြင့် ၎င်းအဆိုပြုချက်သည် သြစတြေးလျတွင် အငြင်းပွားစရာကိစ္စ ဖြစ်နေခဲ့သည်။ UNHCR ကလည်း ၎င်းအဆိုကို မထောက်ခံပေ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Tiromya သည် ကနဦးတွင် အဆိုပါ ဒုက္ခသည်ဖလှယ်ရေး အစီအစဉ်ကိုထောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် လေ့လာစောင့်ကြည့်သူအဖြစ် သဘောထားပြောင်းကာ မူရင်းဒေသအား တွန်းအားပေးခြင်းသည် အခြား နိုင်ငံ ၂ နိုင်ငံ ညှိနှိုင်းဆောင်ရွက်ခြင်းထက် ပိုမိုကောင်းမွန်သည်ဟု ဆိုခဲ့သည်။

Pheu Thai ပါတီတွင် ဒုက္ခသည်များအရေးဆိုင်ရာ မူဝါဒ သတ်သတ်မှတ်မှတ် မရှိပေ။ အကယ်၍ ထိုပါတီအပေါ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သြဇာမှာ ကျယ်ပြန့်စွာ လွှမ်းမိုးခဲ့လျှင် Pheu Thai အနေဖြင့် ထိုင်းနိုင်ငံထဲ နေသည့် မြန်မာဒုက္ခသည်များကို ဝေဖန်သည့် မစ္စတာသက်ဆင်၏ အလေ့အထကို ဆက်ထိန်းကာ မြန်မာအစိုးရနှင့် စီးပွားရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖွယ်ရှိသည်။

TCR မှ ဒါရိုက်တာ Tianchainan က နောက်တက်မည့် ထိုင်းအစိုးရအား “လူ့အခွင့်အရေးရှုထောင့်ပေါ် အခြေခံ၍ ထိုင်းအစိုးရ မူဝါဒများကို ပြုပြင် ပြောင်းလဲပေးစေလိုပြီး၊ အရှေ့တောင် အာရှအသင်းဝင် အိမ်နီးချင်းနိုင်ငံမှ ဒုက္ခသည်များကို လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံသည့် အစိုးရ ဖြစ်စေလိုသည်” ဟု ဆိုသည်။

“ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာ့စင်မြင့်ပေါ်ကို တက်ရောက်ဖို့အတွက် ထိုင်းနိုင်ငံရဲ့ မူဝါဒ ချမှတ်သူတွေဟာ ထိုင်းနိုင်ငံရဲ့ပြည်တွင်းနဲ့ နိုင်ငံတကာ မူဝါဒတွေကို လူ့အခွင့်အရေး ရှုထောင့်က ပြန်သုံးသပ်ပြီး နိုင်ငံတကာ စံနှုန်းနဲ့ ကွဲလွဲတာတွေပြန်ပြီး ပြုပြင်ဖို့ လိုပါတယ်” ဟု သူက ပြောဆိုလိုက်သည်။

Ref: Mizzima

0 comments:

အပေါ်သို့